
ကြိုတင်ပြင်ဆင်မှုနှင့် သဘာဝဘေး အန္တရာယ်များ
ယခုရက်ပိုင်းများအတွင်း ဆက်တိုက် ဖြစ်ပေါ်နေသော မိုးရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် မြစ်ရေကြီးမှုများ၊ ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး လူပေါင်းများစွာ ရေဘေးဒုက္ခဒဏ်ကို ခံစားနေကြရသည်။ ယခုနှစ် အတွင်းမှာပင် သြဂုတ်လ၌ တစ်ကြိမ်မိုးရွာသွန်း မှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်အပြီး ယခုစက်တင်ဘာလတွင် နောက်တစ်ကြိမ်၊ နှစ်လဆက် ရေလွှမ်းမိုးခံရခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ယခုကဲ့သို့ မိုးနှောင်းပိုင်း စပါးစိုက်ပျိုးပြီးချိန်တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်သည့်အခါ စပါးစိုက်ခင်းများ ရေမြုပ်ကုန်သည့် အတွက် ဒုက္ခနှစ်ဆ တိုးကြရသည်။ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ထိ နှစ်ပေါင်း ၃၀ အတွင်းတွင် မြန်မာနိုင်ငံ၌ သဘာဝဘေး အန္တရာယ် အကြိမ်ပေါင်း ၂၇ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃၈,၀၀၀ ကျော် သေကျေပျက်စီးခဲ့ရကာ စီးပွားရေး အရလည်း ပျက် စီးဆုံးရှုံးမှု အလွန်များခဲ့သည်။ အဆိုပါ သဘာဝဘေး အန္တရာယ်များတွင် ရေကြီးမှုသည် အကြိမ်အများဆုံးဖြစ်ပြီး မုန်တိုင်းကြောင့် လူသေဆုံးမှုသည် အများဆုံး ဖြစ်ခဲ့သည်။ အနီးစပ်ဆုံး အနေဖြင့်၂၀၀၈ ခုနှစ်တွင် ဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ရသည့်အပြင် ယနေ့တွင် ငါးနှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများမှာ ယခုအချိန်အထိ အဆုံးမသတ် နိုင်သေးပါ။
လက်ရှိဖြစ်ပေါ်နေသော ရေလွှမ်းမိုးမှု အခြေအနေများအရ မြန်မာနိုင်ငံသည် သဘာဝဘေး အန္တရာယ် ကာကွယ်ရေးများနှင့် ပတ်သက်၍ ပေါ့ဆနေ၍ မဖြစ်နိုင်တော့ပါ။ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ ပေါ့ဆမိသောကြောင့် လူသိန်းနှင့်ချီ၍ သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်းသည် သာဓက တစ်ခုပင်ဖြစ်သည်။ ယခုအခါ ကုလသမဂ္ဂ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အဖွဲ့ကလည်း မြန်မာနိုင်ငံအား အာရှပစိဖိတ် ဒေသတွင် သဘာဝ ဘေးအန္တရာယ် ခံစားရနိုင်မှု အခြေအနေတွင် အမြင့်ဆုံးအဖြစ် သတ်မှတ်ထားပါသည်။ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးမှာ စနစ်တကျနှင့် အားရကျေနပ်ဖွယ် ကောင်းလောက်အောင် မြန်ဆန်အကျိုးရှိသော စီမံခန့်ခွဲမှုများ ဖြစ်မလာ နိုင်သေးဘဲ ဖြစ်မှထလုပ်သော အခြေအနေမျိုးသာ ရှိနေပါသေးသည်။
သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရာတွင် ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ် လျော့ပါးအောင် ဆောင်ရွက်ခြင်း၊ ကြိုတင်ပြင်ဆင်ထားခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အပိုင်းများခွဲ၍ ဆောင်ရွက်ကြရသည်။ သို့သော်လည်း မြန်မာနိုင်ငံ၌ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရာတွင် ကယ်ဆယ်ရေး အပိုင်းလောက်သာ ပြုလုပ်လေ့ရှိကြပြီး ဘေးအန္တရာယ်များ အတွက် ကြိုတင်ကာကွယ် ပြင်ဆင်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် များစွာအားနည်းချက်များ ရှိနေသည်။ ထို့ကြောင့်လည်း သဘာဝ ဘေးအန္တရာယ် အစီရင်ခံစာ၏ သဘာဝ ဘေးအန္တရာယ်ကို ထိရောက်လျင်မြန်စွာ တုံ့ပြန်နိုင်မှု အဆင့်တွင် မြန်မာနိုင်ငံသည် ဆဋ္ဌမမြောက် အဆိုးဆုံးနိုင်ငံ ဖြစ်နေပါသည်။ မကြာခဏ မြစ်ရေကြီးမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်လေ့ရှိသော်လည်း ယခုအချိန်အထိ ရေကြီးရေလျှံမှသာ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခြင်း၊ ဆန်အိတ်များ လိုက်လံလှူဒါန်းခြင်း တို့ကိုသာ ပြုလုပ်လျက်ရှိပြီး ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုမူ ထိရောက်စွာ လုပ်ဆောင်ခြင်း မရှိပေ။
ကမ္ဘာနှင့်အ၀ှမ်း ကြုံတွေ့နေရသည့် သဘာဝ ဘေးအန္တရာယ်များ၏ ဒဏ်ကို မြန်မာနိုင်ငံ အနေဖြင့်လည်း မလွဲမသွေ တွေ့ကြုံခံစားရနေဦးမည် ဖြစ်သည်။ ထို့ကြောင့် တားဆီး၍ မရနိုင်သည့် သဘာဝ ဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင် ထားမှုများနှင့်သာ အကောင်းဆုံး တုံ့ပြန်နိုင်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် အတွက် ကြိုတင်ပြင်ဆင် မှုများကို နိုင်ငံတော်အဆင့် ရေရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။
You must be logged in to post a comment.