SSPP/SSA ဌာနချုပ်မြောက်ဖက်ဂွင်သို့ အစိုးရစစ်တပ် အင်အားအလုံးအရင်းဖြင့်ချဉ်းကပ်

THURSDAY, 14 JULY 2011 16:10 သျှမ်းသံတော်ဆင့်

မိုင်းရယ်မှ ကျေးသီး-မိုင်းရှူးလမ်းခွဲ မြန်မာစစ်တပ်၏ နမ့်ပုတ်ဂိတ်စခန်း ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွါးပြီးနောက် ယနေ့တွင် လည်း အင်အားအလုံးအရင်းဖြင့် ဝမ့်ဟိုင်း ဌာနချုပ်မြောက်ဖက်ဂွင်သို့ ချဉ်းကပ်လာနေကြောင်း SSPP/SSA  ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဌာန ထံမှ သိရသည်။
“ဒီနေ့  မိုင်းရယ်က ခလရ ၆၇၊ ခလရ ၂၂ အင်အား ၁၀၀ ကျော်၊ စကခ ၂ လက်အောက်ခံ လဲချားအခြေစိုက် ခလရ ၆၄  အင်အား ၅၃ ယောက် ကျနော်တို့ ဌာနချုပ်ဂွင်ထဲ ချဉ်းကပ်လာနေတယ်။ မိုင်းရှူး မိုင်းနောင်ကားလမ်းပေါ်မှာ ရှိတဲ့ အင်အား ၁၅၀ ကျော်ကလဲ အသင့်အနေအထားမှာရှိနေတာတွေ့ရတယ်”ဟုပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဌာနက သျှမ်းသံ  တော်ဆင့်သို့ ပြောသည်။

 

SSA_at_front_lineခံတုတ်ကျင်းမှ ခုခံပစ်ခတ် နေသော SSPP/SSA ( ဓါတ်ပုံ- SSPP/SSA )

ယနေ့အထိ တိုက်ပွဲ  ပြင်းထန်နေလျက်ရှိရာကျေးသီးမြို့ ဝမ့်ဟိုင်းအုပ်စု အနောက်မြောက်ဖက် ၁၅ မိုင်အကွာရှိ  နမ့်ပုတ် ရွာအနီး  စကခ ၂ လက်အောက်ခံ ခလရ ၁၃၁ ကျေးသီး၊ ခလရ ၂၈၆ ဝိန်းကောင်- မိုင်းနောင်၊ ခလရ ၂၈၇ ဝမ့်စင်းတို့ပူး ပေါင်းအင်အား ၂၀၀ ကျော်အား သျှမ်းပြည်တပ်မတော် တပ်မဟာ ၂၇ ဗဟို အထူးလုံခြုံရေးတပ်က အင်အား ၅ ရင်းဖြင့်   ဝိုင်းထားရာမှတိုက်ပွဲ ဆက်လက်ဖြစ်ပွါးခြင်း ဖြစ်ကြောင်းလည်း ပြောသည်။ 
“ ၁၃ ရက် မနေ့က မွန်းလွဲပိုင်းလောက်မှာ နမ့်ဇန်ဖက်ကတက်လာပုံရတယ်။ ရုရှားလုပ် MiG – 29 ဂျက်လို့ ခန့်မှန်းလို့ ရတဲ့ လေယာဉ် ၂ စီး တိုက် ပွဲဖြစ်တဲ့နေရာပေါ် နာရီဝက်လောက် ဝဲပျံခြိမ်းခြောက်တယ်။ သူတို့တပ်တွေ တစုတစည်းထဲဖြစ် မနေတဲ့အချိန် ကျနော်တို့ကို အာရုံပြောင်းတဲ့သဘောမျိုးပေါ့။ ညနေ ၆ နာရီလဲရောက်ရော  တိုက်ပွဲဖြစ်တဲ့နေရာ နမ့်ပုတ် စခန်း နားတဝိုက် မီးခိုးလုံး မဲဗုံးသီးတွေ ပစ်ခွဲတာ။ မှောင်မဲကုန်တာ။ ဘာဆိုဘာမှ မမြင်ရဘူး” ဟု ဝမ့်ဟိုင်းမှ အရာရှိတဦး ကပြောသည်။

 

coporal_nanlin_tunနမ့်ပုတ်တိုက်ပွဲတွင်သေဆုံးသည့် ဗမာစစ်သား ဒုတပ်ကြပ် ဉာဏ်လင်းထွန်း( ဓါတ်ပုံ- SSPP/SSA )

