နှစ်သစ်ကူးတွင် ကရင်နီပြည်၌ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား၊ ၄ ဦး ကျဆုံး ၈ ဦး ဒဏ်ရာKtimes

ယခုနှစ်သစ်တွင် ကရင်နီပြည်တပ်မတော်နှင့် အစိုးရတပ်တို့ တိုက်ပွဲ ၂ ကြိမ် ဆက်တိုက ဖြစ်ပွားခဲ့၍ အစိုးရတပ်မှ ဗိုလ်တဦး၊ ဒုအရံခံဗိုလ်တဦး၊ တပ်ကြပ်ကြီးတဦးနှင့် တပ်သားတဦး ကျဆုံးသွားခဲ့ပြီး၊ တပ်သား ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က ဖာဆောင်းမြို့နယ် မော်ချီးနှင့် တောင်ငူ ကားလမ်း အကြားတွင် နယ်မြေ ရှင်းလင်းသော အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၇၂ မှ ဗိုလ်မှူး သက်အောင် ဦးစီးသည့် တပ်ဖွဲ့နှင့် ကရင်နီပြည် တပ်မတော်မှ စစ်ဦးစီးတပ် တပ်ဖွဲ့တို့ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ တပ်ခွဲ တပ်ကြပ်ကြီး ခင်ထွန်း ကျဆုံးခဲ့ပြီး အခြားအရာရှိနှင့် တပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီပြည်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။

“တဖက်က နယ်မြေ ရှင်းလင်းပြီးတော့မှ ကျနော်တို့ လှုပ်ရှားတဲ့ တပ်ဖွဲ့နဲ့ သွားတိုးတော့ တိုက်ပွဲ ဖြစ်တယ်” ဟု ဗိုလ်ချုပ် ဘီထူးက ပြောသည်။

ကရင်နီ တပ်မတော်သားများ (ဓါတ်ပုံ-ကေတီ)

ကရင်နီ တပ်မတော်သားများ (ဓါတ်ပုံ-ကေတီ)

ထို့နောက် ဇန်န၀ါရီလ ၂ ရက်နေ့က ဖာဆောင်းမြို့နယ် မော်ချီးဒေသတွင် နယ်မြေ ရှင်းလင်းနေသည့် ခလရ ၁၃၅ စစ်ကြောင်းကို ကရင်နီတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ဒု-အရံခံဗိုလ်တင်အောင်၊ ဗိုလ်နေဇာထွန်း၊ တပ်သားအောင်အောင်တို့ ကျဆုံးခဲ့ပြီး ဒု-တပ်ကြပ် တဦး ဒဏ်ရာရရှိခဲ့သည်ဟု  ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ ခူဒယ်နီယာက ပြောသည်။

“တိုက်ပွဲကတော့ တိုက်နေရမှာပဲပေါ့။ ပြည်သူတွေရဲ့ အခွင့်အရေး၊ ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေ ရဖို့ တိုက်နေတာပဲ” ဟု ခူဒယ်နီယာက ပြောသည်။

ယခု ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကရင်နီတပ်မှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်း ကရင်နီပြည်တပ်မတော်က ဆိုသည်။ Continue reading “နှစ်သစ်ကူးတွင် ကရင်နီပြည်၌ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား၊ ၄ ဦး ကျဆုံး ၈ ဦး ဒဏ်ရာKtimes”

ကနေဒါရောက် မြန်မာလူငယ်များ စစ်ပြေးဒုက္ခသည်တို့အား ရေဒီယိုများ ပေးဝေ

ထိုင်း-မြန်မာနယ်စပ်မှ စစ်ပြေးဒုက္ခသည်များနှင့် ပြည်တွင်း အိုင်ဒီပီ (ပြည်တွင်း နေရပ် စွန့်ခွာရွှေ့ပြောင်းရသူ) ဒေသတွင် ပုန်းအောင်းနေကြသော ဒုက္ခသည်များအား ကနေဒါ အခြေစိုက် မြန်မာအဖွဲ့အစည်း တခု ဖြစ်သည့် Link အဖွဲ့မှ ရေဒီယိုများ လိုက်လံပေးဝေနေသည်။

ယခုလို ရေဒီယိုများ ကူညီပေးမှသာ မြို့နှင့် အလှမ်းဝေးပြီး တောကျသည့် နေရာတွင် နေထိုင်ကြရသော ဒုက္ခသည်များ အနေဖြင့် ပြင်ပ ဗဟုသုတများ လက်ခံရရှိနိုင်မည် ဖြစ်သည်ဟု Link အဖွဲ့မှ မော်တူမယ်က ပြောသည်။

 

နအဖစစ်တပ်များ

ရေဒီယို လက်ခံရရှိသော ကရင်နီဒုက္ခသည် အမှတ် ၂ စခန်းမှ ဒုက္ခသည် တဦးက ရေဒီယိုကို ဖွင့်ကြည့်နားထောင်နေစဉ် (ဓါတ်ပုံ-ကေတီ)

“သူတို့ သတင်းလေးတွေ နားထောင်ကြမယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြင်ပလောကနဲ့ အဆက်အသွယ် ရှိဖို့ အဲဒါ အဓိက အချက် တချက်ပေါ့” ဟု ၎င်းက ပြောသည်။

ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းတွင် ရေဒီယို အလုံး ၅၀၊ ကရင်နီ အမှတ် ၂ စခန်းတွင် ၅၆ လုံး၊ ရှမ်း အိုင်ဒီပီဒေသ ၅၀ လုံး၊ ကရင် news generation school ၅၀ လုံးနှင့်Burma Ranger မှ အလုံး ၅၀ ဖြင့် ပြီးခဲ့သည့် ဇူလိုင်လမှ စ၍ Link အဖွဲ့မှ စတင်ပေးဝေခဲ့သည်။

“ဒုက္ခသည်မှာ နေတယ်ဆိုတော့ ဗဟုသုတတွေ မရှိဘူး။ ဒီရေဒီယိုလေးနဲ့ အသက်ရှင်နိုင်ရင် ကမ္ဘာမှာ ဘာတွေ ဖြစ်ပျက်လဲဆိုတာ သိရတယ်။ အဲဒီအချက်ကြောင့် ဒီရေဒီယိုလေးကို ရတာ အရမ်းဝမ်းသာတယ်။ ရေဒီယိုပေးတဲ့ Link အဖွဲ့ကို ကျေးဇူးတင်တယ်” ဟု ရေဒီယို လက်ခံရရှိသူ ကရင်နီဒုက္ခသည် အမှတ်၂ စခန်းမှ နေရိုင်းက ပြောသည်။

Link အဖွဲ့မှ ဝေပေးသည့် ရေဒီယို အားလုံးပေါင်း ၃၀၀ ခန့် ရှိပြီး ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင်လည်း Link အဖွဲ့မှ ကရင်နီဒုက္ခသည် ကျောင်းသားများကိုလည်း ရေဒီယို ၁၂၈ လုံး ပေးဝေခဲ့ဖူးသည်။

“နောက်ပိုင်းလည်း တခြား သတင်းအချက်အလက် ဝေမျှခြင်း အစီအစဉ်တွေ လုပ်ဖို့ ရှိသေးတယ်” ဟု မော်တူမယ်က ပြောသည်။

ကနေဒါ အခြေစိုက် မြန်မာနိုင်င်ငံမှ လူငယ် ၃၀ ဦးခန့် စုပေါင်း အလှူငွေ ထည့်ပြီး အိုင်ဒီပီ ဒေသနှင့် ဒုက္ခသည်စခန်းတွင် ပြင်ပ ဗဟုသုတနှင့် သတင်းများ နားထောင်ရန်အတွက် ရေဒီယိုများ ပေးဝေခြင်း ဖြစ်သည်။ ktimes

စစ်တပ်ရိက္ခာများကို ရွာသားအယောက် ၅၀ ထမ်းပေးရ -Ktimes

ကရင်နီပြည်နယ် ရှားတောမြို့နယ်၌ အခြေစိုက်သော မြန်မာစစ်တပ် ခမရ ၅၇၅ သည် ဇွန်လ ၁၈ နှင့် ၁၉ ရက်နေ့အတွင်းက ရွာသားအယောက် ၅၀ ကို တပ်ရိက္ခာများ ထမ်းပို့ခိုင်းစေခဲ့သည်ဟု ကရင်နီ လူမှုကယ်ဆယ်ရေး အဖွဲ့က ပြောသည်။

ခမရ ၅၇၅ သည် ရှားတောမြို့နယ် တငူးဆို (ထင်းရှုးတောင်)၌ အခြေစိုက်ထားသော ခမရ ၃၃၂ နှင့် ပြီးခဲ့သည့် အပတ်က တပ်လဲလှည်၍ တပ်စခန်း အနီးရှိ ဒေါတနော၊ ဒေါဝယ်ရော၊ ဒေါမူးလဲ၊ တနောင်ကလူးနှင့် တရီးဒါး ကျေးရွာတို့ကို တရွာလျှင် ရွာသား ၁၀ ယောက်စီ ဆင့်ခေါ်ပြီး ၎င်းတို့ တပ်ရိက္ခာများကို သွားရောက်ထမ်းစေခိုင်းကာ တပ်စခန်းသို့ အရောက်ပို့ဆောင်ခိုင်းခြင်း ဖြစ်သည်ဟု လူမှုကယ်ဆယ်ရေး အဖွဲ့မှ ခူးညေးရယ်က ပြောသည်။

 

ကရင်နီပြည်နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းမှ မြန်မာစစ်တပ် တပ်စခန်း တခု

ကရင်နီပြည်နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းဒေသမှ မြန်မာစစ်တပ် တပ်စခန်း တခု

“ပြီးခဲ့တဲ့ တပတ်က သူတို့ တပ်တွေ လဲကြတယ်။ တပ်လဲကြတော့ သူတို့ ရိက္ခာတွေကို ၂ လ ၃ လအတွက် သိမ်းထားချင်တယ် ထင်တယ်။ အဲဒါ ရွာသားတွေကို တရွာ ၁၀ ယောက် ခေါ်ယူပါတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ် ရိက္ခာများကို လွိုင်ကော်မြို့မှ စစ်တပ် ကားများဖြင့် တင်ဆောင်လာပြီး ရှားတောမြို့နယ် ဒေါးမူးမာကျေးရွာ အနီးရှိ မြန်မာစစ်တပ် တပ်စခန်းတွင် ချထားကြောင်း၊ ရွာသားများသည် ထိုစစ်တပ်ရိက္ခာများကို ဒေါမူးမာ တပ်စခန်းမှ တရိဒါးကျေးရွာသို့ ထမ်းပို့သွားရကြောင်း၊ တရိဒါးကျေးရွာမှတင့် မြန်မာစစ်တပ် ခမရ ၅၇၅ တပ်စခန်းသို့ ပို့ဆောင်သွားရကြောင်း ဆိုသည်။

ရွာသားများ ထမ်းပို့ပေးရသော စစ်တပ် ရိက္ခာများသည် ဆန်၊ သကြား၊ နိုးဗူး၊ ငါးဗူး၊ အမဲဗူးနှင့် အခြားရိက္ခာများ ပါဝင်သည်ဟု ခူးညေးရယ်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင်လည်း ရှားတောမြို့နယ် တငူးဆို၌ ယခင် အခြေစိုက်ထားသော ခမရ ၃၃၂ သည် ကျပ်ငွေ ၉၉၆၀၀ တန်ဖိုး ရှိသော ၎င်းတို့ တပ်ရိက္ခာများကို ရွာသားများအား သွားရောက်ထမ်းခိုင်း၍ တပ်ရိက္ခာများကို လမ်းခရီးစဉ်တွင် ကရင်နီတပ်မတော်မှ ရွာသားများထံ ဖြတ်တောက်ယူခဲ့သည်။

ယခုတခေါက် ရွာသားများ သွားရောက်ထမ်းပေးသော စစ်တပ် ရိက္ခာများကို ကရင်နီတပ်မတော်မှ ဖြတ်တောက်ယူမှာကို စိုးရိမ်၍ မြန်မာစစ်တပ်များ ကိုင်တိုင် နောက်လိုက်ပါသွားကြသည်ဟု သိရသည်။

ခမရ ၃၃၂ နှင့် တပ်လဲလှည်ပြီး ရှားတောမြို့နယ် တငူးဆို၌ ယခု လာရောက်အခြေစိုက်သော ခမရ ၅၇၅ သည် ရှမ်းပြည်နယ် မိုင်းပန်မြို့နယ်၌ အခြေစိုက်ထားသော စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၇ ၏ လက်အောက်ခံ တပ်ရင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် အစိုးရစစ်တပ် ၂ ဦး ကရင်နီတပ်နှင့် ပူးပေါင်း

ကရင်နီတပ်မတော်နှင့် အစိုးရတပ်တို့ ကရင်နီပြည်နယ် ရှားတောမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အစိုးရတပ်မှ တပ်သား ၂ ဦး ကရင်နီတပ်နှင့် လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။

ကရင်နီတပ်မတော်မှ ဗိုလ်ဦးရယ် ဦးဆောင်သော စစ်ဦးစီးတပ် တပ်ဖွဲ့သည် အစိုးရတပ် ခမရ ၅၇၅ တပ်ဖွဲ့နှင့် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းဒေသရှိ ဒေါတခဲကုန်းနှင့် တောင်သုံးလုံး အကြားတွင် ရင်ဆိုင်တိုက်ခိုက်ကြ၍ အစိုးရတပ်ဘက်မှ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်နီတပ်မတော်က ပြောပြသည်။

ထို့နောက် ဇွန်လ ၁၃ ရက်နေ့တွင် ရှားတောမြို့နယ်၌ အခြေစိုက်ထားသော အစိုးရတပ် ခမရ ၃၃၂ မှ တပ်သားဖြစ်သူ တင်းဝင်း အသက် ၂၃ နှစ်နှင့် စောခူသစ် အသက် ၂၅ နှစ်တို့သည် လက်နက် အပြည့်အစုံနှင့်အတူ ရှားတောမြို့နယ်၌ လှုပ်ရှားနေသော ကရင်နီတပ်မတော်မှ ဗိုလ်တော်ရယ် ဦးဆောင်သော ခရိုင် ၁ တပ်ခွဲ ၃ တို့နှင့်လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်နီဗဟိုသတင်းအဖွဲ့မှ ဗားမားနိုင်က ပြောသည်။

အစိုးရစစ်တပ် ၂ ဦး နယ်စပ်ကုန်းအမှတ် ၂၈၈၈ မှ ကရင်နီတပ်မတော် အမာခံ ညာမိုတပ်စခန်းသို့ လက်နက်ကြီးဖြင့် ချိန်ဆလေ့ကျင့်နေစဉ် (ဓါတ်ပုံ-ကေတီ)

အစိုးရစစ်တပ် ၂ ဦး နယ်စပ်ကုန်း အမှတ် ၂၈၈၈ မှ ကရင်နီတပ်မတော်၏ အမာခံ ညာမို တပ်စခန်းသို့ လက်နက်ဖြင့် ချိန်ဆလေ့ကျင့်နေစဉ် (ဓါတ်ပုံ-ကေတီ)

“တပ်ကြပ်ကြီး ခင်မောင်နီ ဆိုတာ တယောက် ရှိတယ်တဲ့။ အဲဒီတပ်ကြပ်ကြီးက သူ့တို့ကို အလုပ် တအားခိုင်းတယ်။ နောက် သူ့တို့အပေါ်မှာ ခေါင်းပုံဖြတ်ပြီး နာအောင် ဆဲဆိုတယ်တဲ့။ အဲဒါ သူတို့ ဂိတ် သွားကျတဲ့ အချိန်မှာ ထွက်ပြေးလိုက်တာ” ဟု ၎င်းက ပြောသည်။

ကရင်နီတပ်နှင့် လာရောက်ပူးပေါင်းခဲ့သော ၎င်းအစိုးရစစ်တပ် ၂ ဦးသည် MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၉ ချပ်၊ ကျည်ဆံ ၂၄၀ တောင့်နှင့် equipment ၂ စုံတို့နှင့် ပါလာကြသည်ဟု ၎င်းက ဆက်ပြောသည်။

တင်းဝင်း၏ ကိုင်ပိုင်နံပါတ်မှာ တ/၃၄၇၁၀၂ ဖြစ်ပြီး စောခူသစ်၏ ကိုယ်ပိုင်နံပါတ်မှာ တ/၃၂၆၁၂၄ ဖြစ်သည်။ ၎င်းတို့သည် ကရင်နီတပ်မတော်တို့နှင့်အတူ လက်နက်ကိုင် တော်လှန်ရေး အလုပ်ကို လုပ်မည်ဟု ပြောဆိုကြောင်း ဆိုသည်။

ခမရ ၃၃၂ သည် ရှမ်းပြည်နယ် ဖယ်ခုံမြို့၌ အခြေစိုက်ထားသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၇ ၏ လက်အောက်ခံ တပ်ရင်း ဖြစ်သည်။

Ktimes

နယ်ခြားစောင့်တပ် လက်မခံ၍ ပေးထားသော ပစ္စည်းများ ပြန်လည်သိမ်းဆည်း-Ktimes

အပစ်ရပ် ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ) မှ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံ၍ အပစ်ခတ်ရပ်စဲရေး ယူချိန်တွင် ပေးထားသော စက်ပစ္စည်းများကို မြန်မာအစိုးရမှ ပြန်လည်သိမ်းဆည်းလိုက်သည်။

“သူတို့ကလည်း ဟိုဟာလုပ်ခိုင်းဒီဟာလုပ်ခိုင်းနဲ့ ကျနော်တို့ပြည်သူလူထုက လက်ခံမှုမရှိတဲ့အတွက် မလုပ်ပေးတော့ အဲလိုမျိုးမသိမသာလေးပေါ့ သူတို့က အရမ်းပြင်းပြင်းထန်ထန်လေးတော့ ပေးရဲတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ မသိမသာလေး သူတို့အဲလိုမျိုးပေါ့ အဲ့ဒီစက်ယန္တရားတွေ စက်တွေပြန်တောင်းလိုက်တယ်ဆိုတဲ့ သဘောလို့မြင်တယ်လေ” ဟု ကယန်းပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ) အလံ

ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ) အလံ

အစိုးရမှ နယ်ခြားစောင့်တပ်အဖြစ် ဖိအားပေး အသွင်ပြောင်းသည့်အပေါ်တွင် ကယန်းပြည်သစ်ပါတီမှ မလိုက်နာ၊ မဆောင်ရွက်၍ မသိမသာဖြင့် ကယန်းပြည်သစ် ထိန်းချုပ်သည့် နယ်မြေများသို့ တပ်များလာရောက် တိုးချဲ့မှုများရှိပါသည်။

ယခင်လကလည်း ပြည်ပမှ ကယန်းလူငယ်များက နေပြည်တော်တွင် ဗုံးခွဲရန် လူ ၅ ယောက်မှ ကယန်းပြည်သစ် နယ်မြေတွင် လှုပ်ရှားနေသည်ဟု ဆိုပြီး စစ်အင်အား အလုံးအရင်းနှင့် တပ်ရင်း လေးရင်းက ထိုးစစ်ဆင်လာသည်ဟု ကယန်းလူငယ်အဖွဲ့မှ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ဖူးသူ ကိုစနေက ပြောပါသည်။

၎င်းက “တပ်က သူတို့ပြန်ရုပ်လိုက်ပြီလို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် တပ်ပြန်ရုပ်တယ်ဆိုပေမယ့် အကုန်လုံးတော့ မရုပ်ဘူး။ ၁၀ ယောက်လောက် သူတို့ထားခဲ့ပြီးမှ လက်နက်ခဲယမ်းတွေလည်း ထားခဲ့တာ မျိုးလည်း လုပ်တာပေါ့” ဟုပြောသည်။

အပစ်ခတ်ရပ်စဲရေး ယူသည့်အချိန်တွင် အဖွဲ့တိုင်းအား မော်တော်ယာဉ်လိုင်းပေါင်းစုံ (မတလ) အဖွဲ့မှ ဘူဒိုဇာစက်ကြီးများ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ကယန်းပြည်သစ်ပါတီမှ ပြင်ဆင်၊ အသုံးပြုနေသည့် စက်များကို ပြည်နယ်အစိုးရမှ ပြန်လည်တောင်းခံခြင်း မဟုတ်ပဲ စစ်တပ်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)နှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) အကြီးအကဲများက တောင်းခံခြင်းသာ ဖြစ်သည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမားရ်ကိုဘန်က ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် ညီလာခံပြီးပြီးတော့ အစိုးရအသစ် ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ဒါအစိုးရသစ်နဲ့ သက်ဆိုင်တယ်။ အရင်ပေးတာ အစိုးရဟောင်းဖြစ်တယ်။ အစိုးရသစ်နဲ့ သက်ဆိုင်တဲ့ အတွက်ကြောင့် ပြန်သိမ်းမယ်။ ပြန်သိမ်းပြီးတော့ နောက်မှ အခြေအနေကြည့်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာက ပြန်ပေးရင်လည်းပေးမှာပေါ့။ ဒါအစိုးရသစ် သဘောထားပဲဖြစ်တယ်ဆိုပြီးတော့ ပြန်သိမ်းတယ်လို့ ကြားရတာပဲ” ဟုပြောသည်။

အဖွဲ့ဝင်အင်အား ၁၄၉၆ ဦးခန့် ရှိသော ကယန်းပြည်သစ် (ကေအဲန်အယ်လ်ပီ)သည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်စပ်တို့တွင် အဓိက အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

http://www.ktimes.org/

ဒေသဖွံ့ဖြိုးမှု လိုအပ်သည့် နေရာများ INGOs လူမှုကယ်ဆယ်ရေး ပိတ်ပင်ခံရ

ကရင်နီ (ကယား)ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးမှု နောက်ကျပြီး ကျန်းမာရေး စောင့်ရှောက်ခံခွင့် နည်းသည့် ကျေးလက်ဒေသများတွင် အစိုးရအာဏာပိုင်များက INGOs နှင့် လူမှုဖွံ့ဖြိုးရေး အဖွဲ့များကို သွားရောက်ကူညီပေးနိုင်မှု ပိတ်ပင်ထားသည်ဟု ပြည်တွင်း NGOs ၀န်ထမ်းတစ်ဦးက ပြောသည်။“မြို့နဲ့ ဝေးတဲ့ ရွာတွေဘက်ကို သွားပြီး ကူညီထောက်ပံ့ဖို့ကို အာဏာပိုင်တွေက အဲဒီဘက်မှာ လက်နက်ကိုင် သူပုန်တွေ ရှိတယ် မသွားရဘူး။ တစ်ခုခု ဖြစ်ရင် သူတို့ အနေနဲ့ တာဝန်မယူနိုင်ဘူး ဆိုပြီး အဲလိုပြောတယ်။”

၎င်းနယ်မြေဒေသဘက်တွင် ဆေးပေးခန်းများ ရှိသော်လည်း ဆေးဝါးများ မလုံလောက်ခြင်း၊ အသိပညာနည်းခြင်း၊ လုံလောက်သော ဆေးကုသခွင့် မရှိသောကြောင့် NGOs နှင့် ဒေသခံလူမှုအဖွဲ့အစည်းက ၀င်ရောက်ကူညီလိုကြသည်။

လုံလောက်သော ဆေးကုသမှုများ မရှိခြင်းကြောင့် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်းတွင် ဘောလခဲမြို့နယ်ရှိ ကျေးရွာတွင် ချောင်းဆိုးရောဂါကို လျှင်မြန်စွာ ပျံ့နှံ့ကူးစက်ခဲ့ပြီး လူကြီးလူငယ် အယောက် ၄၀ ကျော် ရောဂါဝေဒနာ ခံစားခဲ့ကြသည်။ ရှားတောမြို့တွင်လည်း ဆေးကုသမှု အချိန်မှီ မရရှိသဖြင့် ၀မ်းရောဂါဖြင့် အမျိုးသားတဦး သေဆုံးရပြီး ချောင်းဆိုးရောဂါ၊ ၀မ်းရောဂါနှင့် ယားနာရောဂါများ ဖြစ်ပွားလျက်နေသည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးမှ ဆေးမှူး တဦးက ပြောပါသည်။

၎င်းဒေသများတွင် အစိုးရတပ်မှလည်း လုံခြုံရေး တပ်စခန်းများ ချထားသောကြောင့် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်နီလူမှု အဖွဲ့အစည်းကလည်း မိမိတို့၏ လုံခြုံရေးအရ မကူနိုင်ခဲ့ကြောင်း ဆေးမှူးက ဆက်ပြောသည်။

ဒီးမော့ဆိုမြို့နယ် ကျေးရွာတစ်ရွာမှ မိသားစုတစ်စု၏ ကလေးငယ်များ (ဓါတ်ပုံ-ကေအဲန်ဝိုင်အို)

ဒီးမော့ဆိုမြို့နယ် ကျေးရွာတစ်ရွာမှ မိသားစုတစ်စု၏ ကလေးငယ်များ (ဓါတ်ပုံ-ကေအဲန်ဝိုင်အို)

“သူတို့ ရွာတွေက တပ်စခန်းနဲ့ နီးတယ်။ လမ်းမကြီးလည်း ဖြစ်တယ်။ ကယ်ဆယ်ရေး ဆင်းဖို့ အခက်အခဲ ရှိတယ်။”

ထိုသို့ ခက်ခဲသော နေရာများတွင် ပြည်တွင်း INGO၊ NGO များကို သွားရောက်ကူညီခွင့် ပြုသင့်သည်ဟု ကရင်နီ နယ်လှည့် ကျန်းမာရေးအဖွဲ့မှ တာဝန်ခံ ခူဒယ်နီယာယ်က ပြောပါသည်။ Continue reading “ဒေသဖွံ့ဖြိုးမှု လိုအပ်သည့် နေရာများ INGOs လူမှုကယ်ဆယ်ရေး ပိတ်ပင်ခံရ”

ကရင်နီပြည်တွင် ဖောက်ခွဲရေးသမားရှိနိုင်ဟုဆို၍ လုံခြုံရေးတင်းကြပ်

ကရင်နီပြည်တွင် ဖောက်ခွဲရေးသမားများ ရှိနိုင်သည်ဟု အကြောင်းပြ၍ လွိုင်ကော်မြို့မှ တခြားမြို့များနှင့်ပြည်နယ်သို့ သွားလာသည့် ခရီးသည်များအား အစိုးရစစ်တပ်မှ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည်ဟု သိရသည်။

ကရင်နီဘက်မှ နေပြည်တော်ကို ဖောက်ခွဲရန် ၀င်လာသူရှိသည်ဟု သတင်းရရှိထားသည့်အတွက် တာဝန်ရှိရဲအပြင် စစ်တပ်များကိုပါ လုံခြုံရေးအတွက် စစ်ဆေးရေး လုပ်နေခြင်းဖြစ်သည်ဟု မြို့ခံတို့က ဆိုသည်။

“ပြောတာတော့ ဖောက်ခွဲရေးသမား အယောက် ၂၀ ရောက်လာတယ်လို့ သတင်းရတယ်။ ကရင်နီကလူ ပြောတာပဲ” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါသည်။
ကရင်နီပြည် လွိုင်ကော်မြို့မှ တခြားမြို့နယ်သို့ သွားလာသည့် လမ်းမတလျှောက်တွင် စစ်တပ်များ တင်းကြပ်စွာချထားပြီး ခရီးသွားများနှင့် လူထုများအား မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

စစ်ဆေးမှုပြုလုပ်နေတဲ့ လွိုင်ကော်မြို့အ၀င်ရှိ ပန်ကန်းဂိတ် (ဓါတ်ပုံ-ကယားလီဖု)

စစ်ဆေးမှုပြုလုပ်နေတဲ့ လွိုင်ကော်မြို့အ၀င်ရှိ ပန်ကန်းဂိတ် (ဓါတ်ပုံ-ကယားလီဖု)

“လွိုင်ကော်အကျော်မှာ တစ်ဂိတ်ရှိတယ်။ ပြီးတော့ မိုးဗြဲနဲ့ ဖယ်ခုံကြားမှာ တစ်ဂိတ်ရှိတယ်။ ဂိတ်နာမည်တော့ မသိဘူး။ လွိုင်ကော်အကျော်က ဂိတ်ဆို တအားစစ်တယ်။ လွယ်အိတ်ကိုတောင် ဖွင့်ကြည့်ပြီး စစ်တယ်လေ” ဟု ဆီးဘူးမှ ခရီးသည်တစ်ဦးက ပြောသည်။

လွိုင်ကော်မှ ရှမ်းပြည်သို့သွားသည့် မိုးဗြဲ၊ ဖယ်ခုံနှင့် ဆီးဘူးလမ်း၌ ပိုမိုစစ်ဆေးမှုတင်းကြပ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀၁၀ ခုနှစ်က လွိုင်ကော်မြို့ နာရီစင်အနီး ရဲစခန်းအတွင်း၌ အသေခံဗုံးဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ရဲများဒါဏ်ရာရရှိခဲ့ကြသည်။

 http://www.ktimes.org/

ကရင်နီလူငယ် ညီလာခံ ကျင်းပပြီး

ယခု မေလ (၂၂) ရက်နေ့က ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO မှ ညီလာခံတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး တက်သစ်စ လူငယ်ကော်မီတီ အသစ်တစ်ရပ်ကို ရွေးကောက်တင်မြောက်ခဲ့ကြသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ညာလက်ရုန်းဟု ဆိုသည့် KNYO သည် ပဉ္စမအကြိမ်မြောက် ညီလာခံကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကရင်နီပြည်တွင်းမှ ကရင်နီလူငယ်များ၊ ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းအတွင်းရှိ လူငယ်များနှင့် တိုင်းတပါးသို့ ရောက်နေကြသည့် ကရင်နီလူငယ်များ အချင်းချင်း စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန်နှင့် အမျိုးသားရေး လုပ်ငန်းတို့မှာ လူငယ်အချင်းချင်း ဖေးမကူညီမှုများ ရှိလာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

 

KNYO ညီလာခံတွင် ကရင်နီလူငယ်များမှ ဆွေးနွေးကြစဉ်

KNYO ညီလာခံတွင် ကရင်နီလူငယ်များမှ ဆွေးနွေးကြစဉ်

“လောလောဆယ်တော့ စဉ်းစားထားတာကတော့ လူငယ်တွေရဲ့ ကာယဥာဏ စာရိတ္တ သုံးပိုင်းကို လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ လူငယ်တွေ စည်းစည်းလုံးလုံးနဲ့ တိုးတက်အောင်မြင်သွားဖို့ပါပဲ။ ကရင်နီ လူငယ်တွေကို ကျနော့် အနေနဲ့ ပြောချင်တာက စည်းစည်းလုံးလုံးနဲ့ အမျိုးသားရေး ပညာရေးနဲ့ လူငယ်အရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြပါလို့ ကျနော် ပြောကြားလိုပါတယ်” ဟု အသစ်ရွေးကောက်တင်မြောက်ခြင်း ခံရသည့် KNYO ဥက္ကဌ ကိုထွေးရယ်က ပြောသည်။ Continue reading “ကရင်နီလူငယ် ညီလာခံ ကျင်းပပြီး”

ကလလတကို တိုက်ခိုက်လျှင် နိုင်ငံရေးအရ နစ်နာမည်

စီးပွားရေးလုပ်ငန်းကို အကြောင်းပြ၍ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ထိန်းချုပ်နယ်မြေထိ တိုးချဲ့လာနေသော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးကို စစ်ရေးအရ တိုက်ခိုက်မည်ဆိုပါက နိုင်ငံရေးအရနစ်နာမည်ဟု စစ်မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသောအဖွဲ့က ဆိုသည်။

နယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းသွားခဲ့သော ကလလတအဖွဲ့သည် ယခုမြန်မာအစိုးရသစ် လက်ထက်တွင် စီးပွားရေးလုပ်ငန်းများကို ကေအဲန်ပီပီ ထိန်းချုပ်နယ်မြေများဖြစ်သည့် အမှတ် ၂ ခရိုင်ဘက်သို့ တိုးချဲ့လျက်ရှိသည်။

“သူတို့ အပြင်မှာ တဖြည်းဖြည်း တိုးချဲ့လာတာဟာ အလိုအလျောက် နယ်မြေတိုးချဲ့မှုတစ်ခုပဲ။ ဒါပေမဲ့ နအဖအတွက်က အလိုအလျောက် ခြံစည်းရိုး တစ်ခုလို ဖြစ်လာတယ်လေ။ ကျနော်တို့က ဒီအပစ်ရပ်အဖွဲ့တွေကို တကူးတက သွားတိုက်ထုတ်မယ်ဆိုရင်လည်း နိုင်ငံရေးအရ ကျနော်တို့ နစ်နာမယ်။ ပြည်သူလူထုကလည်း အဲပေါ်မှာ အမြင်ရှင်းချင်မှ ရှင်းမယ်။ အဲဒါကို သူတို့ တဖြည်းဖြည်း အခွင့်ယူပြီးတော့မှ တဖြည်းဖြည်း တိုးချဲ့လာတာပေါ့” ဟု အမှတ် ၂ ခရိုင်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဦးဆောင်နေသော ဦးဖားမူးက ပြောသည်။

အစိုးရမှ ခွင့်ပြုချက်တို့ဖြင့် ကလလတသည် မော်ချီးမှ ဂိုးသရိုးကျေးရွာ၊ ခိုဘောသောကျေးရွာတွင် တပ်များချထားခဲ့ရာမှ ယခုနှစ်ထဲတွင် ခီးလေးခီး သတ္တုမိုင်းတွင်  တပ်ထပ်မံတိုးချဲ့လာသည်။

borderguardforce

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်အသွင်သို့ ပြောင်းသွားသော ကလလတ (နယ်ခြားစောင့် အမှတ် ၁၀၀၄)

ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မ (ကေအက်စ်ဒဘလျူဒီစီ) သည် ပြည်တွင်း၌ အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့မှုတို့ကို ဆောက်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။ Continue reading “ကလလတကို တိုက်ခိုက်လျှင် နိုင်ငံရေးအရ နစ်နာမည်”