Skip to content

#Boat #People #ပြဿနာတွေရဲ့ “အဖြေ” #က ဘာလဲ (မှူးဇော်)

May 21, 2015

Boat People ပြဿနာတွေရဲ့ “အဖြေ” က ဘာလဲ (မှူးဇော်)

အီးယူရေတပ်ရဲ့ “လှေဖျက်စစ်ဆင်ရေး”

BOAT PEOPLE

၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး လူပေါင်း ၁၈၀၀ သေဆုံးမှုတွေ တွေ့ကြုံခဲ့ရတဲ့ မက်ဒီတာရန်း ပင်လယ်ပြင်က လူမှောင်ခိုကူးသူတွေကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အီးယူက မေလ ၁၈ ရက်နေ့ မှာ သဘောတူခဲ့ကြပါတယ်။ အာဖရိကမြောက်ပိုင်းကနေ ဥရောပကမ်းခြေကို ထွက်ခွါလာတဲ့ ပင်လယ် ပြင်က လှေတွေကို အသက်အန္တရာယ် ကြီးကြီးမားမား မရှိသေးချိန် လစ်ဗျားပင်လယ်ပြင်မှာ စစ်သင်္ဘော တွေနဲ့ တိုက်ခိုက်ချေမှုန်းဖို့ သဘောတူညီခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ သဘောတူညီချက် ရယူဖို့တော့ လိုအပ်နေပါသေးတယ်။ ဒီတာဝန်ကို ဆောင်ရွက်နိုင်ဖို့ အတွက် လစ်ဗျားနိုင်ငံအနေနဲ့ ပိုင်နက်ရေပြင်မှာ ဥရောပစစ်သင်္ဘောတွေ ၀င်ရောက်လှုပ်ရှားနိုင်ဖို့ ခွင့်ပြု ပေးရမှာပဲ ဖြစ်ပါတယ်။

အီးယူရဲ့နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ တစ်ဦးဖြစ်တဲ့ Federica Mogherini ကတော့ လှေနဲ့ လူ မှောင်ခိုတွေပင်လယ်ပြင်ထွက်မလာခင်အချိန်မှာ ကုလသမဂ္ဂအနေနဲ့ အီးယူရဲ့ဆုံးဖြတ်ချက်ကို အတည်ပြု ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီးယူအနေနဲ့ လူမှောင်ခိုတွေ ကို ကုန်းမြေမှာရော ပင်လယ်ပြင်မှာပါ နှိမ်နင်းနိုင်ဖို့အတွက် လစ်ဗျားနိုင်ငံက တာဝန်ရှိသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အပြည့်အ၀ ရရှိဖို့လည်း မျှော်လင့်ထားကြောင်း ပြောပါတယ်။ အစပိုင်းမှာ အီးယူဥက္ကဌ က Boat People တွေကို အီးယူနိုင်ငံတွေ ခွဲဝေပြီး တာဝန်ယူဖို့ ပြောကြားခဲ့တဲ့အချိန်မှာ အပြင်းအထန် ကန့်ကွက်ပယ်ချခဲ့တာက ဗြိတိန်နိုင်ငံ ဖြစ်ပါတယ်။
တစ်ကယ်တော့ Boat People လို့ခေါ်တဲ့ ပြဿနာဟာ အီးယူနိုင်ငံအတွက်တော့ ခုမှအသစ်ဖြစ် ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ လှေစီးလူသားတွေ ပင်လယ်ပြင်မှာ သေကြေဆုံးရှုံးနေကြတာလည်း အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူဦးရေ (၈)သန်း နေရာရွှေ့ပြောင်းတိမ်းရှောင် မှုတွေ ဖြစ်ခဲ့ရပြီး လူ(၄)သန်းဟာ နိုင်ငံပြင်ပ လွတ်ရာကျွတ်ရာ ထွက်ပြေးခဲ့ရပြီးတဲ့နောက် အိမ်နီးချင်း နိုင်ငံတွေမှာ ရေကြည်ရာ မြက်နုရာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ဒီထဲကမှ တချို့က လစ်ဗျားကို ရောက်လာကြတယ်။ တချို့ကတော့ ဆာဟာရသဲကန္တာရကို ဖြတ်ကျော်ရတဲ့ လူမှောင်ခိုလမ်းကြောင်းကြီး အတိုင်း အီဂျစ်၊ ဆူဒန်တို့ကို ထွက်ပြေးကြပါတယ်။ ဒီလူတွေဟာ အီရစ်ထရီးယားက ထွက်ပြေးလာတဲ့ လူတွေနဲ့ ရောနှောသွားပြီး ဥရောပကမ်းခြေတွေဆီ ထွက်ခွါလာခဲ့ကြတာ ဖြစ်ပါတယ်။ UNHCR ရဲ့ စာရင်း ဇယားတွေအရ ယခုနှစ်အတွင်း အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ လှေစီးလူတွေဟာ နှစ်သိန်းခြောက် သောင်းကျော်အထိ ရှိလာခဲ့ပြီ လို့လည်း ဆိုပါတယ်။ ဒီနည်းအတိုင်းပဲ လစ်ဗျား၊ အီရီထရီးယား၊ အာဖဂန် နစ္စတန်၊ မာလီ၊ ဂမ်ဘီယာ၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ ပါလက်စတိုင်း၊ ဆီနီဂေါနဲ့ အခြားဒေသများက လှေစီးလူသားတွေဟာ ဂျာမဏီ၊ ဆွီဒင်၊ အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ နယ်သာလန်၊ ဗြိတိန်၊ ဘယ်လ် ဂျီယန်၊ ဘူလ်ဂေးရီးယား၊ ဒိန်းမတ်စတဲ့ ဥရောပနိုင်ငံတွေဆီကို တအိအိနဲ့ ရောက်ရှိနေခဲ့ကြတာ ဖြစ် ပါတယ်။ အန္တရာယ်များလှတဲ့ လူမှောင်ခို တစ်ယောက် ပင်လယ်ပြင်ခရီးစဉ်တစ်ခေါက်ကို ဒေါ်လာ ငါးရာ ကနေ ဒေါ်လာ တစ်ထောင်အထိ လူမှောင်ခိုဂိုဏ်းတွေကို ပေးရတယ်လို့ ဆိုပါတယ်။

