U YE HTUT:ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယနေ့ည ၈ နာရီ ၁၅ မိနစ်အချိန်ထိနောက်ဆုံးရရှိတဲ့သတင်းများကို ပြန်လည်စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။

MOI.GOV.MM

1240099_441187185994889_851045836_n1234549_441187119328229_584681636_n1170890_441186899328251_909695968_n

( ဩဂုတ်လ၊၂၅ ရက်နေ့၊ ည ၈နာရီ၊ ၁၅ မိနစ်တွင် ရရှိသော သတင်းများကို ဆက်လက်ဖော်ပြအပ်ပါသည်)

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီးတစ်ဦးအား အမျိုးသား တစ်ဦးက ကာအိန္ဒြေ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျေနပ်သူ လူအုပ်စုက စျေးဆိုင်နှင့် နေအိမ်အချို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိ သူများက မီးရှို့ဖျက်ဆီးမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျက် ရှိပြီး မီးရှို့ဖျက်ဆီးသူဟု ယူဆရသူများအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိ ရသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင် မှ ပြန်လာစဉ် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြား အရောက် ထန်းတော ကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့် စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာ ကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိလာ သဖြင့် ဆန်းမင်းဦးသည် ထန်းကုန်းကျေးရွာဘက်သို့ ထွက်ပြေးခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီး သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် ညပိုင်းတွင် ရွှေဘိုထောင်သို့ ပို့ဆောင်ခဲ့ကြောင်း။

ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ စျေးဆိုင်နှင့် နေအိမ်အချို့အား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ် စီမခံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများသည် ည ၈ နာရီခန့်တွင် ရောက်ရှိပြီး ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွား စေရန် ထိန်းသိမ်းဆောင်ရွက်နေသည့်ကြားမှ အဆိုပါ လူအုပ်စုသည် ည ၉ နာရီခန့်တွင် ကြက်ခြံတစ်ခြံ၊ စျေးဆိုင် နှစ်ဆိုင်နှင့် ဆန်ပွဲရုံ တစ်ခု၊ လူနေအိမ်တစ်လုံးတို့အား ဆက်လက် ဖျက်ဆီးမီးရှို့ခဲ့ကြသည်။

ထို့နောက် ည ၁၀ နာရီခွဲခန့်တွင် ရပ်ကွက် ၁ မှ လက်ဖက်ရည်ဆိုင်နှင့် ဆန်ပွဲရုံ၊ ကွမ်းယာဆိုင် တို့အား မီးရှို့ခဲ့ရာ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး ဆူပူမှုအား ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။

ယင်းလူစုသည် ယနေ့နံနက် ၁ နာရီခန့်တွင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရောက်ရှိလာ သော လူအင်အား ၁၀၀၀ ခန့်နှင့် ရပ်ကွက်(၃)ရှိ နေအိမ်များအား ဆက်လက်မီးရှို့ရန် ရောက်ရှိ လာစဉ် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် လုံခြုံရေးအဖွဲ့များရောက်ရှိပြီး ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးက လူအုပ်စုအား မီးမရှို့ရန်နှင့် ရှေ့ဆက်မတက်ရန် တားမြစ်ရာ လူအုပ်စုက လေးခွများဖြင့် ပစ်ခတ်သဖြင့် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်။

ထိုသို့ တားမြစ်စဉ်အတွင်း မီးငြိမ်းသတ်နေသည့် မီးသတ်ကားများအား ဆည်ရေသွယ်မြောင်းမှ ရေဖြည့်၍ မရအောင် တားမြစ်ခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား အန္တရာယ်ပြုခြင်းတို့ကြောင့် ဒုတိယအကြိမ် သေနတ်ပစ်ဖောက် အသိပေးပစ်ခတ်ခဲ့ရာ လူအုပ်စုများ လူစုကွဲသွားပြီး မီးသတ်ကားများ ရေဖြည့်နိုင်ကာ မီးငြိမ်းသတ်ခြင်းကို ဆက်လက် ဆောင်ရွက် နိုင်ခဲ့သည်။

ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များသည်လည်း ထန်းကုန်း​ကျေးရွာသို့ နံနက် ၃ နာရီ ကျော်ခန့်တွင် ရောက်ရှိပြီး လုံခြုံရေးကိစ္စရပ်များနှင့် မီးငြိမ်းသတ်ခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ကြသဖြင့် လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀ ခန့်က မီးသတ်ကား ၁၀ စီးဖြင့် မီးငြိမ်းသတ်ခဲ့မှုကြောင့် လည်းကောင်း နံနက် ၃ နာရီခွဲခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး နေအိမ် ၄၄ လုံး မီးလောင်ပျက်စီးခဲ့ကာ ရွာအတွင်းရှိ စျေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် ဖျက်ဆီးခြင်း ခံခဲရကြောင်း၊ မီးသတ် တပ်ဖွဲ့၀င်တစ်ဦးနှင့် အခြားတစ်ဦးတို့ ဒဏ်ရာရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန့်ဘလူမြို့သို့ တိုင်းဒေ သကြီး စည်ပင်သာယာရေး ဝန်ကြီးအား လည်းကောင်း၊ ရေဦးမြို့သို့ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးအားလည်းကောင်း စေလွှတ်၍ ကွပ်ကဲဆောင်ရွက်စေ ခဲ့ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး၊  တိုင်းဒေသကြီး တရားသူကြီး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးနှင့် အဖွဲ့သည် ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ရွှေဘိုမြို့သို့ ရောက်ရှိပြီး မြို့လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ကာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့မှ တစ်ဆင့် ထန်းကုန်း ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် တိုင်း ဒေသကြီး လုံခြုံရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်၊ တိုင်း/ခရိုင် ရဲတပ်ဖွဲ့မှူး၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားစေရန် အဖွဲ့ငယ်များ ဖွဲ့၍ ပတ်ဝန်းကျင်ကျေးရွာများသို့ ကွင်းဆင်း စည်းရုံးဆောင်ရွက်စေခြင်း၊ ရွာသူရွာသားများနှင့် ဘာသာရေး အဖွဲ့များအား တွေ့ဆုံအားပေးခြင်း၊ မီးရှို့ဖျက်ဆီးခံရသည့် ရွာသူရွာသားများအား ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ဆောင်ရွက်ရန် စီမံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းမှစ၍ နယ်မြေအ​ခြေအနေ ပြန်လည် တည်ငြိမ် အေးချမ်းသွားပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က အိမ်ထောင်စု ၅၀ စာ ကယ်ဆယ်ရေးပစ္စည်း ၈ မျိုးအား ထန်းကုန်းကျေးရွာသို့ ပေးပို့ ထောက်ပံ့ရန် စီးစဉ် ဆောင်ရွက်ပေးခဲ့​ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ည ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ တစ်ဦးနှင့် မီးရှို့ဖျက်ဆီးသူဟု ယူဆရသူ ၁၁ ဦး တို့အား ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးလျက်ရှိပြီး ဥပဒေချိုးဖောက်သူများအား တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

Leave a comment