Myanmar Red Cross Society ကြက်ခြေနီစေတနာလုပ်အားရှင် ဦးမိုးကျော်သန်းအား ဂူသွင်းသဂြိုလ်ပြီးစီး
ကွမ်းလုံမြို့၊ မတ်လ ၂၉ ရက်
ကိုးကန့်ဒေသ ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ပြည်သူများကို ကူညီရင်း ဒဏ်ရာရရှိခဲ့သူ ကြက်ခြေနီစေတနာလုပ်အားရှင် ဦးမိုးကျော်သန်း သည် ၂၀၁၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ နံနက် (၁၁း၄၅)နာရီတွင် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။
ဦးမိုးကျော်သန်းရုပ်အလောင်းအား (၂၉.၀၃.၁၅) ရက်နေ့၊ နေ့လည် (၀၁း၀၀) နာရီအချိန်တွင် ၎င်းနေထိုင်ခဲ့ရာ ကွမ်းလုံမြို့နယ်၊ အောင်မင်္ဂလာကျေးရွာအနီး တွင် အခမ်းအနားဖြင့် ဂူသွင်းသဂြိုလ်ခဲ့သည်။
၎င်း၏ ဈာပနအခမ်းအနားသို့ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်း၊ ကွမ်းလုံ မြို့နယ်စစ်မှုထမ်းဟောင်းအသင်းနှင့် ရပ်ရွာမှ လူပေါင်း (၂၅၀) ကျော် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသည်။ ကွမ်းလုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ရင်းမှူး ရဲမှူး ဦးစောမျိုးသန့်က အမိန့်ပြန်တမ်းဖတ်ကြားပေးခဲ့သည်။
“ကိုမိုးကျော်သန်းက ကွမ်းလုံမြို့မှာရှိတဲ့ တခြားလူမှုရေးအသင်းအဖွဲ့တွေမှာလဲ တက်တက်ကြွကြွပါဝင် လှုပ်ရှားခဲ့တဲ့သူတစ်ယောက်ပါ။ ဒီလိုလူမှုရေး စိတ်ဓါတ်အပြည့်ရှိတဲ့သူတစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့ အတွက် ဖော်မပြနိုင်အောင် ဝမ်းနည်းမိပါတယ်” လို့ ကြက်ခြေနီစေတနာ လုပ်အားရှင်တစ်ဦးက ပြောကြားခဲ့သည်။
Photo Credit>>> မူရင်းဓါတ်ပုံရှင် (facebook)