အခုတော့ အီးယူရဲ့ ဆုံးဖြတ်ချက်က လူတွေ မှောင်ခိုတင်ဆောင်လာတဲ့ လှေတွေကို လစ်ဗျား ပင်လယ်ပြင်မှာပဲ စစ်သင်္ဘောတွေနဲ့ တိုက်ခိုက်နှစ်မြုပ်ပြီး လူမှောင်ခိုစီးပွားရေးပုံစံတွေကို ချေမှုန်းဖို့ ဖြစ် ပါတယ်။ ဒီလုပ်ဆောင်ချက်ကို လှေဖျက်စစ်ဆင်ရေး “Boat Destroyer Mission” လို့ ခေါ်တွင်ထားပါ တယ်။ ဒီစစ်ရေးတာဝန်ကို ကွပ်ကဲမယ့် အီးယူစစ်ဌာနချုပ်တစ်ရပ်ကို အီတလီနို်င်ငံ ရောမမြို့မှာ အခြေ စိုက်မှာ ဖြစ်ပြီး အီတလီရေတပ်ဗိုလ်ချုပ်ကြီး Enrico Credendino က အမိန့်ပေး ကွပ်ကဲမှာ ဖြစ်ပါတယ်။ အီတလီရေတပ်က အဓိက တာဝန်ယူမယ့် ဒီရေတပ်စစ်ဆင်ရေးမှာ အဆင့်(၃)ဆင့် ပါရှိကြောင်း သိရှိရ ပါတယ်။ အဆင့်(၁) လူမှောင်ခိုတွေနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းတွေ ရယူစုဆောင်းခြင်း၊ (၂) လူမှောင်ခို လှေတွေကို ထောက်လှမ်းရှာဖွေခြင်းနဲ့ စစ်ဆေးခြင်း၊ (၃) ပင်လယ်အတွင်းပိုင်း အသက် အန္တရာယ် ဖြစ်စေတဲ့ ရေပြင်တွေဆီ မရောက်ခင် လက်ဦးမှု ရယူပြီး ကြားဖြတ်တိုက်ခိုက်ခြင်း၊ လှေများကို ဖျက်ဆီးနှစ်မြုပ်ခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးရဲ့ တတိယအဆင့်ဟာ လစ်ဗျားပိုင်နက်ရေပြင်ထဲ ၀င်ရောက်ပြီး တိုက်ခိုက်နှိမ်နင်းရမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံရဲ့ ခွင့်ပြုချက် ရရှိဖို့ လိုပါတယ်။ အလားတူ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။

