ရက္ခိုင့်တပ်မတော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲ ကျင်းပပြီးစီး
Arakan Army soldier is awarded a prize by an officer from the Kachin Independence Army at the completion ceremony of the 13th basic military training of the Arakan Army .
Thursday, January 9, 2014 by နိရဉ္စရာသတင်း
ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ် လေ့ကျင့်ရေးဌာနမှ ကြီးကြပ်ဖွင့်လှစ်သော အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို စစ်ဒေသ နှစ်ခုတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းသင်တန်းဆင်ပွဲ အခမ်းအနားများထဲမှ ပထမ သင်တန်းဆင်းပွဲကို ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ်တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ဒုတိယ သင်တန်းဆင်းပွဲ တစ်ခုကို ရက္ခိုင့်တပ်မ တော် အခြေစိုက်လှုပ်ရှားသော (၃၀၃) စစ်ဒေသ၌ ယနေ့ ဇန်နဝါရီလ (၉) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ်- လိုင်ဇာ စစ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သောသင်တန်းဆင်းပွဲအခမ်းအနားသို့ မြောက်ပိုင်း မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ရက္ခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် အပါအဝင် စစ်ရုံးချုပ် စစ်ဦးစီးအရာရှိများ၊ ရှေ့တန်းတပ်စခန်းအသီးသီးမှ သက်ဆိုင်ရာတပ်မှူးများ၊ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်ရဲဘော်များ၊ ရဲမေများ၊ သင်တန်းဆင်း ရဲဘော်များ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ ရက္ခိုင်မိဘပြည်သူများ အပါအဝင်စုစုပေါင်း (၄၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
၎င်းသင်တန်းဆင်းပွဲ အခမ်းအနားများကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။ ပထမပိုင်းကို နံနက် (၆) နာရီတွင် ရက္ခိုင့်တပ်မတော် ဌာနချုပ်စခန်းတွင် ကျမ်းကျိန်ပြီးသစ္စာရေသောက်ကာ ရက္ခိုင့် တပ်မတော်၏ ရဲဘော်တစ်ဦး အဖြစ်ခံယူသောအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။
ဒုတိယပိုင်းကို နံနက် (၉) နာရီတွင် ပြန်လည်စတင်ခဲ့ပြီး (၁၁) နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရက္ခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ်မှ သင်တန်းဆင်း ရဲဘော်များအား ယခုလို အမှာစကားပြောကြားသည်။
“ ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်သားတို့လက်ဖြင့် ဖန်တီးရန်အတွက် အမျိုးသား တပ်မတော်တစ်ရပ် မရှိမဖြစ်လိုအပ်နေသလို ပြည်တွင်း၊ ပြည်ပ အပါ အဝင် တစ်ကမ္ဘာလုံးသို့ ပြန့်ကျဲရောက်ရှိနေကြသော ရက္ခိုင်ပြည်သူလူထု တစ်ရပ်လုံးကလည်း အမျိုးသားတပ်မတော် တစ်ရပ်ကို တောင်းဆိုနေသောကြောင့် မိမိတို့ ရက္ခိုင့် တပ်မတော်အနေဖြင့် ရက္ခိုင်ပြည်သူလူထု၏ဆန္ဒကိုဖြည့် ဆည်းပေးနိုင်ရန်အတွက် ရဲဘော်တို့အနေဖြင့် ဘဝ၊သွေး၊ချွေးတို့ကိုစတေး၍ အစွမ်းကုန် ကြိုးစားရန် လိုကြောင်း” ပြောကြားသည်။
ယင်းပြင် ရက္ခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ်မှ အမျိုးသားရေးသတိ၊ တော်လှန်ရေးသတိ၊ စစ်ရေးသတိများ ရှိကြရန်လိုအပ်ကြောင်းကိုလည်း ယခုလို အလေးအနက်ပြောကြားသည်။
“ အမျိုးသားရေးသတိ၊ တော်လှန်ရေးသတိ၊ စစ်ရေးသတိများမလွတ်သွားစေရန် စက္ကန့်တိုင်းကို သတိရှိရန် လိုအပ်ကြောင်း၊ ရက္ခိုင့်တပ်မတော် နှင့် ရက္ခိုင်ပြည်သူလူထု အတွက် ပြောင်မြောက်ပြီး ပေးဆပ် စွန့်လွှတ်အနစ်နာခံလိုသော သူရဲကောင်းများ များစွာလိုအပ်နေကြောင်း၊ ရက္ခိုင်မိဖ ပြည်သူများကိုလည်း မိဖပြည်သူတို့လိုချင်သောအရာကို ရက္ခိုင့်တပ်မတော် တစ်ခုတည်းက လုပ်ယူ၍ မရနိုင်သောကြောင့် ရက္ခိုင့်တပ်မတော်နှင့်အတူ လက်တွေ့ကျကျ အမျိုးသားရေးအသိဖြင့် ပူးပေါင်း ပါဝင် ဝန်းရံပေးရန်လိုအပ်ပါကြောင်း ” ပြောကြားသည်။
သင်တန်းဆင်းပွဲတွင် အောင်စစ်သည်ဆု အပါအဝင် လက်ဖြောင့်ဆု၊ စစ်ရေးပြထူးချွန်ဆု၊ စာပေထူးချွန်ဆု၊ ဇွဲဆု အပါအဝင်ဆုပေါင်း (၉) ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။ အောင်စစ်သည်ဆုကို သင်တန်းသား အောင်အောင်မှဆွတ်ခူး ရရှိခဲ့ပြီး ဇွဲဆုကို အသက် (၄၀) နှစ်အရွယ်ရှိ သင်တန်းသားတစ်ဦးမှရရှိခဲ့သည်။
အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁၃) ကို စစ်ဒေသနှစ်ခုတွင် ပြုလုပ်ခဲ့ပြီး သင်တန်းသားပေါင်း (၁၁၉) ယောက်တက်ရောက်ခဲ့သည်ဟု သိရသည်။
ရက္ခိုင့်တပ်မတော်သည် လက်ရှိမျက်မှောက်ကာလတွင် ရက္ခိုင်ပြည်သူလူထုတို့ ပိုင်ဆိုင်ထားသော စည်းလုံး ညီညွတ်မှုအကောင်းဆုံး၊ အင်အား အခိုင်ခံ့ဆုံး၊ တောင့်တင်း အကျစ်လစ်ဆုံးသော တပ်မတော်ဖြစ်သည့်အပြင် ရက္ခိုင်ပြည်သူလူထုချစ်သော တပ်မတော်တစ်ရပ်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ထို့နောက်တက်ရောက်လာကြသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်း ကျွေးမွေးခဲ့ပြီး ညနေဖက်တွင် သင်တန်းဆင်းရဲဘော်များ၏ ဖျော်ဖြေရေး အစီအစဉ်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။