ကရင်ပြည်နယ်မြ၀တီတွင် ဇတ်တူသားစားမှုဖြစ်ပွား
စက်တင်ဘာ – ၂၂ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား (မီဒီယာ)
မြ၀တီမြို့ တွင် ဇတ်တူသားစားခြင်းခံရသူ၏ ရုတ်အလောင်းကို ယနေ့နံနက်ပိုင်းက နယ်ခြားသောင်ရင်းမြစ်အတွင်း ပြန်လည်တွေ့ရှိခဲ့သည်။
သေဆုံးသူမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အထူးစစ်ကြောင်းမှ ဗိုလ်ကြီးလမင်း၏ စစ်သည်စောတာနိုဖြစ်ပြီး ရုပ်အလောင်းတွေ့ရှိချိန်တွင် လက်ထပ်ခတ်လျက်သား လည်ပင်းအလှီးခံထားရကာ ဦးခေါင်းတွင်လည်း သေနတ်ဖြင့်ပစ်ခတ်ခံထားရသည်ဟုသိရသည်။
ဗိုလ်ကြီးလမင်းက လွန်ခဲ့သည့် ၁၆ ရက်နေ့က တပ်သားစောတာနိုကို (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်ရင်း အမှတ်(၁၀၂၂)က ဖမ်းဆီးပြီးနောက် ပျောက်ဆုံးနေပြီး ယနေ့တွင်အလောင်းပြန်လည်တွေ့ရှိရခြင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုကာ ယခုကိစ္စကိုတရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟုပြောသည်။
စောတာနိုပျောက်ဆုံးမှုနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် အမှတ် (၁၀၂၂)သို့မေးမြန်းရာ စတင်ဖမ်းဆီးသည့်နေ့မှာပင် ပြန်လွတ်ပေးလိုက်သည်ဟု ပြောဆိုကြောင်း ဗိုလ်လမင်းကဆိုသည်။
ဖြစ်စဉ်နဲ့ပတ်သက်ြ၍ နယ်ခြားစောင့်တပ် အမှတ် (၁၀၂၂)က တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုံးများပိတ်ထားကြသည်။
အဆိုပါတပ်သား သတ်ဖြတ်ခံခဲ့ရခြင်းကို ကရင်အမျိုးသားအစည်းအရုံး KNU မြ၀တီဆက်ဆံရေးရုံးကလည်း မှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့သည်။
ကရင်လက်နက်ကိုင်အဖွဲ့များအတွင်း ယခုကဲ့သို့ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကြောင့် ဒေသတွင်းရှိကရင်အမျိုးသားများက ကရင်လက်နက်ကိုင်အဖွဲ့များအရေး ရင်လေးမိသည်ဟု မြ၀တီမှကရင်ဘုန်းတော်ကြီးတပါးကမိန့်ကြားသည်။
၎င်းက”ဘုန်းကြီးတို့က ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြည်လည်ရင်ကြားစေ့ရေးအတွက် ကြိုးစားနေတဲ့ကာလမှာ ဒီလိုမျိုးဇတ်တူးသားစားတဲ့အလုပ်မျိုးက လုံးဝမဖြစ်သင့်ဘူး အခြေအနေတွေဒီထက်ထပ်ပြီး မဆိုးရလေအောင် ချက်ခြင်းဖြေရှင်းကြဘို့ တိုက်တွန်းပါတယ်”ဟု မိန့်ဆိုသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ စွပ်စွဲခံနေရသူများဘက်က တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရသည်။
ဘားအံမြို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတဦးက “ဒီလိုဘဲဆက်ပြီးဖြစ်နေကြမယ်ဆိုရင်တော့ ဟင်္သာကိုးသောင်းပျက်တဲ့ကိန်းဘဲဆိုက်ဘို့ရှိတယ် အားလုံးကိုတောင်းဆိုချင်ပါတယ် ကိုယ့်ကိုကိုယ်ဘာလဲဆိုတာ သိကြပါလို့ဘဲပြောချင်တယ်”ဟု ဆိုသည်။
KNLA က ကရင်တပ်မှူးဟောင်းတဦးက” ကရင်အချင်းချင်းတွေဘဲ သဘောထားကြီးရမယ်လေ အရင်ကအတူတူနေလာခဲ့ကြတာဘဲ ကျောင်းတော်ကရန်စတွေကို ဒီလိုကာလမှာ မေ့ထားသင့်ပါပြီး”ဟု သဘောထားပေး ပြောဆိုသည်။
ပုံစာ – ယနေ့နံနက်က ပြန်တွေ့ရှိသည့် တပ်သားစောတာနို ။ CR. ကရင်အမျိုးသား- မီဒီယာ

တရားခံငါးယောက် က အဲ့မှာ ကရင်တွေမဟုတ်ဘူး BGF ထဲကဗမာတွေ တစ်ယောက်က အရက်မသောက်ရလို့ သေသွားပြီး CR.Saw Htut Htut

You must be logged in to post a comment.