အီးယူနိုင်ငံတွေအတွက် Boat People ပြဿနာဟာ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲနေတဲ့ ပြဿနာ ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလူတွေကို အ၀င်မခံ လှေပေါ်တင်ပြီး ပြန်လွှတ်ရင်လည်း လူ့အခွင့်အရေး အလေးထားတဲ့ အီးယူနိုင်ငံကြီးတွေအတွက် ကိုယ့်ပေါင်ကိုယ် လှန်ပြီးထောင်းသလို ဖြစ်မှာပါပဲ။ ဒါပေ မယ့် တအိအိနဲ့ တိုးဝင်လာနေတဲ့ လှေစီးလူသားတွေကို မတားပြန်ရင်လည်း မြောက်အာဖရိကနဲ့ အရှေ့ အလယ်ပိုင်းက ခိုးဝင်လာသူတွေလက်ထဲကို အီးယူကမ်းခြေတွေ တစ်ခု ပြီးတစ်ခု ကျဆုံးသွားဖို့ ရှိနေ ပါတယ်။ ခုတော့ ရေတပ်စစ်ဆင်ရေးနဲ့ ရေနက်ပင်လယ်မရောက်ခင် လှေတွေနှစ်မြုပ်တာက အကောင်း ဆုံး နည်းလမ်းဖြစ်ကြောင်း ရွေးချယ်လိုက်ကြပြီ ဖြစ်ပါတယ်။ အီးယူရဲ့ အဆိုအရ ပင်လယ်ပြင်ထွက်နိုင်တဲ့ လှေတစ်စီးရဲ့ တန်ဖိုးဟာ မနည်းလှဘဲ ဒီလှေတွေကို ရင်းပြီး လူမှောင်ခိုတွေ ဂိုဏ်းဖွဲ့လုပ်ကိုင်နေတာ ဖြစ် တဲ့အတွက် ဒီလှေ တစ်စီးပြီးတစ်စီး ချေမှုန်းနှစ်မြုပ်လိုက်ခြင်းကြောင့် လူမှောင်ခိုတွေ အထိနာစေမယ် ဆို တာပဲ ဖြစ်ပါတယ်။

တစ်ကယ်တော့ အီးယူကို ဒီနည်းလမ်းသုံးဖို့ နည်းပေးလမ်းပြ အကြံပြုခဲ့တာ သြစတြေးလျ နိုင်ငံပဲ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ Boat People ပြဿနာကို ဖြေရှင်းရာမှာ နိုင်ငံ တကာ ဝေဖန်မှု၊ ဖိအားပေးမှုတွေကို လျစ်လျူရှုပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယ သမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ Boat People နဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာနိုင်ငံတွေဟာ နှစ်သက်ရာ နည်းလမ်းကို လုပ်ပိုင်ခွင့်ရှိတယ် လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တရားမ၀င် Boat People ပြဿနာနဲ့ပတ်သက်လို့ ထိန်းချုပ်နိုင်မယ့်၊ တားမြစ်နိုင်မယ့် ဥပဒေ တွေ ပြဌာန်းခဲ့ရာမှာ အဓိက ပြိုင်ဘက်ပါတီကြီးနှစ်ခုစလုံးက ညီညီညွတ်ညွတ် သဘောတူ ဆောင်ရွက်ခဲ့ တာ ဖြစ်ပါတယ်။ သြစတြေးလျရဲ့ လုပ်ဆောင်ချက်က ရေတပ်နဲ့ လ၀က ပေါင်းပြီး Boat People တွေ ၀င်လာ ရင် သြဇီရေပြင်ထဲ အရောက်မခံဘဲ Nauru လို့ ခေါ်တဲ့ ကျွန်းပေါ်မှာ Detention Center ထားပြီး ထား ပါတယ်။ ဒီလုပ်ဆောင်ချက်အတွက် သန်းချီပြီး အကုန်အကျခံတယ်။ ဒါကို သြဇီသားတွေ အားလုံးက တစ်ခဲနက် ထောက်ခံခဲ့ကြပါတယ်။ အဓိကပါတီကြီးနှစ်ရပ်ရဲ့ သဘောတူညီချက်နဲ့ ၂၀၁၄ ခုနှစ်ကစပြီး Operation Sovereign Borders ကို ဆောင်ရွက်ခဲ့တဲ့အခါ အဲဒီနှစ်အတွင်း လှေတစ်စီးမှ ၀င်မလာ နိုင်အောင် တားဆီးနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ သြဇီဝန်ကြီးချုပ် တိုနီအက် ဘော့က “လှေ”တွေဟာ လူမှောင်ခို တွေရဲ့ Business Model ဖြစ်နေတဲ့အတွက် ဒီလှေတွေကို ဖျက်ဆီး တာဟာ လက်တွေ့ကျ အလုပ်ဖြစ်တဲ့ အဖြေ ဖြစ်တယ် လို့ အီးယူခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ အီးယူခေါင်းဆောင် တွေဟာ သြဇီညွှန်တဲ့ ဒီလမ်းကို သုံးသပ်စဉ်းစားလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတော့ အီးယူရဲ့ “လှေစစ်ဆင်ရေးအစ သြဇီက” လို့တောင် ဆိုနိုင်ပါတယ်။

