“အမျိုးစောင့်ဥပဒေဆိုသည်မှာ (၁)”
=======================
အမျိုးစောင့်ဥပဒေဟူသည် လုံခြုံရေးဥပဒေပင်ဖြစ်သည်။ တစ်မျိုးသားလုံး လုံခြုံရေး၊ တစ်သာသနာလုံး လုံခြုံရေး၊ တစ်နိုင်ငံလုံး လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်နေသော ဥပဒေကြီးတစ်ရပ်ဖြစ်သည်။
ရုတ်တရက်ကြည့်လျှင် ဗုဒ္ဓဘာသာလုံခြုံရေး၊ ဗမာလူမျိုးလုံခြုံရေး တစ်ခုတည်းအတွက်သာ ဖြစ်သည်ဟု ထင်မှတ်စရာ ရှိသည်။ အမှန်အားဖြင့် ဘာသာမျိုးစုံ လုံခြုံရေး၊ လူမျိုးပေါင်းစုံ လုံခြုံရေးပင်ဖြစ်သည်။ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာလျှင် ဘာသာအားလုံး၊ လူမျိုးအားလုံး အမျိုးစောင့်ဥပဒေ၏ အကာအကွယ်ရရှိ ကြမည်ဖြစ်သည်။ လူမျိုးကြီး ဘာသာကြီးက လူမျိုးငယ် ဘာသာငယ်များကို အနိုင်ကျင့်၍ မရနိုင်သလို လူမျိုးငယ် ဘာသာငယ်တစ်ခုခုကလည်း လူမျိုးကြီး ဘာသာကြီးကို ပြစ်မှားစော်ကား၍ မရနိုင်တော့ပေ။ ဘာသာလူမျိုးအားလုံး သူ့စည်းနှင့်သူ ကိုယ်စည်းနှင့်ကိုယ် ထိန်းသိမ်းစောင့်စည်းနေထိုင်နိုင်ရေးကို ရှေးရှု ရေးဆွဲထားသော ဥပဒေဖြစ်သည်။
အမျိုးစောင့်ဥပဒေ၌
(က) ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ
(ဂ) တစ်လင်တစ်မယားစနစ်ကျင့်သုံးရေး ဥပဒေ
(ဃ) လူဦးရေ ထိန်းညှိခြင်းဥပဒေဟူ၍ ဥပဒေခွဲလေးရပ်ရှိပေသည်။ အမျိုးစောင့်ဥပဒေဟူသည် ထိုဥပဒေခွဲ လေးရပ်လုံးကို သိမ်းကျုံး၍ ခေါ်ဆိုထားသောအမည်ပင်ဖြစ်လေသည်။
(က) ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ အဘယ့်ကြောင့်လိုအပ်သနည်းဆိုလျှင် ဘေးအန္တရာယ် ကျရောက် လာသောကြောင့်ပင် ဖြစ်လေသည်။
မိန်းကလေးဆန္ဒမပါဘဲ လင်ဖြစ်သူနှင့် လင်ဖြစ်သူ၏ အသိုင်းအဝိုင်းကို မလွန်ဆန်နိုင်သောကြောင့် မိခင်ဘာသာ တရားကို စွန့်လွှတ်လိုက်ရသည့် အန္တရာယ်မျိုးပင်ဖြစ်လေသည်။ မိန်းကလေးက ကျေနပ်လျှင် ကိစ္စမရှိသော်လည်း မိန်းကလေးက မိခင်ဘာသာကို မစွန့်လွှတ်ဘဲ တင်းခံနေလျှင် သို့တည်းမဟုတ် မိခင်ဘာသာကို မစွန့်လွှတ်နိုင်၍ လင်မသိအောင် ခိုးကြောင် ခိုးဝှက် ကျင့်သုံးနေလျှင် ပြဿနာရှိလာလေသည်။ ထို့အပြင် မိန်းကလေးဆန္ဒပါသည့်တိုင် ထိုမိန်းကလေး၏ မိဘ အုပ်ထိန်းသူများ မသိလိုက်ရဘဲ လူမသိ သူမသိ တိတ်တိတ်ပုန်း ဘာသာကူးပြောင်းလိုက်ရခြင်းသည် အန္တရာယ်တစ်ရပ်ပင် ဖြစ်လေသည်။ ထိုသို့သော အန္တရာယ်ကို ကာကွယ်နိုင်ရေးအတွက် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေလိုအပ်လာခြင်းဖြစ်ပေသည်။
ဥပမာ-လင်ကိုကြောက်၍ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ရသော မဝါဝါမြင့် ဗုဒ္ဓဘာသာဓလေ့ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းသွား၍ ဥပုသ်စောင့်သည်ကို လင်ဖြစ်သူ အစ္စလာမ်ဘာသာဝင် ရန်မဇန်း သိသွားသောကြောင့် ကိုယ်ဝန်ခြောက်လ ပျက်ကျသည်အထိ ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရပေသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှ မဇင်နွယ်ဝင်းလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုမည်ဟူသော ကတိစကား ကြောင့် လင်ဖြစ်သူနောက်လိုက်သွားခဲ့သည်။ ကိုယ်ဝန်ရသည့်အခါမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်း လိုက်ရသည်။ ခေါင်းမြီးခြုံလိုက်ရသည်။
ကျောက်မဲမြို့မှ သူနာပြုဆရာမလေး မင်္ဂလာဦးညမှာပင် လားရှိုးဗလီထဲ၌ နေကာဟ်ဖတ်မှု ခံယူလိုက်ရသည်။ မိခင်ကျောင်းဆရာမကြီး လိုက်လာသည့်အခါ သမီးဖြစ်သူကလည်း ထွက်မတွေ့။ ဗလီထဲလည်း ဝင်ခွင့်မရ။ ဗလီဆရာကြီး ပြသော လက်ထပ်စာချုပ်ကို ကြည့်လိုက်သည့်အခါ သမီးဖြစ်သူသည် အစ္စလာမ်ဘာသာဝင်ဖြစ်သွားခဲ့လေပြီတည်း။ ထိုသို့ သတို့သမီးဖြစ်သူ အစ္စလာမ်ဘာသာသို့ ကူးပြောင်း သွားသည်ကို မိဘများ လုံးဝမသိရှိလိုက်ရပါ။ မောင်ညီမများ လုံးဝမသိရှိလိုက်ရပါ။ သူငယ်ချင်းများ အိမ်နီးချင်းများ မဆိုထားဘိ မိန်းကလေးဘက်မှ အဖော်သက်သေဟူ၍ တစ်ယောက်တလေမျှပင် မရှိပါ။ ထိုမိန်းကလေး၏ မိသားစု အဘယ်သို့ ခံစားရပါမည်နည်း? ဤဖြစ်ရပ်မျိုးကို အခြား ဘာသာများဖြစ်သည့် ခရဇ်ယန်နှင့် ဟိန္ဒူများလည်း တွေ့ကြုံနေရလေသည်။ ဤသို့သော အန္တရာယ်မျိုး ကျရောက် လာသောကြောင့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတစ်ရပ် လိုအပ်လာခြင်း ဖြစ်ပါသည်။
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေပေါ်ပေါက်လာလျှင် မိန်းကလေးများ ထိုသို့ အနိုင်ကျင့်မခံရ တော့ပေ။ မိန်းကလေးက ပြောင်းချင်လျှင်လည်း လွတ်လပ်စွာကူးပြောင်းခွင့် ရှိပါသည်။
မိကောင်းဖခင်သားသမီးပီသစွာ၊ လူမှုရေးအသိရှိသူများပီသစွာ မိဘအုပ်ထိန်းသူများထံ အသိပေးအကြောင်းကြားပြီး တရားဝင်ကူးပြောင်းဖို့သာ လိုအပ်ပါသည်။ ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ ကူးပြောင်းခြင်းကို တားမြစ်ခြင်း လုံးဝမရှိပါ။ လွတ်လပ်စွာ ကူးပြောင်းခွင့်ရှိပါသည်။
အမျိုးသားက အမျိုးသမီးကို ဖိအားပေး ကူးပြောင်းခိုင်းခြင်း၊ အမျိုးသမီးက အမျိုးသားကို အကြပ်ကိုင် ကူးပြောင်းခိုင်းခြင်း၊ ချမ်းသာသူက ဆင်းရဲသူကို လာဘ်လာဘဖြင့် စည်းရုံးသိမ်းသွင်းခြင်း၊ အားကြီးသူက အားနည်းသူကို အင်အားသုံး အနိုင်ကျင့်၍ ဘာသာကူးပြောင်းခိုင်းခြင်းတို့သည် အဓမ္မနည်းဖြင့် ထူထောင်ရာ ရောက်ပါသည်။
ဘာသာတရားဟူသည် စိတ်ပြဋ္ဌာန်းသော အရာဖြစ်ပါသည်။ သဒ္ဓါတရားသာ အဓိကဖြစ်ပါသည်။ တစ်စုံတရာ ဖိအားပေးအခံရ၍ မိခင်ဘာသာကို စွန့်လွှတ်လိုက်ရခြင်းအတွက် ကာယကံရှင်မှာ ထိခိုက်နစ်နာမှု များပြားတတ်ပါသည်။ ကျူးလွန်သူများမှာ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ပါသည်။ ထိုသို့ အကာအကွယ်မဲ့နေသော မြန်မာတိုင်းရင်းသူ မိန်းကလေးများအတွက် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေရေးဆွဲခြင်း ဖြစ်ပါသည်။
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေပေါ်ပေါက်လာလျှင် တိုင်းရင်းသူ တိုင်းရင်းသားများသာမကဘဲ နိုင်ငံသူ နိုင်ငံသားတိုင်းပါ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိမည်ဖြစ်ပါသည်။ မည်သည့်ဘာသာ မည်သည့်လူမျိုးကိုမျှ အခွင့်အရေး ပိုပေးထားခြင်းမရှိပါ။ အားလုံး တန်းတူ ခံစားခွင့် ရရှိမည့် ဥပဒေတစ်ရပ်ဖြစ်ပါသည်။
ဝီရသူ(မစိုးရိမ်)
27.11.2014 CR. U WIRATHU