Skip to content

#ဆရာ မောင်စွမ်းရည် ၏ စစ်သားနဲ့ နိုင်ငံရေး – #ဖတ်သင့်သောစာပါ ။ #soldiers and #politic

January 14, 2015

Myo Yan Naung Thein
ဆရာ မောင်စွမ်းရည် ၏ စစ်သားနဲ့ နိုင်ငံရေး – ဖတ်သင့်သောစာပါ ။

စစ်သားနဲ့ နိုင်ငံရေးလို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် စစ်တပ်နဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ်ကောက်ချင်လည်း ရပါတယ်။ “စစ်သား” ဆိုတာက “စစ်တပ်” ဆိုတဲ့ အဖွဲ့အစုထဲမှာမှာပါတဲ့ စစ်မှုထမ်းတဦးချင်းကို ပြောလိုတာပါ။ စစ်မှုထမ်းဆိုရာမှာလည်း စစ်သား၊ စစ်ဗိုလ်၊ စစ်ဗိုလ်ချုပ် စတဲ့ စစ်မှုထမ်းတွေကို ဆိုလိုတာပါ။ ဒီလိုဆိုပြန်တော့ စစ်ဗိုလ်ချုပ်ဆိုတဲ့ အရာရှိတွေက သူတို့ကို စစ်သားတွေနဲ့ ရောနှောပြောတာ ကြိုက်မှာမဟုတ်ပါ။ သူတို့က စစ်သားဆိုတာ စစ်တပ်ရဲ့ “အစေခံ”၊ “အသေခံ” လို့သာ မှတ်ယူလေ့ရှိပါတယ်။ ဒါကလည်း အင်္ဂလိပ်နဲ့ ဂျပန်နယ်ချဲ့နဲ့ ဖက်ဆစ်တို့ဆီက အမွေခံစိတ်ဓာတ်တွေ ဖြစ်ပုံရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ စစ်ဗိုလ်၊ စစ်သား မခွဲခြားတဲ့ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို အခြေခံပြီး စစ်တပ်ဖွဲ့ခဲ့ပေမယ့် သိတဲ့အတိုင်း။

10520641_401387010039494_4351066252459982545_n10402524_401387690039426_5956513639074462854_n10931324_401387363372792_3491008244412381317_n

 

စစ်သားဆိုတာ နိုင်ငံသားတဦးပဲဖြစ်ပါတယ်။ အိမ်သားတိုင်း အိမ်တလုံးရဲ့ ကိစ္စမှာ သက်ဆိုင်သလိုပါပဲ။ ကျောင်းသား၊ ဈေးသား၊ အလုပ်သမား၊ လယ်သမား၊ စစ်သား အားလုံးဟာ နိုင်ငံသားတွေဖြစ်ကြတဲ့အတိုင်း နိုင်ငံရေးကို စိတ်ဝင်စားကြရမှာပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားပြီး ဒါဟာ ငါတို့အရေး၊ နိုင်ငံသားတိုင်းရဲ့ အရေးဆိုတဲ့ အသိနဲ့ အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်တဲ့ အဆုံးအဖြတ်ကို ပေးနိုင်ပါတယ်။ စစ်သားဟာ စစ်တပ်အဖွဲ့ဝင်ဖြစ်လို့ စစ်စည်းကမ်း၊ စစ်ဥပဒေကို လိုက်နာရမှာတပိုင်းပါ။ စစ်ဆင်ရေးတရပ်နဲ့ပဲ ဆိုင်ပါတယ်။ မလိုက်နာရင် စစ်ရှုံးမှာပေါ့။ ဒါက အဖွဲ့အစည်းသဘောပါ။ ကျောင်းသားက ကျောင်းစည်းကမ်း၊ အလုပ်သမားက အလုပ်ရုံစည်းကမ်း၊ သံဃာက သံဃာ့ဝိနည်း စသဖြင့် ဆိုင်ရာ အဖွဲ့အစည်းရဲ့စည်းကမ်းတွေကို လိုက်နာကြရမြဲပါ။ ဒါပေမယ့် သူတို့အားလုံးဟာ နိုင်ငံထဲမှာ နေကြလို့ နိုင်ငံရဲ့အရေးကို စိတ်ဝင်းစားကြရမှာပါ။ ဒါကြောင့် စစ်သားလည်း နိုင်ငံရေးကို မျက်ခြည်မပြတ် သိရှိနေရမှာပါ။ ဒါမှာသာ နိုင်ငံတနိုင်ငံလုံး ကိစ္စအတွက် အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်မှာပါ။ ဥပမာ မဲပေးဖို့ကိစ္စ။ လူတဦးကို တမဲသာပေးခွင့်ရှိပေမယ့် ဒီ “တမဲ” တွေကပဲ နိုင်ငံရဲ့ ကံကြမ္မာကို အဆုံးဖြတ်ပေးသွားမှာ မဟုတ်လား။ ဒီမိုကရေစီနိုင်ငံအတွက် မဲတမဲဟာ အရေးကြီးပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေနဲ့ ကြည့်ပြီးဆုံးဖြတ်ရင် တိုင်းပြည် ငါးပါးမှောက်မှာပါ။ စစ်သားဟာ စစ်စည်းကမ်း လိုက်နာရုံနဲ့ စစ်သားဖြစ်ပြီလို့ သဘောထားလို့မရပါ။ အဲဒါက ကျွန်စိတ်ပါ။ သာမန်အချိန်မှာတော့ ဒီလိုပဲ စစ်စည်းကမ်းနဲ့ပဲ မှေးပြီး နေလို့ရပါတယ်။ သူ့တာဝန်က နိုင်ငံတော်ကပေးတဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးသာ အဓိကပါ။

