♦ သမ္မတဦးသိန်းစိန်သည် ဟာသဥာဏ်နှင့် တက်ကြွသွက်လက်မှု အားနည်းသော်လည်း သူက စဉ်းစား မြော်မြင်ရှိပြီး ဆုံးဖြတ်ချက်ချသူဖြစ်သည်။ သူ၏ ယုံကြည်ရသော အကြံပေးများထံမှ အကြံဥာဏ်များကို မကြာခဏ တိုင်ပင်လက်ခံယူတတ်သူဖြစ်သည်။

PRESIDENT THEIN SEIN

♦ သမ္မတဦးသိန်းစိန်က ပြင်ဆင်ပေးထားသော အခမ်းအနားစားပွဲကို လျစ်လျူရှုပြီး ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ခေါင်းဆောင် လူ ၆၀ ခန့်စုဝေးနေသော လူအုပ်ထဲသို့ လျှောက်သွားခဲ့ပြီး လူအုပ်အလယ်တွင် တစ်နာရီ လောက် ရပ်စကားပြောခဲ့၏။

♦ “ဒီအကြမ်းဖက်မှုတွေက ကျွန်တော်တို့တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ထိခိုက်လာနေပါတယ်။ ဒါမဖြစ်သင့်တဲ့ ကိစ္စပါ။ ပြန်လည်ထူထောင်ဖို့ တိုးတက်လာဖို့ အလုပ်အကိုင်တွေရအောင် လုပ်ဖို့လိုပါတယ်။ နှစ်ဖက်စလုံး အတွက် ငြိမ်းငြိမ်းချမ်းချမ်း ရှိနေဖို့က အဓိက ကျပါပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ ကတိပေးနိုင်သလား” ဟုသူက လူအုပ်ကြီးကို မေးခွန်းထုတ်လိုက်ပါသည်။

♦ “ ဟုတ်ကဲ့ ကျွန်တော်တို့ပေးနိုင်ပါတယ်” ဟု လူအုပ်ကြီးက သံပြိုင်အော်ဟစ်ခဲ့သည်။

♦ သမ္မတဦးသိန်းစိန်သည် ဟာသဥာဏ်နှင့် တက်ကြွသွက်လက်မှု အားနည်းသော်လည်း သူက စဉ်းစား မြော်မြင်ရှိပြီး ဆုံးဖြတ်ချက်ချသူဖြစ်သည်။ သူ၏ ယုံကြည်ရသော အကြံပေးများထံမှ အကြံဥာဏ်များကို မကြာခဏ တိုင်ပင်လက်ခံယူတတ်သူဖြစ်သည်။

♦ သူက လူမှုခေါင်းဆောင်များနှင့် ကွဲပြားခြားနားသော မူဝါဒရှိသည့် ပညာရှင်များဆီကလည်း ဆွေးနွေးအကြံယူ တတ်သည်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီသို့ ပြောင်းလဲလာသော အချိန်တွင် စစ်ခေါင်းဆောင်များကို လိုအပ်သော ပုံစံပြောင်းလဲဖို့ တိုက်တွန်းအားပေးခဲ့သည်။

♦ သို့သော်လည်း နိုင်ငံရေး အနေအထား မတည်ငြိမ်သေးသည့် အချိန်တွင် သမ္မတအနေဖြင့် သတိဖြင့် ဆောင်ရွက်နေရသည်။ “ သူကတော့ ရည်ရွယ်ချက်အောင်မြင်ဖို့ အသည်းအသန်ကြိုးစားနေတာပဲ။ ဒါပေမဲ့ ဒါက အချိန်တွေ အများကြီးယူရတယ်” ဟု အတွင်းလူတစ်ဦးက ပြောပါသည်။

♦ သမ္မတဦးသိန်းစိန်ကမူ ဒေသခေါင်းဆောင်များ သူ့ဌာနအလိုက် ပြောကြားကြသည်ကို သေချာစွာ နားထောင်ခဲ့သည်။ သမ္မတဦးသိန်းစိန် ကိုင်တွယ်ချဉ်းကပ်မှုသည် သူ့အရင် စစ်အစိုးရ အာဏာရှင်များ၏ နည်းလမ်းနှင့် ကွာခြားသည်ဟု ဒုတိယဝန်ကြီးတစ်ဦးက ကျွန်မကို နှိုင်းယှဉ်ပြပါသည်။

♦ “ သမ္မတကြီးက နားထောင်တတ်တယ်။ ကိုယ်ထင်တာ ကိုယ်ပြောဖို့အတွက် သူ့ကို ဘာမှကြောက် စရာ မလိုဘူး။ သူတို့ကတော့ သူ့ခံယူချက်နဲ့သူပေါ့လေ။ ဒါမျိုးအရင်ခေါင်းဆောင်တွေတုန်းက မရှိခဲ့ဘူး။”

ကြားနာလိုသူအကြီးအကဲ (ဂွမ်ရော်ဘင်ဆင်)၊ 7Day Daily
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ကြားနာလိုသူအကြီးအကဲ- အပိုင်း (၂)

မွတ်ဆလင်အများစုနေထိုင်သည့် မောင်တောမြို့က အရပ်ဘက် အစည်းအဝေးတစ်ခုတွင် ဖြစ်ပါသည်။ သမ္မတဦးသိန်းစိန်က ပြင်ဆင်ပေးထားသော အခမ်းအနားစားပွဲကို လျစ်လျူရှုပြီး ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ခေါင်းဆောင် လူ ၆၀ ခန့်စုဝေးနေသော လူအုပ်ထဲသို့ လျှောက်သွားခဲ့ပြီး လူအုပ်အလယ်တွင် တစ်နာရီ လောက် ရပ်စကားပြောခဲ့၏။

“ဒီအကြမ်းဖက်မှုတွေက ကျွန်တော်တို့တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ထိခိုက်လာနေပါတယ်။ ဒါမဖြစ်သင့်တဲ့ ကိစ္စပါ။ ပြန်လည်ထူထောင်ဖို့ တိုးတက်လာဖို့ အလုပ်အကိုင်တွေရအောင် လုပ်ဖို့လိုပါတယ်။ နှစ်ဖက်စလုံး အတွက် ငြိမ်းငြိမ်းချမ်းချမ်း ရှိနေဖို့က အဓိက ကျပါပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ ကတိပေးနိုင်သလား” ဟုသူက လူအုပ်ကြီးကို မေးခွန်းထုတ်လိုက်ပါသည်။

“ ဟုတ်ကဲ့ ကျွန်တော်တို့ပေးနိုင်ပါတယ်” ဟု လူအုပ်ကြီးက သံပြိုင်အော်ဟစ်ခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ဟာသဥာဏ်နှင့် တက်ကြွသွက်လက်မှု အားနည်းသော်လည်း သူက စဉ်းစား မြော်မြင်ရှိပြီး ဆုံးဖြတ်ချက်ချသူဖြစ်သည်။ သူ၏ ယုံကြည်ရသော အကြံပေးများထံမှ အကြံဥာဏ်များကို မကြာခဏ တိုင်ပင်လက်ခံယူတတ်သူဖြစ်သည်။ သူက အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနက် ရေတပ်ဦးစီးချုပ် ဟောင်း ဦးစိုးသိန်းကို စီးပွားရေးရာ စီမံခန့်ခွဲမှုနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်မင်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ခေါင်းဆောင်တင်ထားပြီး သူတို့က သမ္မတဦးသိန်းစိန်၏ လူယုံများ ဖြစ်ပါသည်။