အဆိုပါ တိုက်လေယာဉ်မှာ မိမိတို့တပ်စခန်းပေါ်တို့ ဗုံးကျဲချခြင်းမရှိဟုလည်း မိုင်းရယ်ရှိ သျှမ်းပြည်တပ်မတော် အရာ ရှိ တဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။ 
ညနေ ၆ နာရီ ခန့်က ဖောက်ခွဲသော အဆိုပါ ဗုံးမှာလည်း မိနစ် ၃၀ ခန့် အကြာ မီးခိုးအူနေပြီး သေကြေဒဏ်ရာရ စစ်သား များ  ပြန်ကောက်ရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း အဆိုပါ အရာရှိကပြောသည်။
“တိုက်ပွဲဖြစ်တဲ့ နမ့်ပုတ်စခန်းရဲ့ မြောက်၊ အနောက်၊ တောင် ၃ ဖက်စလုံးက မြက်တောကွင်းပြင်တွေ။ အရှေ့ ဖက်ခြမ်းမှာ ဘဲတောင်ကုန်း လေး အနဲအကျဉ်းရှိတာ။ တိုက်ပွဲတုန်းက သူတို့ လူစုကွဲထွက်ပြေးကြပြီးအဲ့တောင် ကုန်းလေးတွေမှာ ပြန်သွားစုကြတာ။ အဲ့ကြောင့် တိုက်ပွဲပြီးတော့လဲ အသေ အပျောက်တွေသူတို့လာမကောက် ရဲ ကြတာ။ မီးခိုးလုံးမည်း ဗုံးခွဲတာ သူတို့ လူတွေ ပြန်လာကောက်ဖို့ဘဲနေမှာ”- ဟုလည်း တိုက်ပွဲဝင်တပ်မှူး တဦးကပြောသည်။
တိုက်ပွဲဖြစ်ပွါးသည့်နေရာသို့  ထပ်မံအားဖြည့်ရန်တက်လာသည့်   တပ်များမှာ  တုံလော  ခမရ ၅၁၀၊ မိုင်းနောင်မှ  ခမရ ၅၁၈၊ ခလရ ၉ တို့အပြင် ဆိုင်းခေါင်-တန့်ယန်းဖက်မှ ခလရ ၂၂၊ ဟိုယ-မိုင်းရယ်မှ ခလရ ၆၇ တို့ဖြစ် ကြောင်း သိရသည်။
အဆိုပါတပ်များကလည်း ကျေးသီး ရောက်စဉ် ဒေသခံ ရွာသားများ၏ထော်လာဂျီနှင့် ကားများကိုချောဆွဲလာကြ ခြင်းဖြစ် ကြောင်း ကျေးသီးမှ ရပ်ကွက်အကြီးအကဲတဦးကလည်းပြောသည်။
“ သူတို့က ချောဆွဲတယ်ဆိုတော့လဲ ပေးရတာပေါ့။ ဒါပေမယ့် ပိုင်ရှင်တွေ သူတို့ကိုယ်တိုင် ဘယ်မောင်းရဲပါ့မလဲ။ ဗမာ စစ်သားတွေက သူတို့ကိုယ်တိုင်မောင်းမယ်ဆိုပြီး တက်မောင်းသွားတော့တာ” ဟု ၎င်းက ဆက်ပြောသည်။

၂ ရက် ၃ ရက် ဝိုင်းထားခြင်းခံရသော နမ့်ပုတ်ဂိတ်အခြေချ တိုက်ပွဲဝင်မြန်မာစစ်တပ် ၃ ရင်းမှာလည်း တပ်ဆုတ် ရန် အထက်သို့ တင်ပြပြီးနောက်ပိုင်း ၎င်းတို့ ရေဒီယို ဆက်သွယ်ရေးလိုင်းလည်းပြတ်တောက် ဖွယ်ရှိကြောင်း  SSPP/SSA ၏ ဆက်သွယ်ရေးပိုင်းက ပြောသည်။
“ သူတို့ကိုကြည့်ရတာ စိတ်ဓါတ်ကျနေကြတယ်။ အခုလဲ သူတို့ရေဒီယိုဆက်သွယ်တဲ့ လိုင်းမကြားရတော့ဘူး။ ဘက်ထရီ ကုန်သွား တာလဲဖြစ်နိုင်တယ်။ အဲဒါကြောင့် သူတို့လူ စိတ်ဓါတ်အားပေးတဲ့အနေနဲ့လေယာဉ်လာဝဲ တာလဲဖြစ်နိုင်တယ်” ဟု လည်း ပြောသည်။
နမ့်ပုတ်တိုက်ပွဲဖြစ်ပွါးနေစဉ် ယမန်နေ့ ၁၃ ရက် ညပိုင်း ၈ နာရီခွဲမှ ၉ နာရီခွဲအချိန်အထိ ကျေးသီးမြို့သတ္တု တူးဖော်ရေး လုံခြုံရေးမြန်မာတပ်စခန်းအား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ကဝင်ရောက်ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်ဟု လည်း  ဒေသတွင်း သတင်းရပ်ကွက်ထံမှ သိရသည်။
ကျေးသီးမြို့အရှေ့တောင်ဖက် ၆ မိုင်အကွာ ကျေးသီးနှင့် မိုင်းကောင်ကြား မိုင်းနန်းအသွားလမ်းရှိ ဝမ့်ဆွန်မွမ်း ရွာနှင့် မိုက် ဟုန်းချိုရွာအနီးစခန်း ချထားသော ခလရ ၁၃၁ နှင့် ခလရ ၉ တို့ကိုဝင်ရောက်တိုက်ခိုက်ခြင်းဖြစ် ကြောင်း သိရသည်။ စခန်းထိုင်သည့် အဆိုပါ တပ်ရင်း ၂ ရင်းပေါင်း အင်အားမှာ  ၃၀ နှင့် ၄၀ ကြားတွင်ရှိကြောင်း ဒေသခံများပြောကြားချက် အရသိရသည်။

Leave a comment