စစ်သားက စစ်တပ်ရဲ့ စည်းကမ်းဥပဒေလိုက်နာရသလို စစ်တပ်ဟာလည်း နိုင်ငံတော်ရဲ့ ဥပဒေကို လိုက်နာရပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေက အထက်ကပါ။ အစိုးရအဖွဲ့အစည်းက အထက်ကပါ။ စစ်တပ်ဟာ အစိုးရအဖွဲ့အစည်းခိုင်းတာ လုပ်ရမှာဖြစ်ပြီး စစ်တပ်က အစိုးရအဖွဲ့အစည်းကို ခိုင်းဖို့မဟုတ်ပါ။ နိုင်ငံရဲ့ အန္တရာယ်ကာကွယ်တယ်ဆိုတဲ့ကိစ္စက နယ်ချဲ့အန္တရာယ်၊ ဖက်ဆစ်အန္တရာယ်၊ ကျူးကျော်သူအန္တရာယ်၊ သူပုန်အန္တရာယ်လိုဟာမျိုးပါ။ တရုတ်ဖြူကျူးကျော်မှုလို၊ ဘိန်းဘုရင်လွှမ်းမိုးမှုလိုကိစ္စတွေကို ကာကွယ်ရမှာပါ။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအစ သံဃာအဆုံး (လက်နက်မဲ့) ဥပဒေဘောင်အတွင်းက ဆန္ဒပြတောင်းဆိုတာမျိုးကို “တပ်မတော်က ကယ်တင်တယ်” ဆိုပြီး နှစ်ပေါင်း သုံးလေးဆယ် “ကယ်တင်” နေတာမျိုးဟာ စစ်တပ်တာဝန်မဟုတ်ပါ။ ဒီလို ပိုင်းခြားသိဖို့ဆိုတာလည်း နိုင်ငံရေးအသိထဲမှာ ပါဝင်ပါတယ်။ ဥပဒေတွင်းမှာ လက်နက်မဲ့ဆန္ဒပြတာ လူ့အခွင့်အရေးပါပဲ။ စစ်သားဟာ နိုင်ငံရေးအသိရှိရပါမယ်။