သူက လူမှုခေါင်းဆောင်များနှင့် ကွဲပြားခြားနားသော မူဝါဒရှိသည့် ပညာရှင်များဆီကလည်း ဆွေးနွေးအကြံယူ တတ်သည်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီသို့ ပြောင်းလဲလာသော အချိန်တွင် စစ်ခေါင်းဆောင်များကို လိုအပ်သော ပုံစံပြောင်းလဲဖို့ တိုက်တွန်းအားပေးခဲ့သည်။

သို့သော်လည်း နိုင်ငံရေး အနေအထားမတည်ငြိမ်သေးသည့် အချိန်တွင် သမ္မတအနေဖြင့် သတိဖြင့် ဆောင်ရွက်နေရသည်။ “ သူကတော့ ရည်ရွယ်ချက်အောင်မြင်ဖို့ အသည်းအသန်ကြိုးစားနေတာပဲ။ ဒါပေမဲ့ ဒါက အချိန်တွေ အများကြီးယူရတယ်” ဟု အတွင်းလူတစ်ဦးက ပြောပါသည်။ သမ္မတဦးသိန်းစိန် အတွက်တော့ မျှမျှတတ ဆောင်ရွက်လုပ်ကိုင်ဖို့က အရေးကြီးသလို အပြင်လူများကတော့ သမ္မတက အာဏာ ကို ဘယ်လောက်ချုပ်ကိုင်နိုင်သည့် အနေအထားတွင် ရှိသလဲ ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာသည်။

ယခင်စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီးဆိုသည်မှာ စစ်တပ်တွင် အမြင့်ဆုံးရာထူးဖြစ်ပြီး အကြွင်းမဲ့ အာဏာရှင်ဖြစ်သည်။ သို့သော် ဒီမိုကရေစီသံများ ညံလာသောအခါတွင် လွှတ်တော်မှာပင် သမ္မတ၏ ဥပဒေအကြံပြုချက်များပင် မကြာခဏ ပယ်ချခံနေရပါပြီ။

ယခုအခါ အရပ်သားဖြစ်သော ဦးသိန်းစိန်အနေဖြင့် သူ၏ အစိုးရအဖွဲ့အတွင်း စစ်တပ် ကိုယ်စားလှယ်များ အတွက် ဖွဲ့စည်းပုံအရ နေရာကိုလည်း သတ်မှတ်ပေးရမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအောက်တွင် စစ်တပ်အတွက် အဓိကအရေးကြီးသော ရာထူးသုံးနေရာရှိပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ထိုရာထူးများကို ရွေးချယ် ခန့်အပ်ရသည်။ လွှတ်တော်အတွင်း စစ်တပ်အမတ်နေရာ ၂၅ ရာခိုင်နှုန်း အတွက်လည်း သူကပဲ ရွေးချယ်ပေးရပါသည်။

တချို့ကလည်း ဦးသိန်းစိန်၏ အရပ်သားအသွင်ပြောင်း အစိုးရသည် သူ့ကို အာဏာလွှဲပေးခဲ့သည့် စစ်တပ် အစိုးရ ခိုင်းစေရာ လုပ်နေရသည်လားဟု ထင်မြင်တွက်ဆ မေးခွန်းထုတ်နေကြသည်။ အဖြေကတော့ အစွန်းနှစ်ဖက်ကြားတွင် ဖြစ်ပါသည်။ ရန်ကုန်အခြေစိုက် သံတမန်များ၏ အဆိုအရ စစ်ပတ်၏ အခန်းကဏ္ဍက မှေးမှိန်သွားပြီဟု ဆိုပါသည်။

တစ်ချိန်က အားကောင်းခဲ့သော စစ်တပ်တွင် ဖိအားပေးမှုများ ရှိလာနေခြင်းမှာ ဦးသိန်းစိန်အစိုးရက အာဏာလျှော့ချခြင်းကြောင့် မဟုတ်ဘဲ သူ၏ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းမှုကြောင့် ဖြစ်သည်။ ပြီးခဲ့သည့် ၁၈ လအတွင်း၌ အစိုးရအုပ်ချုပ်ရေးပိုင်းရှိ စစ်တပ်အရာရှိ ၈၀၀ ကျော်မှာ နေရာပြောင်းရွှေ့ ခံရသည်။ သူတို့မှာ စစ်တပ် (သို့မဟုတ်) ရဲ ဘက်သို့ အပြောင်းခံရခြင်းဖြစ်သည်။

စစ်တပ်နောက်ခံပေးထားသော စီးပွားရေးလုပ်ငန်းများမှာလည်း လက်ဝါးကြီးအုပ်ခွင့် မရတော့ချေ။ ဦးပိုင် ကုမ္မဏီမှာ ပထမဆုံးအကြိမ် အခွန်ပေးဆောင်ရသည်။ အစိုးရဌာနတွင်းက အရာရှိတော်တော်များများ နေရာတွင်လည်း ပညာရှိများ ကျွမ်းကျင်သူများ စီးပွားရေးလုပ်ငန်းရှင်များဖြင့် အစားထိုး ခန့်အပ်ခဲ့သည်။

ဒုတိယဝန်ကြီးများ အပါအဝင် အစိုးရအဖွဲ့အတွင်းက ဝန်ကြီးတစ်ဝက်လောက်က စစ်တပ်မှ လာသော အငြိမ်းစားများဖြစ်ကြသည်။ ထို့ကြောင့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးများက သူတို့အားသန်သည့် အပိုင်းဖြစ်သည့် လုံခြုံရေးပိုင်းကို တင်းကျပ်ဖို့သာ ကြိုးစားကြသည်ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

ဦးသိန်းစိန်အစိုးရ၏ အဓိကပြဿနာမှာ သူတို့ အစိုးရအဖွဲ့က လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးလုပ်ရန် ကြိုးစားနေလင့်ကစား ကချင်လက်နက်ကိုင်အဖွဲ့နှင့် အစိုးရစစ်တပ်များ၏ တိုက်ပွဲများက ဆက်တိုက်ဖြစ်နေမှုပင်ဖြစ်သည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် သက်ဆိုင်ရာ စစ်ဗိုလ်ချုပ်များက မြို့နယ်ခန်းမ အစည်းအဝေးမှာ ပါဝင်ခဲ့သလို သမ္မတဦးသိန်းစိန်ကို သူတို့ သီးသန့်အစည်းဝေးဖြင့်လည်း နေရာထိုင်ခင်း စားစရာများဖြင့် ဧည့်ခံခဲ့ကြပါသည်။ သူတို့ကို ကြည့်ရသည်မှာ ဦးသိန်းစိန်ကို အတိုက်အခံလုပ်ဖို့ထက် အကြံပေးတင်ပြ ဆွးနွေးကြသည်ကိုသာ တွေ့ရသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းတွင်မူ ရခိုင်ပြဿနာသည် သမ္မတ ဦးသိန်းစိန်အတွက် အကြီးမားဆုံး အခက်အခဲနှင့် ပျော့ကွက်ဖြစ်နေသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာအစိုးရကို ဘင်္ဂါလီများအား နိုင်ငံသားအဖြစ် လက်ခံပေးရန်နှင့် လူ့အခွင့် အရေးများ လိုက်နာရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ သို့ရာတွင် ဘင်္ဂ်လီများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိသော်လည်း နိုင်ငံရေးအကျဉ်းသားများ ဆက်တိုက်ပြန်လွှတ် ပေးနေမှုကို ကုလသမဂ္ဂက ချီးကျူး ခဲ့သည်။

ပြီးခဲ့သည့် နှစ်က ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သော တင်းမာမှုများအတွက် သမ္မတဦးသိန်းစိန်က အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးစေခဲ့သည်။ သူတို့၏ အစီရင်ခံစာတွင် မွတ်ဆလင်ရော၊ ရခိုင်ဗုဒ္ဓဘာသာဝင်များရော နှစ်ဖက်စလုံးကိုပါ အပြစ်တင် ထောက်ပြခဲ့ပြီး နှစ်ဦးနှစ်ဖက် ကူညီဖြေရှင်းရမည့် နည်းများကို ထောက်ပြထားသည်။ သို့သော်လည်း သမိုင်းကြောင်းအရ အရိုးစွဲနေသည့် မွတ်ဆလင် မုန်းတီးရေး ဝါဒက ပျံ့နှံ့နေပြီး လုပ်ငန်းစဉ်များကို နှေးကွေးစေခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်က ထိုလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်လာစေမည်ဟု သံတမန်များက မျှော်လင့်နေကြသည်။ အခြေအနေက သမ္မတဦးသိန်းစိန်က နောက်ကွယ်အင်အားစုများအပေါ် ဘယ်လောက် အရေးယူမလဲဆိုသည့် အပေါ်တွင်သာ မူတည်နေသည်။

ရခိုင်ဒေသတွင် ထိုကဲ့သို့ လူမျိုးရေးခွဲခြားနာကြည်းမှုများက ပြည်နယ်၏ စီးပွားရေးအခြေအနေကိုပါ ပိုဆိုးလာစေသည်။ ထိုအခြေအနေက သမ္မတဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲမှုများ အခြေခံလူတန်းစားများ ဆီသို့ပါ ရောက်ရှိအောင် လုပ်ဖို့ တွန်းအားပေးခဲ့သည်။

ဦးသိန်းစိန် ရခိုင်ခရီးစဉ်သွားရောက်သည့် အချိန်တွင် ၂၀၁၄ ၌ အာဆီယံခေါ် အရှေ့တောင်အာရှ နိုင်ငံများဥက္ကဌ တာဝန်ကိုယူရမည့် မြန်မာနို်င်ငံအပေါ် စိုးရိမ်မှုတွေ တိုးလာစေသည်။ လာမည့် ဒီဇင်ဘာလတွင်လည်း မြန်မာက အရှေ့တောင်အာရှဆီးဂိမ်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဦးမည်ဖြစ်သည်။

သံတွဲအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုက ပျက်စီးခဲ့သည့် ရွာများသို့ သွားရာတွင် သူ၏ အဖွဲ့ဝင်များကို လုံခြုံရေးတိုးမြှင့်ချထားရန်နှင့် နေရာပြောင်းလာသူများအတွက် လက်ခံ နေရာ ချရန် အမိန့်ပေးခဲ့သည်။

ယခုနှစ် အစောပိုင်းက မွတ်ဆလင်များ ပစ်မှတ်ထားတိုက်ခံခဲ့ရသည်ကို သံသယရှိကြောင်း သူက ပြောကြားခဲ့သည်။ ယခုမူ သူက မွတ်ဆလင်များ တိုက်ခိုက်ခံရသည်ကို သူက လက်ခံယုံကြည်သွားသည်။ သမ္မတဦးသိန်းစိန်ကမူ ဒေသခေါင်းဆောင်များ သူ့ဌာနအလိုက် ပြောကြားကြသည်ကို သေချာစွာ နားထောင်ခဲ့သည်။ သမ္မတဦးသိန်းစိန် ကိုင်တွယ်ချဉ်းကပ်မှုသည် သူ့အရင် စစ်အစိုးရ အာဏာရှင်များ၏ နည်းလမ်းနှင့် ကွာခြားသည်ဟု ဒုတိယဝန်ကြီးတစ်ဦးက ကျွန်မကို နှိုင်းယှဉ်ပြပါသည်။

“ သမ္မတကြီးက နားထောင်တတ်တယ်။ ကိုယ်ထင်တာ ကိုယ်ပြောဖို့အတွက် သူ့ကို ဘာမှကြောက် စရာ မလိုဘူး။ သူတို့ကတော့ သူ့ခံယူချက်နဲ့သူပေါ့လေ။ ဒါမျိုးအရင်ခေါင်းဆောင်တွေတုန်းက မရှိခဲ့ဘူး။”

အစိုးရ၏ အရေးယူတုံ့ပြန်မှုများ မြန်ဆန်လာသည်ကလည်း တိုးတက်မှုတစ်ခုဖြစ်သည်။

သံတွဲမြို့တွင် တိုက်ခိုက်မှုများ ဖြစ်သည့် ရက်အတွင်း နာမည်ကြီး ဒေသခံ ခေါင်းဆောင်များအပါအဝင် လူ ၈၀ ခန့်ကို ရဲက ဖမ်းဆီးခဲ့သည်။ တစ်လအကြာတွင် လူခြောက်ဆယ်ခန့်မှာ လူသတ်မှုအပါအဝင် တရားစီရင်ချက် များဖြင့် အပြစ်ပေးခံရသည်။

သမ္မတတစ်ယောက်အနေဖြင့် ဦးသိန်းစိန်က သူအရင်အုပ်ချုပ်ခဲ့သူများထက်ပို၍ မြင်သာမှုရှိသည်ဟု ဆိုနိုင်ပါသည်။ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံတွင် လူသိန်းချီဆုံးခဲ့သော နာဂစ်မုန်တိုင်းဒဏ်သင့်စဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတကာအပစ်တင်မှုများကိ လျစ်လျှူရှုပြီး နိုင်ငံတကာ အကူအညီများ အဝင် မခံဘဲ ပိတ်ပင်ခဲ့ဖူးသည်။

ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို ဝန်ကြီးချုပ်ဘဝကပင် စိတ်ဝင်စားခဲ့ပြီး သူ၏ လုပ်ဖော်ကိုင်ဖက် စစ်ဗိုလ်များကို ဘာသာရေးတင်းမာမှုများ အားကောင်းလာသည့် အခြေအနေနှင့် ဒေသတွင်းဆင်းရဲမှုများပြား လာသည့်အကြောင်း သတိပေးခဲ့ဖူးသည်။ သူက ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့ကို သွားခဲ့ပြီး စက်ရုံများ တည်ဆောက်ခြင်းနှင့် လမ်းများ ဖော်ခြင်းအပါအဝင် စီးပွားရေး တိုးတက်မှုအစီအစဉ်အချို့ကို အဆိုပြုခဲ့၏။ သူ၏ အကြံအစည်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပယ်ချခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို အလိမ်အညာ ဟု အများက အပြစ်တင်ခဲ့သော်လည်း ဦးသိန်းစိန် အာဏာရလာခဲ့သည်။

ယခု ရခိုင်ခရီးစဉ်တွင် သမ္မတဦးသိန်းစိန်က သူ့အကြံအစည်းဟောင်းများကို ပြန်လည်အကောင်အထည် ဖော်ခဲ့၏ ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားပေးရုံများ ဆောက်လုပ်ခြင်း၊ လေဆိပ်များ တည်ဆောက်ခြင်း၊ မီးနှင့် ရေလိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းအတွက် အစီအမံများ ထုတ်ပြန်ကြေညာ ခဲ့သည်။

“အခြေအနေတွေက ပြောင်းလဲကုန်ပြီ။ အခုလူထုအခြေပြုစနစ်ကို သုံးနေတယ်။ ဒါကြောင့် စီးပွားရေး တိုးတက်ဖို့အတွက် အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါ” ဟုသူက ဒေသခေါင်းဆောင်များ ကို ပြောကြားသည်။

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကမူ သမ္မတဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံမှာမဟုတ်ဟု လူသိရှင်ကြား ပြောကြားခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးသိန်းစိန်ကို အရိုက်အရာ ဆက်ခံရန် ရွေးချယ်ခဲ့သဖြင့် ဦးရွှေမန်းက ပြိုင်ဆိုင်ရန် ကြိုးစားနေသည်ဟု နှစ်ဦးစလုံးကို အတွင်းသိများက ဆိုသည်။

အချို့သမ္မတအကြံပေးများက ပြောကြားသည်မှာ ၂၀၁၅ နှစ်ကုန်တွင် သမ္မတဦးသိန်းစိန်က နိုင်ငံရေးမှ နှုတ်ထွက်မည်ဆိုသည်မှာ နောက်ဆုံး ဆုံးဖြတ်ချက်တော့ မဟုတ်သေးဟု ဆိုသည်။ သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့်သူလည်း ဖြစ်လာနိုင်သည်ဟုလည်း အသံများ ပေါ်ထွက်နေသည်။ အားလုံးက အခြေခံ ဥပဒေပြင်ဆင်မှုပေါ်တွင် အများကြီး မူတည်နေသည်။ အခြေခံဥပဒေအရ နိုင်ငံခြားသားနှင့် လက်ထပ် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်ရောက်ရန် အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရေး လှုံ့ဆော်နေပြီး ဦးသိန်းစိန် အစိုးရလက်အောက်တွင် ဘာမှပြောင်းလဲခြင်း မရှိဟု တစ်ကမ္ဘာလုံးကို ပြောကြားနေသည်။

သမ္မတဦးသိန်းစိန် ကမူ ရခိုင်ပြည်နယ်က ဘာသာရေးတင်းမာမှုများဖြစ်ခဲ့သည့်နေရာတွင် အားလုံးကို ကျေနပ်မှုရအောင် ကြိုးစားနေပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့် သူက ရခိုင်ပြည်နယ်မြောက်ဦးကို သွားခဲ့စဉ်က ရှေးဟောင်းမဟာမုနိဘုရားရုပ်ပွားတော်ကို သွားရောက်ဖူးမြော်ခဲ့သည်။

အနောက်နိုင်ငံခေါင်းဆောင်များနှင့်တော့မတူ သူက လူထုဆက်ဆံရေးနည်းဗျူဟာမှာ အာရုံ စိုက်မှု အားနည်း ၏။ သမ္မတ၏ ခရီးစဉ်တွင် နိုင်ငံခြားမီဒီယာများကို မည်သည့်အခါမှ ဖိတ်ခေါ်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုခရီးစဉ် မှာလည်း မည်သူကမှ နိုင်ငံခြားမီဒီယာများကို အမိန့်ပေးခြင်း မရှိပါ။

ဦးသိန်းစိန်၏ ပြဿနာများကို ကွေ့ဝိုက်ရှောင်ရှားဖြေဆိုမှုက အနုတ်လက္ခဏာများပြခဲ့သည်။ သူ၏ ၂၀၀၈ အခြေခံဥပဒေအပေါ်မေးမြန်းချက်အပေါ် သူ၏ ဖြေဆိုချက်များကို ဝါရှင်တန်ပို့စ်သတင်းစာက ကာတွန်းဖြင့် သရောက်လှောင်ပြောင်ခဲ့သောအခါ သူက အံ့ဩတုန်လှုပ်ခဲ့သည်ဟု ဆိုသည်။

ယခုခရီးစဉ်အတွက် မေးမြန်းရာတွင်တော့ ဦးသိန်းစိန်က ယခင်ကနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ “မငြိမ်သက်မှုတွေက တစ်ပြည်နယ်လုံးငြိမ်းသက်အောင် ကြိုးစားနေတဲ့ကြားက သံတွဲမှာ ဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ကြိုးစားပြီး ပြန်လုပ်ရဦးမယ်။ ဒါပေမယ့် တိုးတက်မှုတွေရှိလာဖို့အတွက် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေ မရှိဖို့က အရမ်းအရေးကြီးတယ်။” ဟု သူက ကျွန်မကိုပြောပါသည်။ ထို့အပြင် အဓိကကျသည့် အချက်နှစ်ခုကမူ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်သည်ဟု ဆိုသည်။
“ဒါပေမယ့် အဲဒီနှစ်ခုကလည်း ဘက်ညီဖို့လိုတယ်။ ကျွန်တော်တို့မှာ ရင်းနှီးမြှုပ်နှံမှု၊ တိုးတက်မှုနှင့် အလုပ်အကိုင်တွေ လိုအပ်နေတယ်။” ဟု သူက ထပ်၍ ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်က တစ်ခုလုပ်ရာတွင် လူအများသဘောတူအောင် ကြိုးပမ်းမှုများက သူ့ကို နိုင်ငံရေး ပြောင်းလဲမှုများ လုပ်ရာတွင် ဆုံးဖြတ်ချက်နှေးကွေသူဟု အထင်အမြင်လွဲမှားစေနိုင်ပါသည်။ သို့သော်လည်း နိုင်ငံရေးပြောင်းလဲမှုများလုပ်ရန် တွန်းအားပေးခဲ့မှု၊ လူ့အဖွဲ့အစည်းများ၏ ထောက်ခံ ချက်ရအောင် ကြိုးစားမှု၊ အပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်မှုများက သူ၏ နိုင်ငံရေးရည်မှန်းချက်သည် လက်ရှိ သမ္မတ သက်တမ်းထက် ကျော်လွန်ကြောင်း ပြသနေသကဲ့သို့ရှိသည်။

အကယ်၍ ယခုသက်တမ်းထက် သမ္မတပိုလုပ်ရန် မရည်ရွယ်ဘူးဆိုပါက ဦးသိန်းစိန်၏ ရည်မှန်းချက် သည် ဘာပါလဲ။

“ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ ကတိပေးထားတဲ့အတိုင်း ကျွန်တော်တို့ ဆက်လုပ်ရမယ်။ ကျွန်တော် တို့မှာ အချိန်သိပ်မရှိဘူး။ ဒါက နိုင်ငံရေးထက်ပိုအရေးကြီးတယ်။ အဲဒါက ကျွန်တော်တို့ နိုင်ငံရေးအနာဂတ်ပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆိုပါသည်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကမူ ဦးသိန်းစိန်က ယုံကြည်ချက်ပြင်းသူဟု ဆိုပါသည်။ “သမ္မတကြီး က ပြောတယ်။ ရခိုင်က ဗုဒ္ဓဘာသာအစွန်းရောက်တွေက မွတ်ဆလင်တွေကို မောင်းထုတ်လို့ရတယ်လို့ ထင်နေပေမယ့် တကယ်တော့ မွတ်ဆလင်တွေက အားလုံးကို မောင်းထုတ်လို့မရနိုင်ဘူးတဲ့။ ဒါကြောင့် ကျွန်တော်တို့ ဒီပြဿနာကို ဖြေရှင်းဆောင်ရွက်နေရတာလို့ သူတို့ကို သမ္မတကပြောခဲ့တယ်”

ယခင်က မြန်မာနိုင်ငံရေးပြောင်းလဲမှုများကို သံသယဖြင့် ကြည့်ခဲ့သူများက ယခုအချိန်တွင် အသိအမှတ်ပြု လာနေပါပြီ။ မြန်မာပြည်က အစဉ်အလာကြီးခဲ့သော စစ်တပ်အာဏာချုပ်ကိုင်မှုက အမှန် တကယ် ပြိုကွဲသွားပါပြီ။ အားလုံးလည်း ရုပ်လုံးပေါ်လာပါပြီ။ ထိုအရာကို ထိန်းချုပ်မောင်းနှင်သူကိုလည်း ထိပ်ဆုံး မှာ ထင်ထင်ရှားရှား ကြီးတွေ့နေရပါပြီ။

၂၈-၁၁-၂၀၁၃ ရက်ထုတ် 7 Day Daily သတင်းစာမှ ကူးယူဖော်ပြသည်
[Link :https://www.facebook.com/politicalarticlesofmyanmar/posts/253536314804236]

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s