အီးယူရဲ့ စစ်ဆင်ရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဒီလုပ်ရပ်ဟာ ဘေး အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကုန်ကူးခံ လူသားတွေကို ပိုပြီး ကြီးမားတဲ့ အန္တရာယ်အတွင်း သက်ဆင်းစေ နိုင်တယ် ဆိုပြီး သတိပေးနေပါတယ်။ ဒါပေမယ့် အီးယူနိုင်ငံတွေထဲက ပြင်သစ်၊ ဗြိတိန်တို့ဟာ လုံခြုံရေး ကောင်စီရဲ့ ပီ-ဖိုက် ငါးနိုင်ငံမှာ ပါနေပါတယ်။ နောက်ပြီးတော့ အိန္ဒိယသမုဒ္ဒရာထဲက Boat People ပြဿနာမှာ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေး စတဲ့ စကားလုံးတွေ တွင်တွင် ပြောကြား လေ့ရှိတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေဟာ အီးယူရဲ့ လှေဖျက်စစ်ဆင်ရေးမှာတော့ သိပ်ပြီး ဟောင်ဖွာ ဟောင်ဖွာ မလုပ်ရဲကြပါဘူး။ အီးယူနိုင်ငံတွေထဲမှာ သူတို့အေဂျင်စီတွေရဲ့ ပရောဂျက်တွေကို ဘဏ္ဍာရေး အရ ထောက်ပံ့ကူညီနေတာတွေ ရှိနေတာကလည်း အကြောင်းရင်းတစ်ချက် ဖြစ်နိုင်ပါတယ်။ လုံခြုံရေး ကောင်စီကလည်း အီးယူရဲ့ ရေတပ်စစ်ဆင်ရေးစီမံကိန်းကို မကြာခင်မှာ အတည်ပြုပေးရမှာပဲ ဖြစ်ပါ တယ်။ စစ်ရေးအရ နေတိုးအဖွဲ့မှာပါဝင်နေတဲ့ အီးယူဟာ နိုင်ငံရေးအရလည်း အရေးပါတဲ့ ကမ္ဘာ့ Player ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ Boat People ပြဿနာဟာ ခုတလော ကပ္ပလီပင်လယ်ပြင်နဲ့ မလက္ကာ ရေလက်ကြားမှာလည်း ဟိုးလေးတကျော်ကျော် ဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး မီးမောင်းကျရောက်လာခြင်း အကြောင်းတရားကတော့ (၁) တရားမ၀င် Camp တွေ ဖွင့်ထားပြီး လူသတ်ပြီး မြေမြုပ်ထားတဲ့ အလောင်းတွေ ပြန်ပေါ်လာတယ်၊ (၂) ကျွန်သဖွယ် ပြုမူခိုင်းစေနေတာတွေ ပေါ်လာတယ်၊ (၃) မလက္ကာ ရေလက်ကြား ပင်လယ်ပြင်မှာ Boat People ရာနဲ့ချီပြီး မျောနေတာ တွေ့ရတယ်။ ဒီ(၃)ချက် ကြောင့် အသံကျယ်လာတာ ဖြစ်ပါတယ်။ ဒီသတင်းဟာ ကမ္ဘာ့မီဒီယာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ စိတ် ၀င်စားလှတဲ့ “ဘင်္ဂလီကိစ္စ”နဲ့ ဆက်စပ်နေလေတော့ ကပ္ပလီပင်လယ်ပြင်က Boat People သတင်း ကြောင့် အီးယူကမ်းခြေက Boat People သတင်း မှေးမှိန်သွားခဲ့ရပါတယ်။

“တရားခံ” မရှာနဲ့၊ “အဖြေ” ရှာပါ

ပထမဆုံး ဘာကြောင့်ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ အိမ်ရှင်နိုင်ငံတွေက Dirty Work တွေ အတွက် ပြည်ပကနေ ဈေးနှုန်းသက်သာတဲ့ Cheap Worker တွေ လိုချင်တယ်။ တရားဝင် အလုပ်သမား တွေဆိုရင်တော့ အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး စတဲ့ အချက်တွေအရ အလုပ်ရှင်အများစုက ပေါပေါပဲပဲ ယူချင်တယ်။ ဒီတော့ လူမှောင်ခိုဂိုဏ်းတွေဆီက လူတွေ ၀ယ်တယ်။ ဒီအထဲမှာ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ အစိုးရအရာရှိတွေ၊ ရဲတပ်ဖွဲ့အရာရှိတွေ၊ လ၀က အရာရှိတွေ ပါဝင်ပတ်သက်လာတယ်။ ဒါတွေက နိုင်ငံတွေရဲ့ ကမ်းခြေတွေမှာ၊ နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ ဖြစ်ချင်တိုင်းဖြစ်နေတာ ကြာခဲ့ပါပြီ။ အဲဒီကတစ်ဆင့် တရားမ၀င် အလုပ်သမားတွေရဲ့ အဖမ်းခံ၊ အရေးယူခံရမှာကို စိုးရိမ်ပူပန်မှုတွေကို နင်း ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာတယ်။ အရေးယူမှု ကင်းဝေးတော့ လက်ရဲဇက်ရဲတွေ ဖြစ် လာတယ်။ လူမိုက်ငှားပြီး ဖြစ်စေ၊ ကိုယ်တိုင် ဖြစ်စေ နှိပ်ဟက်ညှင်းပမ်းတာတွေ၊ ကျွန်ပြုတာတွေ၊ သတ် တာ ဖြတ်တာတွေအထိ အခြေအနေ ဆိုးလာခဲ့တယ်။ ဒါပေမယ့် ဒါတွေက ခုမှ အသစ်ဖြစ်လာတာ မဟုတ်ဘဲ ကာလရှည်ကြာ ဖြစ်နေခဲ့တဲ့ အဖြစ်အပျက်တွေပါပဲ။ ယမန်နှစ်ကလည်း နယ်စပ်ကျွန်းတွေမှာ တရားမ၀င် Camp တွေ ရှိနေတယ်၊ အဲဒီနေရာတွေမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ ရာဇ၀တ်မှုတွေ ရှိနေတယ် ဆိုတာ ရိုက်တာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့ပါတယ်။

“ဒီလူတွေ ဘယ်က လူတွေလဲ”။ ဘယ်ကလူတွေလဲ ဆိုတာ တိတိကျကျ မသိနိုင်ဘူး လို့ UNHCR အစီရင်ခံစာတစ်ခုမှာ ဆိုထားပါတယ်၏။ ဘင်္ဂလီ ဆိုတာနဲ့ မြန်မာက ဆိုပြီး ပြောတာတွေက ပုံသေနည်းလိုပဲ ဖြစ်လာနေပါပြီ။ ဒါပေမယ့် မေလ ၁၈ ရက်နေ့မှာလွှင့်တင်ခဲ့တဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ “Rescued migrants in Aceh recount horrific journey”သတင်းဗီဒီယိုမှာ အာချေးကို ရောက် ရှိနေတဲ့ Boat People တွေ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတာပါ၊ ဘင်္ဂလားကိုပဲ ပြန်ချင် ပါတယ် ဆိုပြီး ထုတ်ဖော်ပြောကြားလာခဲ့တာကို တွေ့ရှိရပါတယ်။ ၂၀၁၁ အစိုးရသစ် တက်မလာခင် တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလကို ပြန်ကြည့်လိုက်ရင် လှေစီးခရီးသည်တွေ ရှိခဲ့တာပါပဲ။ အခု လိုပဲ ဟိုနားမှာတွေ့၊ ဒီနားမှာတွေ့ ဖြစ်ခဲ့တာပါပဲ။ ဒါပေမယ့် အဲဒီအချိန်က လှေစီးလူသားတွေရဲ့ ဇစ်မြစ် ဟာ မြန်မာနိုင်ငံတော့ မဟုတ်ခဲ့ပါဘူး။ အဲဒီအချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခြားသော လူ့အခွင့် အရေးစွဲချက်တွေ အများကြီး ရှိနေတာ ဖြစ်တဲ့အတွက် ဒီကိစ္စမှာ မြန်မာနိုင်ငံဟာ ဝေးဝေးကသာ ရှိနေ ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်း ပဋိပက္ခတွေ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ လူမှောင်ခိုလုပ်ငန်းတွေရဲ့ အကာအကွယ်ဟာ “ဘင်္ဂလီ” ဆိုတာ ဖြစ်လာခဲ့တယ်။ တရားမ၀င် အလုပ် သမား တင်ပို့ရာမှာ အကောင်းဆုံး ဖုံးကွယ်မှုက “ဘင်္ဂလီဒုက္ခသည်” ဆိုတဲ့ အကြောင်းပြချက်ပဲ။ သက် ဆိုင်ရာနိုင်ငံတွေက လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ပို့၊ မိတဲ့အခါမှာ ဘင်္ဂလီဒုက္ခသည်တွေပါ ဆိုပြီး သနား စဖွယ် ပုံဖော်ပြလာခဲ့ကြပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံကို လက်ညိုးထိုး၊ ဥပဒေမဲ့ လုပ်ချင်သလို လုပ်နေတဲ့ ကိစ္စ တွေကို ဖုံးကွယ်။ ဒါတွေက “ဘင်္ဂလီ” အကာခြုံလွှမ်းထားတဲ့ ရာဇ၀တ်မှုတွေပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး လူသားမဆန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ကိုင်နေတဲ့ လူမှောင်ခိုတွေ၊ ပါဝင်ပတ်သက် နေသူတွေ အားလုံးကို ဘယ်သူမဆို ပြင်းပြင်းထန်ထန် ရှုတ်ချကြရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြန်ပြီး ကြည့်လိုက်ရင် Boat People တွေကို ကမ်းအကပ်မခံကြတဲ့အနေအထားမှာ သက်ဆိုင်ရာနိုင်ငံတွေကို ဖိအားပေးမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဖိအားအပေးခံရတဲ့နိုင်ငံတွေက မြန်မာနိုင်ငံဆီကို လက်ညိုးထိုးပြီး Divert လုပ်တာမျိုးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ နိုင်ငံအချို့ဟာ မြန်မာနိုင်ငံကို အမည် တပ်ပြီး Full Responsibility ယူရမယ်၊ အာဆီယံအနေနဲ့ ဖိအားပေးရမယ် ဆိုတာမျိုးတွေ ဒေသတွင်း မီဒီယာတွေကို ပြောလာခဲ့ပါတယ်။ လူတွေရဲ့ သဘောသဘာဝအတိုင်း ပြဿနာတွေ ကြုံလာတဲ့အခါ တိုင်းမှာ “တရားခံ” ရှာကြလေ့ ရှိပါတယ်။ အမှန်တစ်ကယ်မှာတော့ ကြုံလာတဲ့ ပြဿနာ ပြေလည်သွား စေနိုင်မယ့် “အဖြေ”ကို ရှာကြရမှာပဲ ဖြစ်ပါတယ်။ “တရားခံရှာခြင်း” ဟာ ရှိနေတဲ့ ပြဿနာကို ဖြေရှင်း နိုင်မှာ မဟုတ်ပါဘူး။ ဒီလို အဖြေရှာကြတဲ့နေရာမှာ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်းဆုံး ဖြေရှင်းချက်ကို ပူးပေါင်းရှာဖွေကြဖို့ လိုပါတယ်။ အီးယူက “လှေနဲ့တင်ပို့နေတဲ့ လူမှောင်ခိုလှေတွေ” က ဇစ်မြစ် ဖြစ်တယ် လို့ သုံးသပ်နိုင်ခဲ့ကြပြီ ဆိုရင် ကပ္ပလီပင်လယ်ပြင်က Boat People တွေရဲ့ ဇစ်မြစ်က ဘာလဲ ၀ိုင်းပြီး စဉ်းစားကြဖို့ လိုပါတယ်။

အကြံပြုတင်ပြချက်

တစ်ကယ်တော့ ဒေသတွင်းက Boat People တွေရဲ့ ဇစ်မြစ်က လူမှောင်ခိုဂိုဏ်းတွေ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ကပ္ပလီပင်လယ်ပြင်ထဲက လူမှောင်ခိုလမ်းကြောင်းမှာ ချိတ်ဆက်နေတဲ့ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။

(၁) ပထမဆုံးအချက်အနေနဲ့ လူမှောင်ခိုဂိုဏ်းတွေကို ဖြိုခွင်းကြရမှာ ဖြစ်သလို တရားမ၀င် အလုပ် သမား လက်ခံမှုတွေကိုလည်း လျှော့ချပစ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး နှစ်ဖက် အလုပ်သမားတွေ စေလွှတ်တဲ့အခါမှာ တရားဝင်လမ်းကြောင်းကနေ ပို့ဆောင်နိုင်ဖို့ ပထမအဆင့် G-to-G အစိုးရချင်း MOU ထိုးတယ်၊ ပြီးတော့ ဒုတိယအဆင့် အလုပ်သမား အေဂျင်စီချင်း MOU ထိုးတယ်။ ဒီလို တရားဝင် ပို့တဲ့အတွက် မြန်မာအလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ ရလာမယ်။ ထိုင်းအလုပ်ရှင်တွေ အနေနဲ့လည်း ဥပဒေနဲ့အညီ လုပ်ကိုင်နိုင်မယ်။ ဒီလို မျှော်တွေးပြီး လုပ်ကိုင်နေတာ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ တရားမ၀င် ရောက်ရှိနေပြီး ဖြစ်တဲ့ မြန်မာအလုပ်သမား တွေကို နိုင်ငံသားစိစစ်ပြီး တရားဝင်လာအောင် လုပ်နေတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံပေါင်းပြီး လူမှောင် ခိုဂိုဏ်းတွေ နှိမ်နင်း ဖြိုခွင်းနေတယ်။ ဒါဟာ သိပ်ကို လက်တွေ့ကျတဲ့ ဖြေရှင်းချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီနမူနာကို မလေး၊ အင်ဒိုနိုင်ငံတွေနဲ့ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံက ကမ်းလှမ်းထားပါတယ်။ ညှိနှိုင်းနေဆဲ အဆင့်မှာပဲ ရှိနေသေးတယ် လို့ ဆိုပါတယ်။ ဒါကို သက်ဆိုင်ရာနိုင်ငံအားလုံး အခုကြုံတွေ့ နေတဲ့ Boat People ပြဿနာ စိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ဖို့ အရေးကြီးပါတယ်။ ဒါ ဟာ နှစ်ဦးနှစ်ဖက် Win-Win ဖြစ်စေရုံသာမက Boat People တွေကိုလည်း လျှော့ချပေးနိုင်ပါလိမ့်မယ်။

(၂) ဒုတိယအချက်အနေနဲ့ ကပ္ပလီပင်လယ်ပြင်မှာ သွားလာနေတဲ့ လူမှောင်ခိုတွေကို နှိမ်နင်းနိုင်ဖို့ ရေတပ်မတော်အချင်းချင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ လိုပါတယ်။ အီးယူလို “လှေဖျက်စစ်ဆင်ရေး” အဆင့်အထိ မဟုတ်ပေမယ့် ကိုယ့်ပင်လယ်ပြင်က ဖြတ် သန်းသွားလာတဲ့ လူမှောင်ခိုတွေရဲ့ သတင်းအချက်အလက်တွေ၊ ထောက်လှမ်းရေးသတင်းအချက် အလက်တွေ အပြန်အလှန် ဖလှယ်နိုင်ဖို့ Communication Channel တွေ၊ Hot Line တွေ ထူ ထောင်ကြဖို့ လိုပါတယ်။ ပင်လယ်ပြင် လူမှောင်ခို နှိမ်နင်းမှုနဲ့အတူ ကုန်းတွင်းပိုင်း လူမှောင်ခို တိုက် ဖျက်ရေးမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ကြဖို့ လိုပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအချင်း အချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဟာ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးသာမက Boat People နောက် ကွယ်က လူမှောင်ခိုဂိုဏ်းတွေ နှိမ်နင်းရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၃) တတိယအချက်အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ ရှိနေတဲ့ လူမှောင်ခိုဂိုဏ်းတွေကို ရှာဖွေ ဖော် ထုတ်နှိမ်နင်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတွေ ထူထောင်ဖို့ လိုပါတယ်။ ဒီယန္တရားမှာ အစိုးရ ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သလို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပါဝင်ခွင့်ကိုလည်း အလေး ထားစဉ်းစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ရှိနေနိုင်တဲ့ လူမှောင်ခိုနဲ့ ပတ်သက်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူကြဖို့ လိုပါတယ်။ ဒီလူမှောင်ခိုတွေရဲ့ ကိုယ်ကျိုး စီးပွားရှေ့ရှုတဲ့ ၀ိသမလောဘတွေကြောင့် ၀မ်းနည်းကြေကွဲဖွယ်ရာ အကျိုးဆက်တွေကို ကမ်းခြေ တစ်လျှောက် နိုင်ငံတွေက ခံစားနေကြရတာပဲ ဖြစ်ပါတယ်။ ဥပဒေတွေ ပျော့ နေရင် ပြင်းထန်လာအောင် ပြင်ဆင်ပေးကြရပါလိမ့်မယ်။ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေ လုပ် ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မီဒီယာတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးကြီးပါတယ်။ ဒေသတွင်း လူမှောင်ခိုနှိမ်နင်းရေးမှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ ကြီးကြီးမားမား အထောက်အကူ ပြုနိုင်ပါတယ်။ “Bali Process” မှာ မီဒီယာတွေ၊ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ တက်တက်ကြွကြွ ပါဝင်လာဖို့ အစိုးရတွေက စဉ်းစား ဆောင်ရွက်ပေးကြဖို့၊ Bali Process ကို ချဲ့ထွင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါကတော့ ရေတိုဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ ရေရှည်မှာတော့ ဒီလိုမျိုး လူသား မဆန်တဲ့ မှောင်ခိုမှုတွေ ဖြစ်ပွားနေရခြင်းရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု၊ လူဦးရေပေါက်ကွဲမှု၊ အလုပ် အကိုင်အခွင့်အလမ်းရှားပါးမှု၊ ပညာရေးနိမ့်ကျမှု စတဲ့ အကြောင်းတရားတွေကို သက်ဆိုင်ရာနိုင်ငံ အလိုက် ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်။ ရေရှည်ကာလဖြေရှင်းရမှာ ဖြစ်တဲ့အတွက် အချိန်ယူကြရဦးမှာ ဖြစ်ပါတယ်။ ဒီကြားကာလမှာတော့ Boat People တွေ ရှိနေပါလိမ့်ဦးမယ်။ ပင်လယ်ပြင်ထဲမှာ ဟိုမှာ တွေ့လိုက်၊ ဒီမှာတွေ့လိုက်နဲ့ ကြုံနေရဦးမှာပါပဲ။ ဒါပေမယ့် အိန္ဒိယသမုဒ္ဒရာကမ်းခြေတစ်လျှောက် နိုင်ငံ တွေ နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုပါတယ်။ အရေးကြီးဆုံး အချက် ကတော့ ပြဿနာတွေ ကြုံလာတဲ့အခါတိုင်းမှာ “တရားခံ” မရှာဘဲ “အဖြေ” ရှာနိုင်ဖို့ ကြိုးပမ်းအားထုတ် ကြဖို့ပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ [Democracy Today Daily, 21 May 2015]

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: