ด้วยจิตคารวะมวลมหาประชาชนผู้รักชาติ รู้คุณแผ่นดิ
จากผมและครอบครัว
พลตรี นายแพทย์ เหรียญทอง แน่นหนา … ผอ.รพ.มงกุฎวัฒนะ
အချိန်ကာလသည် မိုးအကုန်ဆောင်းအကူး ဖြစ်သည်နှင့်အညီ ဟေမာန်ဆောင်း၏ ညလေပြေညှင်းသည် တသုန်သုန်နှင့်တိုက်ခတ်ကာ လပြည့်ဝန်းကြီးမှာလည်း ထိန်ထိန်သာ လျှက်ရှိပေသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အမွန်မြတ်ဆုံး ဖြစ်သော မြတ်စွာဘုရား ဝါတွင်း(၃)လကာလပါတ်လုံး နတ်ပြည်တွင်တရားဟောခဲ့ပြီး လူ့ပြည်သို့ ပြန်လည်ကြွချီရာတွင် ဆီမီးများဖြင့် ပူဇော်ကြသော ဝါကျွတ်၊ သီတင်းကျွတ် အဖိတ်နေ့ညပင် ဖြစ်တော့သည်။
ကျွန်တော်တို့သည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တနေ့တာ အလုပ်တာဝန်များပြီးဆုံးပြီး နောက် ဘဝတစ်ပါးသို့ပြောင်းလဲသွားကြရာဝယ် မကျွတ်မလွတ်သောဘုံဘဝသို့ ရောက်ရှိနေကြသော သတ္တဝါ အပေါင်းတို့အား ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုများနှင့် အကျွတ်အလွတ် အဓိဌာန်ပုတီးစိပ်ကာ အမျှဝေ ပြီးသော အချိန် ည (၂၂းဝဝ)နာရီတွင် အိပ်စက်အနားယူရန် ပြင်ဆင်နေသည့် အချိန်သမယပင် ဖြစ်ပေတော့သည်။ တသုန်သုန် တိုက်ခတ်လျှက်ရှိသော မြောက်ပြန်လေနှင့်အတူ အဝေးဆီမှ ဥသြသံတချို့ကို ကျွန်တော့်နားနှင့် ရုတ်တရက်ကြားလိုက်ရပြီး လေ့ကျင့်ရည် ပြည့်ဝနေသော ခန္ဓာကိုယ်နှင့် အသိစိတ်တို့မှ “ဖျဉ်း” ကနဲ ကြက်သီးများ ထကာ အိပ်ယာမှထ၍ Stand By (အသင့်) အနေအထားဖြစ်ပြီး သတင်းအခြေအနေကို ဆက်လက်စောင့်ကြည့် နေမိတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်တော်တို့ လက်ကိုင်ဖုန်းများအတွင်းသို့ မီးသတင်းများ ဝင်ရောက် လာကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှာ စက္ကန့်ပိုင်းအတွင်း မှာပင် ရှေ့တန်းမီးလောင်ပြင်သို့ ထွက်ရန် အဆင်သင့် ဖြစ်သွားခဲ့သည်။ နောက်များမကြာ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်တော်တို၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ လှူဒါန်းထား သော ယာဉ်အမှတ် ၈ည – ၁၂၂၂ ပေါ်တွင် ယာဉ်မောင်း ဦးရဲလင်းမြင့်၊ ကယ်ဆယ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဦးရောဘတ်အောင်၊ ဦးဇွဲမဟိဏ်ခ၊ တို့နှင့်အတူ ကျွန်တော် ရဲသွင်ထွဋ် တို့သည် မီးလောင်ပြင်ရှေ့တန်းဖြစ်သော ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်သို့ တရိပ်ရိပ်ပြေးလွှားနေသော လူနာတင်ယာဉ်နှင့်အတူ ထွက်ခွာသွား ပြီဖြစ်သည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် တည်ရှိရာ မ/ဒဂုံမြို့နယ်မှ ကျောက်တံတားမြို့နယ်သို့ အလာ ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ လမ်းနီမှတ်တိုင်အရောက်တွင် ရုတ်တရက် လက်ကိုင်ဖုန်းမှ မည်သဖြင့် ပြန်လည်ဖြေကြားရာတွင် ကျောက်တံတားမြို့နယ် မီးလောင်ပြင်မှာ အခြေအနေအားလုံးကောင်းပြီး၊ မီးငြိမ်းသွားပြီ ဖြစ်ကြောင်း Ambulance မလိုတော့ကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် ကျွန်တော်တို့လည်း မီးလောင်ပြင်သို့သွားရာလမ်းတွင် ကားအားနောက်ပြန်လှည့်၍ မိမိတို့ရုံးဆိုက်ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ပြည်လှည့်ကာ မောင်းနှင်လာခဲ့ပါသည်။
ကျွန်တော်တို့ ရုံးချုပ်သို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်တွင် ယာဉ်နှင့်လိုက်ပါလာသော တာဝန်ကျ အဖွဲ့ဝင် အသီးသီးမှာလည်း နေအိမ်သို့ ပြန်သူကပြန်၊ ကိုယ်လက်သန့်စင်သူကသန့်စင်နှင့် အေးအေးဆေးဆေး လုပ်ကိုင်လျှက်ရှိပါသည်။ ထိုစဉ် ရုတ်တရက် ဖုန်းလာသဖြင့် ပြန်လည်ဖြေကြားရာတွင် အထက်ပါ ကျောက်တံတား မြို့နယ်၊ ပန်းဆိုးတန်းလမ်းတွင် လောင်နေသောမီးမှာ အမှန်တကယ်ငြိမ်းသွားခြင်းမရှိဘဲ အတွင်းတွင် မီးခိုးများနှင့် ပိတ်ပြီးအတွင်း၌ တမြေ့မြေ့လှိုက်စားကာ လောင်ကျွမ်းလျှက်ရှိကြောင်း အခြေအနေသည် မီးမှာ အမှန်တကယ် ငြိမ်းသတ် သွားခြင်းမရှိကြောင်း ဆက်သွယ်သတင်းပေး အကြောင်းကြားလာသည်။ ယခင်က အနားယူရန် ပြင်ဆင်နေသော ကျွန်တော်တို့အဖွဲ့မှာ ကယ်ဆယ်ရေးဝတ်စုံများ၊ Equipment များကိုဆွဲကာ လူနာတင်ယာဉ်ပေါ်သို့ အပြေးအလွှား ထပ်မံ၍ သွားရောက်ရပေတော့သည်။
ယခုအကြိမ်သည် အထက်ပါ မီးလောင်ပြင်သို့ ဒုတိယအကြိမ် ထပ်မံ၍ သွားရောက်ရသည့် ခရီးပင် ဖြစ်တော့သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကြားတွင် အချိန်ကွာဟမှု (၁၅)မိနစ်ခန့်သာရှိခဲ့ပြီး ယခုဒုတိယအကြိမ်ပြန်လည်ထွက်ခွါရာတွင် ယာဉ်မောင်းဦးမျိုးဝင်း၊ ဦးရောဘတ်အောင်၊ ဦးဇွဲမဟိဏ်ခနှင့်အတူ ထွက်ခွါလာပါတော့သည်။ ယာဉ်မောင်း ဦးမျိုးဝင်းဆိုလျှင် ၄င်းမှာ (၁၉.၁ဝ.၂ဝ၁၃) ရက်နေ့ နံနက်(၄းဝဝ)နာရီခန့် တွင် ကျွန်တော်တို့အသင်းမှ နယ်ခရီးစဉ် တစ်ခုအား ယာဉ်မောင်းနှင်ပေးရန် တာဝန်ယူထားသူပင်ဖြစ်သည်။ ဦးမျိုးဝင်းသည် သူ၏ အနားယူချိန်တွင်နားပြီး နောက်တစ်နေ့ခရီးဆက်ရန် အားမယူသေးဘဲ အသင်းအတွက် အများအတွက် လိုက်လံပေးဆပ်လျှက်ရှိပေသည်။
မီးလောင်ပြင်အရောက်တွင် မီးလောင်ပြင်၌ အသင့်စောင့်နေသော ကျွန်တော်တို့အသင်းမှ ဦးမြတ်သူ၊ ဦးဆန်းလင်းဦး၊ ဦးကျော်စိုးနိုင်တို့နှင့်အတူ ယှဉ်တွဲ၍ ရန်ကုန်တိုင်းကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက် ပေတော့သည်။ ကျွန်တော်တို့ ကားအားမီးလောင်ပြင်ရှေ့ခန်းတွင် အရေးပေါ်ကယ်ဆယ်ရေးစခန်းအား ကားအတွင်းတွင်ဖွင့်လှစ်၍ တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်အတူ မီးသတ် ရဲဘော်များထံ နှာခေါင်းစည်းများဝေငှခြင်း၊ လက်အိတ်၊ ရေဘူးများအား ဝေငှခြင်းများကို အတူလက်တွဲ ပြုလုပ်ခဲ့ ပြီးနောက် ကျွန်တော်တို့သည့်ဆေးအိတ်များ၊ ထမ်းစင်များနှင့်အတူ မီးလောင်မှုဖြစ်ပွားရာ တိုက်အနီးအနားတွင် အသင့်စောင့်လျှက်ရှိပါသည်။ များမကြာမီအချိန်တွင် စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး (၁)ဦးဖြစ်သူမှာ မီးခိုးများမွန်၍ အသက်ရှုပိတ်ပြီး ပြင်ပသို့ ဆွဲထုတ်လာရာ ကျွန်တော်တို့မှ ယာယီအရေးပေါ် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော လူနာတင်ယာဉ်ဆီသို့ခေါ်ဆောင်လာပြီး လူနာအခြေအနေကို ဆန်းစစ်ကာ ဆေးရုံတက်ရန်မလိုသဖြင့် ကားအတွင်း၌ပင် First Aid နှင့် ကျွမ်းကျင်မှုပေါင်းစပ်ကာ ပြုစုပေးခဲ့ပါသည်။
မီးလောင်ပြင်တွင် နောက်တနေ့ မနက်ကူးထိ စောင့်ကြည့်နေခဲ့ပြီးနောက် မီးအခြေအနေအားလုံး ပြီးစီးသွားပြီ ဆိုမှသာ ကျွန်တော်တို့ကားမှာ မီးလောင်ပြင်မှ အသင်းရုံးချုပ်သို့ ပြန်လည် ထွက်ခွာလာပါတော့သည်။ အသင်းရုံးချုပ်သို့ရောက်ပြီး ကျွန်တော်တို့ အနားယူရန် ကြံနေစဉ်မှာပင် လက်ကိုင်ဖုန်းများမှ ပန်ဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတွင် မီးလောင်နေကြောင်း ထပ်မံသတင်းပေးပို့လာပါသည်။ မီးသတင်းအား အတည်ပြုပြီး မီးအခြေအနေအား စောင့်ကြည့်ပြီး လူနာတင်ယာဉ်အဖွဲ့အား အသင့်အနေအထားဖြင့် ထားရှိခဲ့ပါသည်။ နောက် (၃)မိနစ်ခန့်အကြာတွင် မီးလောင်ပြင်မှ သတင်းများ ရောက်ရှိပါသည်။ မီးမှာအချိန်မှီငြိမ်းသတ်နိုင်ခဲ့ပြီး လူနာတင်ယာဉ်မလိုအပ်တော့ကြောင်း သတင်းများရောက်ရှိလာပါတော့သည်။ ထိုမှသာ ကျွန်တော်တို့အဖွဲ့မှ သက်ပြင်းများကိုယ်စီချပြီး တနေ့တာ အိပ်စက်အနားယူရန်အတွက် ပြင်ဆင်လိုက်ပါတော့သည်။ အချိန်သည်ကား (၁၉.၁ဝ.၂ဝ၁၃) ရက်နေ့ နံနက်(ဝ၂းဝဝ)နာရီခန့်ပင်ဖြစ်တော့သည်။
သို့ရာတွင် ကျွန်တော်၏ မျက်လုံး၊ ကျွန်တော်၏ နား၊ ကျွန်တော်၏ ဦးနှောက်တို့သည် ကျွန်တော့်အား အိပ်စက်ခွင့်မပြုချေ ကျွန်တော်၏မျက်လုံးထဲတွင် မီးလောင်မှုကြောင့် အော်ဟစ်ပြေးလွှားသံများ၊ မီးသတ်ရဲဘော် တို့၏ စွန့်စွန့်စားစား မီးငြိမ်းသတ်ပုံများ ပြန်လည်မြင်ရောင်နေသလို ကျွန်တော်၏ နားအာရုံတွင်လည်း အော်ဟစ်သံများ အရေးပေါ်ဥသြဆွဲသံများ ပဲ့တင်ထပ်နေတော့သည်။ ထို့ကြောင့် ကျွန်တော်အိပ်စက်၍ မရသည့်အဆုံး ကျွန်တော် Facebook စာမျက်နှာတွင် “ခင်ဗျားတို့တွေ…. ပျော်ပါး…ပျော်ရွှင်နေဖို့… ကျူပ်တို့တွေ…မီးလျှံကြားထဲကနေ…အသက်ကိုရင်းပြီး..မီးလျှံ၊ မီးတောက်များဆီသို့ ……တိုးရင်း…တိုးရင်း…..” ဟူ၍ ရေးချလိုက်တော့သည်။ ထိုအချိန်စက္ကန့်ပိုင်းအတွင်း “နာရေးကူညီမှုအသင်း (ရန်ကုန်) အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ မှ လူမှုရေးသမားများအား လေးစားဂုဏ်ယူမိပါတယ်” ဟူသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူ၏ Comment ကျွန်တော်၏ Facebook စာမျက်နှာပေါ်တွင် တက်လာပါတော့သည်။ နောက်တစ်ကြိမ် ကျွန်တော် “တော်ပါသေးရဲ့…ဒီညAmbulance ပေါ်က မဆင်းရတော့ဘူးထင်နေတာ…….၀ှူးးးး………..မောတော့မောတာပေါ့….ဒါပေမဲ့..မမောဘူး..”ဟူ၍ ကျွန်တော် ထပ်မံ၍ ရေးသားလိုက်သည်။ တစ်ချိန်တည်း တပြိုင်နက်တည်း ဥက္ကဌဦးကျော်သူဆီမှ “ပရဟိတသမား ဆိုတာ အများအတွက်ဆိုရင် အရာရာကိုစွန့်လွတ်ရဲရတယ်”ဟုပြန်လည်ရေးသားမှုကို မြင်တွေ့လိုက်ရသည်။ သြော် … ကျွန်တော်တို့ ဥက္ကဌကြီး အခုချိန်ထိ မအိပ်သေးပါလား ကျွန်တော်တို့နည်းတူ အများပြည်သူအတွက် စိုးရိမ်သောကဖြစ်ကာ အင်တာနက်လိုင်းအား အခုအချိန်အထိ စောင့်ကြည့်ဖတ်ရှုနေပါလား၊ ပြည်သူတို့၏ အခြေအနေအား စိုးရိမ်တကြီး စောင့်ကြည့်နေသလို ကျွန်တော်တို့ မျိုးဆက်သစ် ပရဟိတခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များအားလည်း အချိန်နှင့်တပြေးညီလူမှုရေးစိတ်ဓါတ်များ လူမှုရေး ခွန်အားများကို မျက်ခြေမပျက်ပေးဆပ်နေပါလားဟူ၍ တွေးတောမိတော့သည်။
ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝများ၌ သီတင်းကျွတ် အချိန်ကာလများတွင် မြတ်စွာဘုရားရှင်အား ကြိုဆိုပူဇော်မှုအနေဖြင့် မီးပန်းလေးများ၊ ဆီမီးခွက် ဖယောင်းတိုင်လေးများထွန်းညှိခြင်း ဗျောက်အိုးငယ်လေးများ ဖောက်၍ ဆော့ကစားခြင်းများပြုလုပ်ခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ်ကျွန်တော်လူလားမြောက်၍ ပရဟိတသမားတစ်ဦး အဖြစ် ရပ်တည်နေသော အချိန် သီတင်းကျွတ်အချိန်ကာလတွင်တော့ မြတ်စွာဘုရားအား ပူဇော်ကြိုဆိုခြင်းကာ ကြောက်ခမန်းလုလုပင်ဖြစ်တော့သည်။ ဗျောက်အိုးငယ်လေးများအစား လူများသေကြေပျက်စီးနိုင်သော ဗုံးများ ဆက်တိုက်ဆိုသလို ပေါက်ကွဲခြင်းနှင့် ဆီမီးပူဇော်မှုအစား အိုးအိမ်တိုက်တာများမီးလောင်ကျွမ်းပြီး ပျက်စီး ဆုံးရှုံးခြင်းတို့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတော့သည်။ မည်သို့ပင်ဖြစ်စေကာမှု ဦးကျော်သူ၏ “ပရဟိတသမား ဆိုတာ အများအတွက်ဆိုရင် အရာရာကိုစွန့်လွတ်ရဲရတယ်”ဟူသော အားပေးစကားအား ကျွန်တော်ကျင့်သုံး လိုက်နာ ယုံမှတစ်ပါး အခြားမရှိတော့ချေ။
ရဲသွင်ထွဋ် (FFSS)
YE THWIN HTUT
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမီလောင်မှုဖြစ်စဉ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၊ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ မှ ကူညီပေးဆပ်မှု ပုံရိပ်များ
You must be logged in to post a comment.