photocr.maesai news online
ပျောက်ဆုံးပြီး အသတ်ခံလိုက်ရသည့် ကလေးငယ်၏ ရုပ်အလောင်းအား ထိုင်းဘက်မှ တဆင့် တာချီလိတ်သို့ ပြန်လည်သယ်ဆောင်
***************************************************************
တာချီလိတ်မြို့တွင် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက်(၆)နှစ်အရွယ် မိန်းကလေး တစ်ဦးအား (၄)ရက်မြောက်ဖြစ်သည့် ယနေ့ မတ်လ(၃၀)ရက် ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့ပြီး အလောင်းအား ထိုင်းနိုင်ငံဘက်တွင် စစ်ဆေးရာမှ ယနေ့ မတ်လ(၃၁)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့သို့ ပြန်လည်၍ သယ်ဆောင်လာပြီး တာချီလိတ်၌ လူပျောက်မှုမှ တဆင့် လူသတ်မှုအဖြစ် အမှုဖွင့်လှစ်နိုင်ရန် အတွက် ဆေးစစ်ချက်ရယူရန် တာချီလိတ် ဆေးရုံတွင် ဆက်လက် စစ်ဆေးနေလျက်ရှိသည်။
သေဆုံးသွားသည့် ကလေး၏ အလောင်းအား ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမှာတဆင့် ချင်းရိုင်းမြို့တွင် စစ်ဆေးခြင်းနှင့် ပတ်သက်၍ သေဆုံးသူ၏ အလောင်းအား ထိုင်းပိုင်နက်ဖြစ်သည့် ထိုင်းဘက်ကမ်းစပ်တွင် တွေ့ရှိရတာဖြစ်သည့်အတွက် ထိုင်းဘက်မှ စစ်ဆေးလိုကြောင်း ပြောကြားပြီးနောက် ယနေ့ မတ်လ (၃၁)ရက် ညနေ(၅း၃၀)နာရီ အချိန်တွင် ရုပ်လောင်းအား ထိုင်းဘက်မှ တဆင့် တာချီလိတ်သို့ သယ်ဆောင်လာခြင်းဖြစ်သည်။
သေဆုံးသွားသည့် အလောင်းအား တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ၀ါးဆိပ်မှ တဆင့် သယ်ဆောင်ရာတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့်အတူ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ သွားရောက် သယ်ဆောင်လာပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်အတွက် တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံ၌ ထားရှိသည်။
ယခုလို ကလေးပျောက်ဆုံးမှုမှ သေဆုံးမှု ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ တာချီလိတ်ဒေသခံများမှ သေဆုံးသူ ကလေးငယ်သည် အသဲထုတ်ခံရခြင်း၊ မျက်ကြည်လွှာထုတ်ခံရခြင်း၊ ကျောက်ကပ်ထုတ်ခံရခြင်း နှင့် အတွင်း ကလီစာများ ထုတ်ခံရခြင်း စသည်ဖြင့် ကောလဟလများ ထွက်ပေါ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဧပြီလ(၁)ရက်နေ့တွင် ထပ်မံဆေးစစ်ပြီးမှသာ အဖြေမှန်ကို သိရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။
TachileikNewsAgency
တာချီလိတ်မြို့တွင် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက်(၆)နှစ်အရွယ် မိန်းကလေး တစ်ဦးအား (၄)ရက်မြောက်ဖြစ်သည့် ယနေ့ မတ်လ(၃၀)ရက် ညနေပိုင်းက ပြန်လည်တွေ့ရှိရသော်လည်း သေဆုံးနေကြောင်း သိရသည်။ အသက်(၆)နှစ်ရှိ မနန်းဖွေးဟွမ်သည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အိမ်အမှတ် (၂/၁၇၈)နေတွင် မတ်လ(၂၇)ရက် ည(၇း၃၀)နာရီ အချိန်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ၎င်းပျောက်နေမှုနှင့် ပတ်သက်၍ မိသားစုဝင်များမှ ကလေးအား အပူတပြင်းရှာဖွေခဲ့ကြပေမဲ့လည်း (၄)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ မတ်လ(၃၀)ရက်နေ့ ညနေပိုင်းမှာ ထိုင်း – မြန်မာ နှစ်နိုင်ငံ နယ်စပ်အကြားရှိ မယ်ဆိုင်ချောင်း ထိုင်းဘက်ကမ်းတွင် သေဆုံးနေလျက်ဖြင့် တွေ့ရှိရသည်။ “ကလေးရဲ့ လည်ပင်းမှာ ကြိုးချည်ထားတာကို တွေ့ရတယ်၊ သူ့ရဲ့အလောင်းကို အိတ်နဲ့ထည့်ပြီး ချောင်းမှာလာပစ်ထားတဲ့ သဘောပဲ၊ ကလေးအလောင်းထည့်ထားတဲ့ အထုပ်ကို ချောင်းမှာ ရေကစားနေတဲ့ ကလေးတွေက တွေ့တာ..”ဟု အလောင်းအား မယ်ဆိုင်ဆေးရုံသို့ သယ်ဆောင်ပေးသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။ “ကလေးရဲ့အလောင်းကို မြန်မာဘက် ကမ်းမှာ တွေ့တာမဟုတ်ဘဲ ထိုင်းဖက်ကမ်းမှာ တွေ့တာဖြစ်တဲ့ အတွက်ကြောင့် မယ်ဆိုင်ရဲကလည်း စစ်ဆေးမှုတွေ လုပ်မယ်ဆိုတာနဲ့ ကျွန်တော်တို့လည်း မယ်ဆိုင်ချောင်းကနေ မယ်ဆိုင်ဆေးရုံမှာ ပို့ပေးထားခဲ့ပါတယ်..”ဟု အဆိုပါအဖွဲ့မှ ပြောပြသည်။ ကလေးအလောင်းအား စတင်တွေ့ရှိရာတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရဲတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ ရဲတပ်ဖွဲ့ အပါအ၀င် ထိုင်း-မြန်မာ နယ်ခြားကော်မတီမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီးနောက် မယ်ဆိုင်ဆေးရုံသို့ သေဆုံးသူ၏ မိသားစုဝင်များနှင့်အတူ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)၀င်များ မှလည်း သွားရောက်ခဲ့ကြသည်။
You must be logged in to post a comment.