တပ်မတော်စစ်ကြောင်းများနှင့် အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွား
(နိုင်ငံပိုင်သတင်းဌာန ထုတ်ပြန်ချက်)
နေပြည်တော် အောက်တိုဘာလ ၁၉ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် မိုင်းစံကျေးရွာ၏ အနောက် မြောက်ဘက် ၆ မိုင်ကျော်အကွာ နန့်ပန်ချောင်း၏ အနောက်ဘက်နယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းစဉ် အက်စ်အက်စ်အေ(ဝမ်ဟိုင်း) အဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အက်စ်အက်စ်အေ(ဝမ်ဟိုင်း) အဖွဲ့မှ အင်အားစုတစ်ချို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် ဝမ်ဟိုင်းဌာနချုပ်၌သာ အခြေပြုနေထိုင်ရန် သတ်မှတ် ထားခဲ့သော်လည်း ဝမ်ဟိုင်းဌာနချုပ်မှ တောင်ဘက် ၁၀ မိုင်ခန့်အကွာ နယ်မြေ အတွင်း၌ အခိုင်အမာ စခန်းဆောက်၍ အခြေပြုနေကြောင်း စိစစ်တွေ့ရှိရသဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးကို မထိခိုက်စေရေး၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး မူဘောင်ဆွေးနွေးမှုများ မထိခိုက်စေရေး သတ်မှတ်နယ်မြေ သို့ ပြန်လည်ဆုတ်ခွာရန်၊ တပ်မတော်က အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ဝမ်ဟိုင်းဌာနချုပ် မူလနယ်မြေသို့ ဆုတ်ခွာခြင်းမရှိသည့်အပြင် တပ်မတော် စစ်ကြောင်းများသို့ ပစ်ခတ်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ရှင်းလင်း တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၆ ရက်မှ ယနေ့အထိ ထိတွေ့တိုက်ခိုက်မှု ၃၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် ၎င်းတို့ အခိုင်အမာ အခြေပြုထားသော ပွိုင့်-၈၅၈၊ ပွိုင့်-၁၂၈၆ နှင့် ပွိုင့်- ၁၃၀၉ လွယ်ခူတောင် ကုန်းများအား သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် အောက်တိုဘာ ၁၆ ရက်နှင့် ၁၈ ရက်များက လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး ဝိန်းကောင် ကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်သို့လည်း အက်စ်အက်စ်အေ(ဝမ်ဟိုင်း)အဖွဲ့ များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ၂ ကြိမ်တိုင်တိုင် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ စစ်သည်များနှင့် အိမ်ထောင်သည်ရဲမေများက ပြန်လည်ခုခံပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ၎င်းအဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။
အဆိုပါဖြစ်စဉ်များတွင် အက်စ်အက်စ်အေ(ဝမ်ဟိုင်း)အဖွဲ့မှ အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ အရာရှိ/စစ်သည်တစ်ချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး အချို့မှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ထိပါးမှုမှ ကာကွယ်နိုင်ရေးတို့အတွက် တပ်မတော်မှ ဆက်လက် နယ်မြေရှင်းလင်းလျက် ရှိကြောင်း သိရသည်။
(မြဝတီ) CR.Tin Ko Win
You must be logged in to post a comment.