နိုင်ငံရေးအသိဆိုရာမှာ တနိုင်ငံလုံးရဲ့ နေ့စဉ်အခြေအနေနဲ့ မျက်မှောက်ခေတ်တခုလုံးကို ခြုံပြီး ဖော်ပြတဲ့ အခြေအနေတွေကို သိဖို့ရယ်၊ နောက်တပိုင်းကတော့ တရုတ်၊ ရုရှ၊ ဥရောပ၊ အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း စတဲ့ဒေသဆိုင်ရာ နိုင်ငံရေးတွေရယ် မျက်ခြည်မပြတ် သိနေဖို့ လိုပါတယ်။ (ဒါတွေကို သေချာနားလည်သဘောပေါက်ဖို့ ပထ၀ီနဲ့ သမိုင်းလည်း နောက်ခံပြုဖို့ လေ့လာရပါတယ်။ ဒါထက်မြင့်ပြီး လေ့လာချင်ရင် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ အရှင်းရှင်ဝါဒ၊ အမျိုးသားရေးဝါဒ စတဲ့ နိုင်ငံရေးဝါဒတွေကိုလည်း အနည်းအကျဉ်း သိရပါအုံးမယ်။

ဗမာ့တပ်မတော်ဟာ ဖက်ဆစ်တော်လှန်ရေးကာလမှာ ပေါက်ဖွားလာခဲ့ပါတယ်။ တပ်မတော်ရယ်လို့ မဖွဲ့ခင်ကတည်းက နိုင်ငံရေးသဘောတရားသင်တန်းတွေကို ပေးထားပါတယ်။ တော်လှန်ရေးလုပ်တော့ တိုင်းအလိုက် “စစ်ရေးတာဝန်ခံတဦး” နဲ့အတူ “နိုင်ငံရေးတာဝန်ခံတဦး” စီတွဲပြီး တာဝန်ယူရပါတယ်။ ရဲဘော်သုံးကျိပ်ဝင်တွေက စစ်ပညာသင်ပေးပြီး ကွန်မြူနစ်တွေက နိုင်ငံရေးသဘောတရားတွေ ပို့ချပေးပါတယ်။ ပြည်ပ (အိန္ဒိယမှာ ကွန်မြူနစ် သခင်သိန်းဖေ- ဦးသိန်းဖေမြင့်) က နိုင်ငံရေးသင်တန်းပေးပြီး မဟာမိတ်စစ်တပ်က အမေရိကန်၊ အင်္ဂလိပ်စစ်ဗိုလ်တွေက စစ်သင်တန်းပေးခဲ့ပါတယ်။ အဲဒီအချိန် စစ်တပ်မှာ ပို့ချတဲ့ နိုင်ငံရေး တပါတီ နိုင်ငံရေးမဟုတ်ပါဘူး။ မြန်မာ့မျက်မှောက်နိုင်ငံရေးအခြေအနေ၊ ကမ္ဘာနိုင်ငံရေးအခြေအနေနဲ့ ဖက်ဆစ်ဝါဒသရုပ်၊ နယ်ချဲ့အရင်းရှင်ဝါဒသရုပ်တွေ ဖြစ်ပါတယ်။ မဆလ ဆိုရှယ်လစ်အတု ခေတ်မှာတောင် နိုင်ငံရေးတက္ကသိုလ်လို၊ ဖောင်ကြီးသင်တန်းလိုဟာတွေနဲ့ စစ်မှုထမ်း အပါအ၀င် ၀န်ထမ်းတွေကို နိုင်ငံရေးသိပ္ပံပညာတွေ ပို့ချပေးခဲ့ပါသေးတယ်။ ပညာရေးတက္ကသိုလ် ဆရာအတတ်သင်ကျောင်းတွေနဲ့ တက္ကသိုလ်အသီးသီးမှာတောင် နိုင်ငံရေးသိပ္ပံဌာနတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာရေးရာ စာစောင်ဟာ အတော်ကောင်းပါတယ်။ နိုင်ငံရေးသိပ္ပံဆိုတဲ့ စာအုပ်ပြာလေးလည်း (ဘာသာပြန်) ထုတ်ခဲ့ဖူးပါတယ်။ လူတိုင်း ဖတ်သင့်တာတွေပါ။ စစ်တပ်တွေမှာလည်း စာဖတ်ခန်း၊ စာကြည့်တိုက်တွေ ရှိပါတယ်။ အစဉ်အလာပါ။

ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်က နိုင်ငံရေးလုပ်တာကို မလိုလားခဲ့ပါ။ သူကိုယ်တိုင် စစ်တပ်ရဲ့ အမြင့်ဆုံးရာထူးကို စွန့်လွှတ်ပြီးမှ နိုင်ငံရေးလုပ်ပါတယ်။ နမူနာပြခဲ့ပါတယ်။ သူဖယ်ပေးပြီးနောက် စစ်တပ်ထဲက ပါတီနိုင်ငံရေးသမားတွေက ခြေပုန်းခုတ်ပြီး စစ်တပ်အကြီးအကဲ ရာထူးကို လုခဲ့ကြပါတယ်။ စစ်သားတယောက်ဟာ သူ့ဘာသာ နိုင်ငံရေးခံယူချက် ကိုယ်ပိုင်ရှိနိုင်ပေမယ့် နိုင်ငံရေးပါတီတွေရဲ့ အာဏာလုရေးကိစ္စကို စစ်တပ်ထဲကို သွင်းမလာရပါဘူး။ လွတ်လပ်ရေး ရစကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကို နားမထောင်ဘဲ စစ်တပ်ထဲမှာ နိုင်ငံရေးလုပ်လို့ စစ်အာဏာရှင်စနစ်ကြီး ပေါ်ပေါက်လာခဲ့တဲ့အတွက် စစ်တပ်က အစိုးရဖြစ်ပြီး ဥပဒေရဲ့ အထက်က ရောက်သွားခဲ့ပါတယ်။ တည်ဆဲဥပဒေဆိုတဲ့ စကားကို တွင်တွင်သုံးပြီး အခြေခံဥပဒေကိုတော့ အကြိမ်ကြိမ် ချိုးဖောက်ဖျက်ဆီးခဲ့ပါတယ်။ နိဂုံးချုပ်ရရင် စစ်တပ်က နိုင်ငံရေးမလုပ်ရဘူး။ အစိုးရမလုပ်ရဘူး။ အစိုးရပေးတဲ့တာဝန်ကို စစ်တပ်က လုပ်ရမယ်။ စစ်သားက နိုင်ငံရေးအသိရှိရမယ်။ နိုင်ငံရေးအသိ မြင့်မားလေ ကောင်းလေပါပဲ။

နိုင်ငံရေးပါတီတခုခုမှာ ၀င်ထားသည့်တိုင်အောင် ပါတီကိစ္စတွေကို စစ်တပ်ထဲ ဆွဲသွင်းမလာရပါ။ ပါတီကိစ္စလုပ်ချင်ရင် စစ်တပ်က ထွက်ရပါမယ်။ သို့မဟုတ် ခုလို နိုင်ငံရေးလုပ်စားပြီး စစ်တပ်သမိုင်းကို အိုးမဲသုတ်ခဲ့တဲ့ သန်းကြွယ်သူဌေး ဗိုလ်ချုပ်တွေကို စစ်သားတွေက ဖယ်ရှားပစ်ရပါမယ်။ နာမည်ပျက်စစ်တပ်ထဲမှာ စစ်ကျွန်ဘ၀နဲ့ နေကြရပါတကားဆိုတာကို “နိုင်ငံရေးအသိ” က နားလည်စေပါလိမ့်မယ်။ ဒါကြောင့် စစ်သားတိုင်း ပြည်သူနဲ့ ခံစားမှုတူအောင် နိုင်ငံရေးအသိနဲ့ ချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ တပ်နဲ့ပြည်သူ ကြည်ဖြူရပါမယ်။ ပြည်သူ့မျက်နှာ၊ အခြေခံဥပဒေရဲ့မျက်နှာ (ကိုယ့်ဘာသာရေးဆွဲတဲ့ ဥပဒေမဟုတ်ရပါ) ကို ကြည့်ရပါမယ်။ အာဏာလိုချင်တဲ့ စီးပွားရေးလုပ်စားတဲ့ ဗိုလ်ချုပ်တွေရဲ့ မျက်နှာကို မကြည့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: