ALD စစ်တွေတွင် လူထု တွေ့ဆုံ ဟောပြောပွဲ ပြုလုပ်
(နိရဉ္စရာ- ၂၇ နိုဝင်္ဘာ ၂၀၁၃) / ကိုစောထွန်း (စစ်တွေ)
ALD (ဗဟို)မှ ကြီးမှူး ကျင်းပသော စစ်တွေမြို့ လူထု တွေ့ဆုံ ဟောပြောပွဲကို နိုဝင်္ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
၎င်းတွေ့ဆုံ ဟောပြောပွဲကို စစ်တွေမြို့ River Village (RV)ခန်းမဆောင်တွင် ပြုလုပ်ရာ လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။
ယင်းဟောပြောပွဲတွင် ALD ဥက္ကဌ ဦးအေးသာအောင်မှ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် အနာဂတ် ရခိုင်နိုင်ငံရေးအလားအလာများကို အလေးပေး ဟောပြောခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဖဆပလ ခေတ်ကလည်း တွဲရေး- ခွဲရေးကိစ္စ၊ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ၊ မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရန်(သို့) ပြန်လည်ရေးဆွဲနိုင်ရန် ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းက အကျယ်တဝင့် ပြောကြားသည်ဟု ဆိုသည်။
ယင်းပြင်သူက ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်မည်ဆိုလျှင် လွတ်တော် ထဲမှာ မပြင်ဘဲ လွှတ်တော်ပြင်ပတွင် ပြင်ဆင်ခြင်းကို ပို၍ သဘောကျကြောင်း၊ လွတ်တော်ထဲမှာ ပြင်ဆင်မည်ဆိုပါကလည်း သူ့အနေဖြင့် မကန့်ကွက်ကြောင်း၊ တိုင်းပြည်ကောင်းရေး အတွက် ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဆင်ရန်လိုကြောင်း ယင်းက ပြောကြားသည်။
ယင်းအခမ်းအနားသို့ စစ်တွေမြို့မှ ဖိတ်ကြားထားသော ဧည့်သည်များ၊ ပါတီ၏ မြို့နယ် ကော်မတီဝင်များ၊ စစ်တွေမြို့မှ ရဟန်းတော်များ၊ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ မြို့လူထုများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြသည်။
ထိုအပြင် ဗဟိုအလုပ်အမှုဆောင်များမှ ဦးလှမြင့်ကလည်း မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်သော အကြောင်းအရာများ ရှင်းလင်းပြောကြားသလို ဗဟို အလုပ်မှုဆောင် ကော်မီတီဝင် ဦးကျော်ထွန်းအောင် မှလည်း ရက္ခိုင် သမိုင်းဆိုင်ရာများနှင့် လက်ရှိ ရက္ခိုင်ပြည်သူ/သားတို့၏ ဘဝ အခြေအနေ များကို ရှင်းလင်း ပြောကြားခဲ့သည်။
တက်ရောက်လာသူများမှ မေးခွန်းများအား အမေးအဖြေ ပြုလုပ်ကြပြီး နေလယ် တစ်နာရီခွဲမှ စတင်ခဲ့သော အခမ်းအနားကို ညနေ (၄း၀၀)နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်ဟု သိရသည်။
ALD သည် နောက်ရခိုင်ပါတီကြီး တစ်ခု ဖြစ်သော RNDP နှင့် တပါတီအဖြစ် Arakan National Party အမည်ဖြင့် ပေါင်းစည်းထားပြီး ရွှေးကောက်ပွဲကော်မရှင်တွင် ၎င်းပါတီသစ်အား မှတ်ပုံတင်ခွင့်ရရန် လျှောက်ထားကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=7992