Skip to content

#မြန်မာပြည် အေးချမ်းတည်ငြိမ်တိုးတက်စေမည့်နည်းလမ်း

October 14, 2015

မြန်မာပြည် အေးချမ်းတည်ငြိမ်တိုးတက်စေမည့်နည်းလမ်း ================================

12105883_525189724296316_7136530997191889787_n မြန်မာပြည်သည် ရေခဲပြင်နှင့်လည်းကောင်း၊ သဲကန္တာရနှင့်လည်းကောင်း ဝေးကွာသောနေရာ တွင် တည်ရှိပြီး ပူနွေးစွပ်စိုသောရာသီဥတု ရှိသည်။ မိုးရေကိုလုံလောက်စွာရရှိ၍ အပင်မျိုးစုံဖြစ်ထွန်းသော ရာသီဥတုလည်းရှိသည်။ မြေသြဇာကောင်းမွန်ပြီး သီးနှံမျိုးစုံကိုစိုက်ပျိုးနိုင်သော အနိမ့်ပိုင်းလယ်မြေ ကုန်းမြေ ပြန့် နှင့် အမြင့်ပိုင်းတောင်ပေါ်ဆင်ခြေလျှောမြေမျိုးစုံ ရှိသည်။ သဘာဝသယံဇာတတွင် သစ်တော ဝါးတော လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်သောတောင်ကျစမ်းရေ နှင့် မြစ်ချေုာင်းများစွာ ရှိသည်။ တွင်းထွက်ပစ္စည်းများ ဖြစ်သော ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲအမျိုးမျိုး၊ တန်ဘိုးမြင့်ကျောက်မျက်ရတနာများဖြစ်သော ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ သဘာဝလောင်စာဖြစ်သော ရေနံ၊ ဓါတ်ငွေ့နှင့် ကျောက်မီးသွေး စသည်တို့လည်း များစွာ ရှိပါသည်။ နိုင်ငံတကာနှင့်ကူးသန်းရောင်းဝယ်ရန် ပင်လယ်ပြင်နှင့်ထိစပ်နေသောကမ်းရိုးတန်း ရှည်လျှားစွာ ရှိပြီး ထိုပင်လယ်ပြင်တွင် ငါး၊ ပုဇွန်တို့လည်း အလွန်ပေါများသည်။ နိုင်ငံအကျယ်အဝန်းဧရိယာစတုရန်းမိုင် နှစ်သိန်းခြောက်သောင်းကျော်တွင် လူဦးရေသန်းငါးဆယ်ကျော်သာရှိသဖြင့် နယ်မြေနှင့်လူဦးရေသည် ကျပ် တည်းသောအခြေအနေလည်း မဟုတ်။ ထိုသို့သောပကတိတည်ရှိမှုအနေအထားမျိုးတွင် ပုံမှန်အခြေအနေ သာဆိုလျှင် ချမ်းသာကြွယ်ဝသောနိုင်ငံတခု ဖြစ်နေမည်မှာသေချာသည်။ သို့သော် မြန်မာပြည်သည် ဖွံ့ဖြိုးမှု နိမ့်ကျဆုံး (LDC) စာရင်းဝင်နိုင်ငံ တနိုင်ငံ ဖြစ်နေရသည်။ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ (အာဆီ ယံအဖွဲ့)အကြားတွင် တချိန်ကလူနေမှုအဆင့် အမြင့်မားဆုံး၊ တိုးတက်ချမ်းသာဆုံးနိုင်ငံတနိုင်ငံ ဖြစ်ခဲ့သော် လည်း ယခုအခါအာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲကျပ်တည်းဆုံးနိုင်ငံ ဖြစ်နေရသည်။ အဘယ် ကြောင့် ဤသို့ဖြစ်ရှိလာရသနည်း။ သုံးသပ်ဝေဖန်ဆန်းစစ်ရန် လွန်စွာလိုအပ်နေပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ များပြားသော လူဦးရေ၊ စုစည်းနေထိုင်ရာနယ်မြေနှင့် သီးခြားထင်ရှားသောသမိုင်းကြောင်းများစသည့် လူမျိုးတမျိုး၏အင်္ဂါရပ် များဖြင့် ပြည့်စုံသောတိုင်းရင်းသားလူမျိုး များစွာရှိသည်။ ထိုလူမျိုးများထဲမှ အချို့သောလူမျိုးတို့သည် တချိန် က ဗမာလူမျိုးများနှင့်ယှဉ်ပြီး ထီးပြိုင်နန်းပြိုင် သီးခြားနိုင်ငံများဖြင့် တည်ရှိခဲ့ကြသည်။ ထိုသို့သောလူမျိုးစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်သောနိုင်ငံတွင် အာဏာရဗမာလူမျိုးစုများနှင့် အခြားလူမျိုးစုများအကြား ညီညွတ်ခြင်းမရှိ လက်နက်ကိုင်ပဋိပက္ခ နှစ်ပေါင်း(၆၀)ကျော် (၇၀)နီးပါး ဖြစ်ပွားနေကြသည်။ အာဏာရ အစိုးရအဆက်ဆက်အား လက်နက်ကိုင်ခုခံတော်လှန်တိုက်ပွဲဝင်နေကြသော လူမျိုးများမှာ လူမျိုးတမျိုး၏ လက္ခဏာဖြင့်ပြည့်စုံသောလူမျိုးတိုင်းလိုလို ဖြစ်သည်။ ထိုလူမျိုးစုများ၏နာမည်ကိုဖေါ်ပြရလျှင် ကချင်၊ ကရင်၊ ကရင်နီ၊ ကိုးကန့်၊ ချင်း၊ ပလောင်၊ ပအိုဝ်း၊ မွန်၊ နာဂ၊ ရခိုင်၊ ရှမ်း၊ လားဟူ၊ ဝ၊ အာခါ စသည်ဖြင့် အားလုံး ပါဝင်သည်။ ဗမာလူမျိုးစုအတွင်းမှာပင် အစိုးရကိုမလိုလားသဖြင့် လက်နက်ကိုင်တော်လှန်နေသည့် အဖွဲ့များ ရှိသည်။ လူမျိုးရေးအပေါ်အခြေမခံ နိုင်ငံရေးဝါဒအပေါ်တွင်အခြေခံသည့် အလံနီကွန်မြူနစ်ပါတီ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပါလီမန်ဒီမိုကရေစီပါတီ/ပြည်ချစ်တပ်မတော် စသည်တို့မှာ တချိန်ကပြင်ပအကူအညီများ ရရှိပြီး အားကောင်းခဲ့သော်လည်း လူမျိုးရေး (သို့မဟုတ်) အမျိုးသားရေးအပေါ်အခြေခံသော အဖွဲ့အစည်းများ ကဲ့သို့ ရေရှည်မတည်တံ့နိုင်ခဲ့ကြပါ။ အမျိုးသားရေးအပေါ်အခြေခံသော အဖွဲ့အစည်းများသည် မည်သည့် နိုင်ငံခြားအကူအညီကိုမျှ မရခဲ့ပါ။ မိမိတို့ဆိုင်ရာအမျိုးသားပြည်သူများ၏ ကိုယ်ပိုင်ဆန္ဒဖြင့် ပါဝင်တာဝန်ယူမှု၊ ကူညီအားပေးမှုဖြင့် ရပ်တည်လာခဲ့ကြသည်။ ဤသို့ရှည်ကြာစွာ ရပ်တည်နိုင်ခြင်းမှာ အမျိုးသားရေးပြဿနာ သည် လူတန်းစားအရေး၊ ဒီမိုကရေစီအရေးတို့ထက် ပိုမိုလေးနက်ကြောင်း သက်သေပြနေပေသည်။ ဗမာမဟုတ်သော ထင်ရှားသည့်လူမျိုးစုအားလုံးမှ အဘယ်ကြောင့်အစိုးရကို နှစ်ပေါင်းရှည်ကြာစွာ လက်နက် ကိုင်တော်လှန်နေကြပါသနည်း။ အာဏာရအစိုးရအဆက်ဆက်တို့မှာ မဟာလူမျိုးကြီးဝါဒကိုကိုင်စွဲပြီး အခြားသော လူမျိုးစုများ၏ အမျိုးသားရေးဆိုင်ရာအခွင့်အရေးများကို အာဏာသုံးပိတ်ပင်၍ နည်းပေါင်းစုံဖြင့် ရေရှည်တွင် ဗမာလူမျိုးဖြစ်သွားအောင် ဝါးမျိုနေခြင်းကြောင့် ဖြစ်သည်။ အခြားတိုင်းရင်းသားလူမျိုးများအပေါ် လူမျိုးရေးအရဝါးမျိုဖျောက်ဖျက်နေသည်ကို သိမြင်နိုင်ရန် ထင်ရှားသောလုပ်ရပ်အချို့ကို ထောက်ပြရမည်ဆိုလျှင် – ၁။ ပြည်ထောင်စုကြီးအတွင်း ဗမာစကားနှင့် ဗမာစာပေကိုသာ ရုံးသုံးဘာသာအဖြစ် ပြဌါန်းထားခြင်းသည် အခြားသောဘာသာစကားနှင့် စာပေတို့ကို တန်ဘိုးမဲ့ အသုံးမကျအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ၎င်းအပြင် ပြည်ထောင်စုကြီးတခွင်လုံးရှိ အစိုးရစာသင်ကျောင်းများတွင် ဗမာစာကိုသာ သင်ကြားစေသည်။ နယ်စွန်နယ်ဖျား တိုင်းရင်းသားကျေးရွာများတွင် ဗမာစကားနားမလည်သော ကလေးများကိုလည်း ဗမာစာသာသင်ကြားရန် စီမံထားသည်။ ဗမာစာကိုမူလတန်းမှ တက္ကသိုလ်အထိ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားနေသော်လည်း အခြားတိုင်းရင်းသားစာပေများကို ၎င်းတို့ဒေသမြို့ရွာများ ၌ မူလတန်းအဆင့်လောက်ပင် သင်ကြားခွင့် မပြုခဲ့ပါ။ ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်အစိုးရ လက်ထက်တွင် အချို့သောတိုင်းရင်းသားများမှ ၎င်းတို့အစီအစဉ်ဖြင့် ငွေကြေးအကုန်ခံ၍ ဖွင့်လှစ် သင်ကြားနေသောစာသင်ကျောင်းများတွင် ၎င်းတို့စာပေ သင်ကြားနေသည်ကို ဗမာစစ်ဗိုလ်အချို့က အာဏာသုံး ပိတ်ပင်ခဲ့သည်။ (၂၀၀၅ နှင့် ၂၀၀၆ တို့တွင် မွန်ဒေသ နှင့် ရှမ်းဒေသတွင် ဖြစ်ခဲ့သည်။) လူမျိုးတမျိုးမှာ စာပေပျောက်လျှင် ဘာသာစကားလည်း ချို့ယွင်း ပျက်ပြား ပျောက်ကွယ်လာမည်ဖြစ်ပြီး ၎င်းတို့၏ဘာသာစကားမရှိတော့သောအခါ ထိုလူမျိုးသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။ ဤဖြစ်စဉ်ကို သိမြင်၍ အစီအစဉ်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရှုမြင်သည်။ ၂။ ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်အစိုးရလက်ထက်တွင် ၎င်းတို့၏ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန် အတွက် ရန်ကုန်မြို့တွင် အမျိုးသားဇါတ်ရုံ ပဒုံမာဇါတ်ရုံတို့ကိုလည်းကောင်း၊ မန္တလေးမြို့တွင် အထက် မြန်မာပြည်ဆိုင်ရာအမျိုးသားဇါတ်ရုံကိုလည်းကောင်း တည်ဆောက်ပြီး ဗမာတို့၏ရိုးရာ ဆို-က-ရေး-တီး ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပကာ ဆုလာဘ်ပေး၍ အားပေးမြှင့်တင်ခဲ့သည်။ ထို့ပြင် ယဉ်ကျေးမှု တက္ကသိုလ်ကိုလည်း ဖွင့်လှစ်ထားသည်။ သို့သော် အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို အားပေး မြှင့်တင်ခြင်း လုံးဝမရှိခဲ့ပါ။ ၃။ လူမျိုးဆိုင်ရာသမိုင်းအထောက်အထားများကို ထိန်းသိမ်းဖေါ်ထုတ်ရာတွင် ဗမာလူမျိုးတို့၏သမိုင်း ကိုသာ ဖေါ်ထုတ်ထိန်းသိမ်းပြီး အခြားလူမျိုးများ၏သမိုင်းကို ဖျောက်ဖျက်နေသည်။ စာသင်ကျောင်း များတွင် သင်ကြားနေသော သမိုင်းစာအုပ်များတွင် ဗမာတို့၏သမိုင်းကိုသာ ရေးသားသင်ကြားနေပြီး အခြားတိုင်းရင်းသားလူမျိုးများ၏သမိုင်းကို ဖေါ်ပြခြင်း လုံးဝမရှိပါ။ သမိုင်းအထောက်အထား ထင်ရှား စေသော အဆောက်အဦများကို ထိန်းသိမ်းရာတွင်လည်း မညီမျှသောသဘောထားများကို တွေ့ရသည်။ ၎င်းတို့၏သမိုင်းကို ထင်ရှားစေရန် ပုဂံမြို့ဟောင်းကို ကောင်းစွာကာကွယ်ထိန်းသိမ်းထားရှိခြင်း၊ မန္တလေး ရွှေဘို ပဲခူးမြို့တို့တွင် နှစ်ပေါင်းရာချီ ပျက်စီးပျောက်ကွယ်နေပြီဖြစ်သော ၎င်းတို့၏နန်းတော်များကို ငွေကြေးများစွာ အကုန်ခံ၍ ပြန်လည်ဆောက်လုပ်ခဲ့သည်။ အခြားတဖက်တွင် ရှမ်းလူမျိုးများ၏သမိုင်း ကို ထင်ရှားစေသည့်အကောင်းပကတိ တည်ရှိနေသောဟော်နန်းများထဲမှ အကောင်းဆုံးဖြစ်သည့် ကျိုင်းတုံဟော်နန်းကို ၁၉၉၁ ခုတွင် စစ်အစိုးရက ဖျက်ဆီးလိုက်သည်။ သီပေါဟော်နန်းကိုလည်း လူအများဝင်ရောက်ကြည့်ရှု၍မရအောင် ၂၀၀၆ ခုနှစ်တွင် ပိတ်ထားလိုက်သည်။ ၂၀၀၇ ခုနှစ်တွင် ညောင်ရွှေဟော်နန်းကိုလည်း ပုံစံပြောင်းပြီး ဗုဒ္ဓပြတိုက် လုပ်လိုက်ကြသည်။ ပဲခူးမြို့တွင် ၎င်းတို့ နန်းတော်ကို တည်ဆောက်လိုက်ခြင်းမှာလည်း နှစ်(၃၀)ခန့်သာ ဗမာဘုရင် ဘုရင့်နောင် နန်းစံခဲ့ဘူး သည်ကို ဖေါ်ထုတ်လိုက်ခြင်းဖြင့် နှစ်ပေါင်းတစ်ထောင်နီးပါး မွန်ဘုရင်များနန်း စံခဲ့သည်ကို ဖုံးကွယ်ရန် ကြံစီလုပ်ဆောင်ခဲ့သည်။ ထိုသို့ ဗမာတို့၏ ဘာသာစကား စာပေ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ပြီး အခြားသောလူမျိုးများ၏ ဘာသာစကား စာပေ ယဉ်ကျေးမှု သမိုင်းအမွေအနှစ် များအား ပျက်ပြားပျောက်ကွယ်သွားအောင် လုပ်ဆောင်နေခြင်းသည် အာဏာရဗမာအစိုးရတို့၏ မဟာလူမျိုးကြီးဝါဒဖြင့် အခြားသောလူမျိုးများအား ဝါးမျိုနေသည့်လုပ်ရပ်ကို ထင်ရှားစေသည့် သက်သေအထောက်အထားများ ဖြစ်သည်။ ကမ္ဘာပေါ်ရှိလူမျိုးတိုင်းသည် မိမိတို့၏လူမျိုးကိုချစ်ကြပြီး မိမိတို့လူမျိုးပျောက်ကွယ်သွားမည်ကို အလွန်ပင် စိုးရိမ်ကြသည်။ ထို့ကြောင့်ပင် မိမိတို့လူမျိုးအတွက် အသက်ကိုပင်အသေခံ၍တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။ တချိန်က နယ်ချဲ့အင်္ဂလိပ်တို့လက်အောက်ကျရောက်ခဲ့စဉ်က ဗမာစကား ဗမာစာပေ မှေးမှိန်လာ သောအခါ ဗမာလူမျိုးတို့ မည်မျှစိုးရိမ်ပြီး မည်သို့ရုန်းကန်လာခဲ့ရသည်ကို ပြန်လည်သုံးသပ်၍ အခြားသော တိုင်းရင်းသားများအပေါ် စာနာထောက်ထားရန် လိုပါသည်။ ထိုသို့မစာနာသောလုပ်ရပ်ကြောင့် လွတ်လပ် ရေးရပြီးမကြာမီတွင်ပင် အချို့သောတိုင်းရင်းသားများက လက်နက်ကိုင်တော်လှန်လာကြသည်။ ထိုသို့ဖြစ်လာ သည်ကို နယ်ချဲ့တို့၏သွေးထိုးမှုကြောင့်ဟု အခြားသူများအပေါ်တရားခံမရှာပဲ အာဏာရ ဗမာခေါင်းဆောင် တို့၏ သဘောထားနှင့် လုပ်ရပ်များအပေါ် ပြန်လည်သုံးသပ် တွက်ချက်ကြည့်ရန် လိုပါသည်။ လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံရှိ ပိုင်နက်နယ်မြေတခွင်လုံး၏နောက်ခံသမိုင်းကို ပြန်ကြည့်လျှင် တချိန်က မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့၏ ထီးပြိုင်နန်းပြိုင် ဘုရင့်နိုင်ငံများနှင့် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဝ တို့၏ ကိုယ်ပိုင်စီမံအုပ်ချုပ်နေကြသည့် နယ်မြေများဖြစ်သည်။ သက်ဦးဆံပိုင်ဘုရင်ဧကရာဇ်တို့ခေတ်တွင် အားကြီး သူက အားငယ်သူကို တိုက်ခိုက်ပြီး နယ်မြေကိုသိမ်းပိုက် လက်အောက်ခံအဖြစ်ထားကြသည်မှာ ခေတ် ကာလ၏သဘာဝပင်ဖြစ်သော်လည်း နယ်ချဲ့အင်္ဂလိပ်တို့ လာရောက်သိမ်းပိုက်လိုက်သောအခါ တိုင်းရင်းသား လူမျိုးအားလုံး ၎င်းတို့၏ကျွန်ဖြစ်ခဲ့ကြရသည်။ ဘဝတူကျွန်အဖြစ် နှစ်ပေါင်းတစ်ရာကျော်ရှိလာသောအခါ ယင်းဘဝမှ လွတ်မြောက်ရန်အတွက် လူတမျိုးတည်းက တိုက်၍မနိုင်မှန်းသိသဖြင့် လူမျိုးအားလုံး စုပေါင်းပြီး နယ်ချဲ့များကို မောင်းထုတ်ရန် ပေါင်းစည်းလက်တွဲ တိုက်ပွဲဝင်လာခဲ့ကြသည်။ ထိုသို့စုပေါင်းလက်တွဲတိုက်ပွဲ ဝင်နိုင်ရေးအတွက် ဘဝတူတိုင်းရင်းသားအချင်းချင်း ညီရင်းအစ်ကိုများဖြစ်ကြပြီး အောင်ပွဲရလာသောအခါ အခွင့်အာဏာကို ညီတူညီမျှခွဲယူကြမည်ဟု ဗမာခေါင်းဆောင်များက ဂတိပေးထားခဲ့သည်။ အခြေအနေ အရပ်ရပ်ကြောင့် အင်္ဂလိပ်တို့ဆက်လက်ထိန်းချုပ်သွားရန် မဖြစ်နိုင်သောအခါ တောင်တန်းဒေသများကို ချန် လှပ်၍ မြေပြန့်ပြည်မပိုင်းကို လွတ်လပ်ရေးပေးရန် သဘောတူလက်ခံလာသည်။ ထိုအခါ တောင်တန်းဒေသရှိ ကချင်၊ ချင်း၊ ရှမ်းတို့က ဗမာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ညှိနှိုင်းပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်အပေါ်အခြေခံသော ပြည်နယ်ပေါင်းစုပြည်ထောင်စု (ဖက်ဒရယ်ပြည်ထောင်စု) ကို တည်ဆောက်သွားရန်နှင့် လွတ်လပ်ရေးကို အတူပူးပေါင်း တောင်းဆိုသွားရန် ပင်လုံစာချုပ်ဖြင့် သဘောတူ ညီမှု ယူခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးရလာသောအခါ တောင်တန်းသားတွေကို ပြည်နယ်နှင့် ဝိဒေသ တိုင်းအဆင့်ပေးပြီး ဗမာတို့က ပြည်မယူ၍ ပြည်နယ်များအပေါ် လွှမ်းမိုးထိန်းချုပ်ခဲ့သည်။ လွတ်လပ်ရေး အတွက် အတူတိုက်ပွဲဝင်ခဲ့သော မြေပြန့်သား ကရင်၊ ပအိုဝ်း၊ မွန် နှင့် ရခိုင် တို့အား မည်သည့်အခွင့်အရေး မျိုးမှ မပေးခဲ့ပါ။ ၎င်းတို့မှ ၎င်းတို့လူမျိုးအတွက် အခွင့်အရေးများ တောင်းဆိုလာသောအခါ အင်အားသုံး အရေးယူလာခဲ့သည်။ ထိုသို့ဗမာခေါင်းဆောင်များ ဂတိသစ္စာမတည်ခဲ့သည့်အတွက် နောက်ပိုင်းတွင် တိုင်းရင်း သားများ၏ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာရသည်။ အစပိုင်းတွင် ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်တို့သာ လက်နက်ကိုင်တော်လှန်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထင်ရှားသောလူမျိုးတိုင်းလိုလိုက လက်နက်ကိုင် တော်လှန်လာကြသည်။ ဤသည်မှာ ဗမာမဟုတ်သောတိုင်းရင်းသားတို့၏ လူမျိုးရေးအမြင် ကျဉ်းမြောင်းခြင်း နှင့် အစွန်းရောက်သောသဘောထားကြောင့်မဟုတ်၊ အင်္ဂလိပ်တို့၏သွေးထိုးမှုကြောင့်လည်းမဟုတ်ပဲ အာဏာရဗမာခေါင်းဆောင်များက မဟာလူမျိုးကြီးဝါဒ ကျင့်သုံးမှုလွန်ကဲခြင်းကြောင့် ပြည်တွင်းစစ် ဖြစ်ပေါ် လာခဲ့ရကြောင်း သိသာထင်ရှားသည်။ ဖြစ်ရှိလာသောပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းရေးနှင့်ပတ်သက်၍ အာဏာရအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏သဘောထားကို လေ့လာသုံးသပ်လိုက်သောအခါ ဤသို့တွေ့ရှိ ရပြန်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ပြည်တွင်းစစ် (၁၀)နှစ်ပြည့်သော ၁၉၅၈ ခုနှစ်တွင် ဦးနုခေါင်းဆောင်သည့် သန့်ရှင်း (ဖ.ဆ.ပ.လ)အစိုးရသည် အတိတ်ကာလဖြစ်စဉ်အားလုံးကို သင်ပုန်းချေပြီး တိုင်းပြည်အေးချမ်းတိုးတက်ရေးအတွက် ဒီမိုကရေစီဘောင်အတွင်းမှ ပြည်သူလူထု၏ဆန္ဒသဘောထားကို အလေးထား၍ အတူတကွပူးပေါင်းလုပ်ဆောင်ကြရန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကို ဖိတ်ခေါ် ခဲ့သည်။ ထိုသို့ဖိတ်ခေါ်ရာတွင် ‘‘လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေး’’ ကြွေးကြော်သံကို သုံးခဲ့သည်။ ထိုအခါ ဒီမိုကရေစီအခွင့်အရေးမရှိ၍ လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့ကြရသည်ဟု ခံယူထားသော အဖွဲ့အစည်း များက ပြည်သူလူထုအကျိုးအတွက် နိုင်ငံရေးလုပ်လျှင် ပြည်သူလူထု၏အဆုံးအဖြတ်ကို ခံယူရမည်ဟု သုံးသပ်ပြီး လက်နက်ကိုအပ်၍ နိုင်ငံရေးပါတီထောင်ခဲ့ကြသည်။ ထိုသို့လက်နက်နှင့်ဒီမိုကရေစီ လဲလှယ် ရာတွင် ပအိုဝ်း၊ မွန်၊ ရခိုင် တိုင်းရင်းသားအဖွဲ့အစည်း(၃)ဖွဲ့တို့ ပါဝင်ခဲ့သည်။ ထိုအဖွဲ့အစည်းများသည် ခက်ခက်ခဲခဲ စုစည်းလာခဲ့ရသောလက်နက်အားလုံးကိုအပ်နှံပြီး နိုင်ငံရေးပါတီထောင်ကာ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြသည်။ ထိုရွေးကောက်ပွဲတွင် မဲခိုး မဲလိမ် ခြိမ်းခြောက်မှု မျိုးစုံနှင့် ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့၏ကိုယ်စားလှယ်အနည်းအကျဉ်းသာ အရွေးခံခဲ့ရသည်။ သို့သော်လည်း ဗမာမဟုတ်သောတိုင်းရင်းသားအမတ်များနှင့် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များစုပေါင်းပြီး ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို စုပေါင်းညှိနှိုင်းရေးသား၍ အတုအယောင်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနေရာတွင် အစားထိုးရန် စုပေါင်းတင်ပြလာကြသည်။ ဒီမိုကရေစီဘောင်အတွင်းမှ ၎င်းကိစ္စ တောင်းဆိုမှု အားကောင်းလာသောအခါ ၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် တိုင်းပြည် ချောက်ထဲကျ တော့မည်ဟုအကြောင်းပြပြီး တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းမှ အာဏာသိမ်း၍ စစ်အာဏာရှင် စနစ်ဖြင့် တိုင်းပြည်ကိုနှစ်ပေါင်းများစွာအုပ်ချုပ်လာခဲ့သည်။ ၎င်းလက်ထက်တွင် ယခင်ရှိပြီးသား တိုင်းရင်းသား အခွင့်အရေးများကိုပင် ပိတ်ပင်လျှော့ချလာခဲ့သည်။ အာဏာသိမ်းဗိုလ်ချုပ်ကြီးနေဝင်းစစ်အစိုးရသည် ၁၉၆၃ ခုနှစ်တွင် အစိုးရအား လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အားလုံးကိုဖိတ်ခေါ်ဆွေးနွေးခဲ့သည်။ သို့သော် ၎င်းကိုင်စွဲထားသည့်မူမှာ ‘‘လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရေး’’ ဖြစ်နေ၍ အဖွဲ့အစည်းအားလုံးနီးပါးက လက်မခံကြပါ။ စောဟန်တာ သာမွေး နှင့် ဗိုလ်မှူးကြီးလင်းထင်တို့ဦးဆောင်သော ကရင်တော်လှန်ရေးကောင်စီ (KRC) မှ လက်ခံပြီး ဝင်ရောက်ပူးပေါင်းခဲ့ရာ (၂)လမျှအကြာတွင် ဗိုလ်မှူးကြီးလင်းထင် အသတ်ခံလိုက်ရပြီး ၎င်း၏တပ်ဖွဲ့များလည်း ပြန့်ကျဲကုန်ဆုံးခဲ့ရသည်။ သခင်စိုးဦးဆောင်သော အလံနီကွန်မြူနစ်ပါတီကလည်း အခွင့်အရေးကောင်းတရပ် လက်လွတ်မသွားရေးအတွက် ဝင်ရောက်ညှိနှိုင်းသောအခါ သခင်စိုးအားဖမ်းဆီးလိုက်ပြီး ထောင်သွင်း အကျဉ်းချထားလိုက်သည်။ ဤသို့ဖြင့် အလံနီကွန်မြူနစ်ပါတီလည်း ပျက်ပြုန်းခဲ့ရသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အစိုးရလက်ထက်တွင် စစ်အင်အားကို အကြီးအကျယ်တိုးချဲ့တည်ဆောက်ပြီး တော် လှန်ရေးအင်အားစုများကို ချေမှုန်းနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ ‘‘ဖြတ်လေးဖြတ် – ဝိုင်းပတ်ပိတ်ဆို့’’ နည်းဗျူဟာများကိုသုံးပြီး ဒေသအနှံ့အပြားတွင် ထိုးစစ်ကြီးများလုပ်ခဲ့သည်။ နိုင်ငံဘဏ္ဍာငွေကိုလည်း အများအပြားသုံးစွဲခဲ့သည်။ ထို့ကြောင့် ၎င်း၏လက်ထက်တွင် မြန်မာပြည်ခေတ်နောက်ကျ ဆင်းရဲနွမ်းပါးခဲ့ရ သည်။ ဖြတ်လေးဖြတ်စစ်ဗျူဟာအရ တော်လှန်ရေးသမားများနှင့် ပြည်သူကိုအဆက်ဖြတ်နိုင်ရေးအတွက် ကျေးရွာများစွာကို အဓမ္မဖျက်ဆီးရွှေ့ပြောင်းခြင်း၊ လူထုကိုအထမ်းသမားအဖြစ် ပေါ်တာဆွဲခြင်း၊ သူပုန်နှင့် ဆက်သွယ်သည်ဟုထင်မြင်လျှင်သတ်ဖြတ်ခြင်း စသည့်လူ့အခွင့်အရေးချိုးဖေါက်ခြင်းများကိုလည်း အကြီး အကျယ် လုပ်ဆောင်ခဲ့သည်။ ဤဒါဏ်ကို ပြည်သူများမခံနိုင်သောအခါ (၈)လေးလုံးဟုခေါ်သော တပြည်လုံး အုံကြွဆန့်ကျင်မှုဖြစ်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးနေဝင်းလည်း နိုင်ငံခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ရသည်။ ဒုတိယအကြိမ်စစ်အာဏာသိမ်းခြင်းဟု ပြောနေကြသော ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဒု-ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့် တို့ဦးဆောင်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န.ဝ.တ) နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(န.အ.ဖ)ခေတ်ကာလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများမှ နိုင်ငံရေးအရဆွေးနွေးရန်တောင်းဆိုလာသောအခါ ၎င်းတို့သည် အာဏာ သိမ်းစစ်အစိုးရဖြစ်၍ နိုင်ငံရေးကိစ္စကိုအဆုံးအဖြတ်ပေး၍မရကြောင်း၊ ပြည်သူလူထုမှရွေးကောက်တင် မြှောက်သောအစိုးရတရပ် ပေါ်ပေါက်လာသည့်အခါဆွေးနွေးမည်ဟု ဂတိပေးထားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြီးလျှင် ရွေးကောက်ပွဲ လုပ်ပေးမည်။ နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးမီ အပစ်ရပ်ထားစဉ် အတွင်း မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ကြပါဟု ပြောခဲ့သည်။ သို့သော် ထိုသို့အပစ်ရပ်ထားစဉ် အတွင်း ၂၀၀၅ ခုနှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (PSLF) နှင့် ရှမ်းပြည်အမျိုးသား တပ်မတော် (SSNA) အဖွဲ့တို့ထံမှ လက်နက်များကို အကြပ်ကိုင်သိမ်းယူခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ပအိုဝ်းနီခေါ် (ရလလဖ)အဖွဲ့ဝင်များထံမှ လက်နက်များကို အကြပ်ကိုင်သိမ်းယူခဲ့ပြန်သည်။ ၂၀၀၈ ခုနှစ်တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိမ်လည်အတည်ပြုပြီးနောက် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လာသောအခါ အပစ်ရပ်အဖွဲ့များအား နိုင်ငံရေးဆွေးနွေးမည်ဆိုသည့်စကားကို လုံးလုံးမပြောတော့ပဲ အသက်ကြီးသူများ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ကြ၊ ငယ်ရွယ်သည့်တပ်ဖွဲ့ဝင်များအား နယ်ခြားစောင့်တပ် သို့မဟုတ် ဒေသခံပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရမည်။ လက်မခံငြင်းဆန်ပါက ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပြောဆိုအကြပ်ကိုင်လာသည်။ ဤအခြေအနေတွင် တော်လှန်ရေးစိတ်ဓါတ် မခိုင်မာသောအဖွဲ့များက ၎င်းတို့လက်အောက်ရောက်ရှိသွားကြသည်။ အာဏာရဗမာအစိုးရ အဆက်ဆက် တို့၏ နိုင်ငံအေးချမ်းတည်ငြိမ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့်လုပ်ရပ်များအပေါ် သုံးသပ်ကြည့်ပါက လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် အေးချမ်းစွာဆွေးနွေးဖြေရှင်းခြင်းကို ရှောင်ပြီး လက်နက် ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနှင့် ၎င်းတို့လက်အောက် ဒူးထောက်ဝင်ရောက် လာရေးအတွက်သာ လုပ်ဆောင်လာခဲ့သည်ကို တွေ့ရသည်။ ဗမာမဟုတ်သောတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ များ၏ဦးတည်ချက်သည် ၎င်းတို့လူမျိုးအတွက် ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိနိုင်ရန်ဖြစ်သည်။ ၎င်းသည် နိုင်ငံရေးပြဿနာဖြစ်သောကြောင့် နိုင်ငံရေးအရဆွေးနွေးဖြေရှင်းသည့်နည်းမှတပါး အခြားသော နည်းဖြင့် ဖြေရှင်း၍ရနိုင်မည် မဟုတ်ပါ။‪ #‎အပြည့်အစုံဖတ်ရန်‬ >>> PDF Download Link >>> http://www.docdroid.net/To6OszM/article-for-peace-and-development.pdf.html http://www.docdroid.net/To6OszM/article-for-peace-and-development.pdf.html

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: