“မြန်မာတွေ ကျားဖြစ်ဖို့ လိုပြီ (၁)”
^^^^^^^^^^^^^^^^^
ခရဇ်နှစ် ၂၀၀၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာအုပ်လေးပါ။ ရေးသူက စာရေးဆရာ နှစ်ဖက်လှ ကျော်လွင်ပါ။ တကယ်တော့ သူကိုယ်တိုင် ရေးခဲ့တာတော့ မဟုတ်ပါဘူး။ ပဲနွယ်ကုန်းဟောပြောပွဲခွေကို စာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်းပါ။ အဲဒီအချိန်မှာ ဆရာမရှိတော့ပါဘူး။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စာအုပ်လေးမှာ ၉၆၉တံဆိပ် တွေ့ပါလိမ့်မယ်နော်။ ၉၆၉ကို မနာလို တိုရှည် မဖြစ်ပါနဲ့ဗျာ။ ၉၆၉ က အင်မတန် သဘောထားကြီးပါတယ်။ သူတစ်ပါး အသက်အိုးအိမ် စည်းစိမ်မပြောနှင့် သူတစ်ပါး ဂဏန်းကိုတောင် ဖျက်လိုဖျက်ဆီး မလုပ်ခဲ့သူပါ။ ဒါကြောင့် ၉၆၉ကို အထင်မလွဲကြဖို့၊ ၉၆၉ ကို စိတ်နှင့်တောင် မပြစ်မှားကြဖို့ ပြောလိုခြင်းပါ။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စာအုပ်လေးကို ဖတ်ကြည့်စေချင်လို့ အခန်းဆက်တင်ပေးလိုက်ပါတယ်။
ရွှေမြန်မာတွေ နွားနှင့်ကျား ကြိုက်တာ ရွေးချယ်နိုင်ပါတယ်နော်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“၉၆၉” “မြန်မာတွေကျားဖြစ်ဖို့လိုပြီ”
^^^^^^^^^^^^^^^^^^^
နှစ်ဖက်လှဦးကျော်လွင်။ ပဲနွယ်ကုန်းမြို့တွင် ဟောကြားသည်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
နိဒါန်း
^^^
“မြန်မာတွေကျားဖြစ်ဖို့လိုပြီ” ဟူသော ဤစာအုပ်သည် ဆရာကြီး၏ နောက်ဆုံးလက်ရာအဖြစ် အမှတ်တရ ကျန်ရှိနေမည်ဖြစ်ပြီး ဤစာအုပ်ကို ဖတ်ရှုရသူတိုင်း ဆရာကြီး၏ မျိုးချစ်စိတ်ဓာတ်၊ သာသနာချစ်စိတ်ဓာတ်တို့ကို အံ့သြလောက်အောင် ချီးကျူးဂုဏ်ယူရမည်ဖြစ်သည်။
စာဖတ်သူသည် ဆရာကြီး၏ နှလုံးသားနှင့် စေတနာကို မြင်အောင်ကြည့်ရှုနိုင်ခဲ့ပါမူ သာသနာ့ဝန်ထမ်းများကို အားမရ၍ အမျိုးဘာသာ သာသနာအန္တရာယ်ကျရောက်နေပါလျက် ကြောင့်ကြမဲ့နေသော ဘာသာရေး ခေါင်းဆောင်များကို မားမလိုအားမရဖြစ်၍ စိတ်လိုက်မာန်ပါ ဆက်ဆံမိသောကြောင့် နှစ်ဖက်လှဦးကျော်လွင် “မာနသည်” ဟု မှတ်ထင်ခဲ့မှုများ ပါပျောက်သွားမည်ဖြစ်ကြောင်း၊ မာနကြီးလောက်အောင် ထူးချွန်သူ၊ မာနကြီး လောက်အောင် အလုပ်လုပ်သူဖြစ်ပြီး အသိအမှတ်ပြုလိမ့်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။
ဆရာကြီးသည် ဗုဒ္ဓဘာသာအမှတ်အသားအဖြစ် (၉၆၉) ဂဏန်းကို တီထွင်ခဲ့သဖြင့် ယခု (မြန်မာတွေ ကျားဖြစ်ဖို့ လိုပြီ” စာအုပ်မျက်နှာဖုံး၌လည်း ထိုဂဏန်ကို ရွေးချယ်တပ်ဆင်လိုက်ပါသည်။
စာရှုသူအပေါင်း ဆရာကြီးလို အမျိုးချစ် ဘာသာချစ်ပြီး အမျိုးဘာသာ သာသနာအတွက် ဆရာကြီးလို ဦးဆောင်ဦးရွက် ထမ်းရွက်သယ်ပိုးနိုင်ကြပါစေ။
ဆရာတပည့်
(သတ္ထုနော သိေဿာ)
နှစ်ဖက်လှဦးကျော်လွင်-၏ ကိုယ်ရေးရာဇဝင်အကျဉ်း
*************************************
နှစ်ဖက်လှဆရာကြီးဦးကျော်လွင်ကို ဟံသာဝတီခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒ,ညောင်ဝိုင်း နှစ်ရွာကြားရှိ ကိုယ်ပိုင်ခြံ(ဝေဠုဝန်ဝါးတော) ၌၁၂၉၂-ခု၊ တပိုတွဲလပြည့်ကျော်(၁)ရက် (၇.၂.၃၁) တနင်္လာနေ့တွင် အဖဦးထွန်း ကျော် အမိဒေါ်စောပွင့် တို့မှ မွေးဖွားသည်။
ညောင်ဝိုင်းကျောင်းဆရာတော် ဦးဝေပုလ္လကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေဘဝသို့ ရောက်ရှိခဲ့သည်။ ခရမ်းမြို့ ကိုင်းကုန်းကျောင်းတိုက်၌ ရှင်သာမဏေဘဝဖြင့် ပထမငယ်-လတ်-ကြီးတို့ကိုလည်းကောင်း၊ အသက်(၂၅) နှစ်အရွယ်တွင် သံဃာ့လောက၌ ထိပ်တန်းစာမေးပွဲများဖြစ်သည့် သကျသီဟဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာ စရိယ၊ သာသနဓဇသိရီပဝရဓမ္မာစရိယ (အစိုးရဂုဏ်ထူးဆောင် ဓမ္မာစရိယ) တို့ကို ဆွတ်ခူးနိုင်ခဲ့သည်။
ရဟန်းသိက္ခာ(၈)ဝါအရတွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဥယျာဉ်ကျောင်းတိုက်၊ ဂန္ဓာရုံကျောင်း၌ ကျောင်းထိုင်စာချရင်း တရားဟောရင်း သာသနာပြုခဲ့သည်။
အသက်(၃၄)နှစ်တွင် လူဝတ်လဲ၍ ဗဟန်းမြို့နယ် စက်မှုလက်မှု အထက်တန်းကျောင်း၌ အထက်တန်းပြ ကျောင်းဆရာအဖြစ် တာဝန်ထမ်းခဲ့သည်။
သာသနာရေးဦးစီးဌာန၌ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း မဟာဝိဇ္ဇာ {MA} နှင့် အထက်တန်းရှေ့နေ {H.G.P} အောင်မြင်ခဲ့သည်။
(၉.၅.၉၁) ၌ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနအသစ်၌ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။
နှစ်ဖက်လှဆရာကြီး ဦးကျော်လွန်သည် သာသနာရေးဌာန၌ တာဝန်ထမ်းဆောင်ရင်း ပထမပြန်နှင့် ဓမ္မာစရိယ စာမေးပွဲ စာအောင်ဆု(၆)ဆ တိုးမြှင့်လှူဒါန်းရန်၊ တိပိဋကနှင့် တောင်တန်းသာသနာပြု ထောက်ပံ့ငွေ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇလှူဒါန်းငွေများ တိုးမြှင့်လှူဒါန်းရန် တင်ပြလျှောက်ထားရာ အောင်မြင်စွာ တိုးမြှင့် လှူဒါန်းနိုင်ခဲ့သည်။
မြေဧက(၁၆၇) ဧက ကျယ်ဝန်းသည့် ကမ္ဘာအေး သာသနာရေးဌာနကြီးတစ်ခုလုံး သာသနာ့မြေဖြစ်အောင် ဆောင်ရွက်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ၊ ရန်ကုန်၊ မန္တလေးရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင်ဖွင့်လှစ်ဖို့ တင်ပြလျှောက်ထားခဲ့ရာ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများ၏ ခွင့်ပြုချက် ရသည်မှစ၍ ပရိယတ္တိတက္ကသိုလ်သင်ရိုး ညွှန်တမ်းအဆင့် ဆင့် ဖွဲ့စည်းအုပ်ချုပ်ပုံအဆင့်ဆင့် ပြဌာန်းကျမ်းစာများ စည်းမျဉ်းများ ရေးဆွဲခဲ့ပြီး နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီးဖြစ်မြောက်အောင် နေ့မအား ညမနားကြိုးစားဆောင်ရွက်ခဲ့သည်။
နှစ်ဖက်လှဆရာကြီး ဦးကျော်လွင်သည် ရဟန်းဘဝဖြင့် လူသေ လူဖြစ် ဝိနစ္ဆယအဖြစ် “ခေတ်သစ် သောနုတ္တုရ်” ပထမတွဲ၊ ဒုတိယတွဲ နှစ်ကျမ်းတွဲကို ရေးသားခဲ့သည်။ လူ့ဘဝဖြင့် ကျောက်သင်္ဘော ဝိနိစ္ဆယ လူသေလူဖြစ် ဝိနိစ္ဆယများ၌ ဓမ္မဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ဆောင်ရွက်ခဲ့သည်။ (ထိုစဉ်က) ဒုတိယဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တိုက်တွန်းမှုကြောင့် “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” ကျမ်းစာအုပ်ကို ပြုစုထုတ်ဝေခဲ့သည်။ ထို့ပြင် “ဗုဒ္ဓဘာသာ လူထက်လူ” ကျမ်းကိုလည်းကောင်း၊ သိပ္ပံအဘိဓမ္မာအပါအဝင် ကျမ်းစာအုပ်ပေါင်း (၃၇) ကျမ်း ရေးသားပြုစုခဲ့သည်။
ယခု “မြန်မာတွေ ကျားဖြစ်ဖို့လိုပြီ” စာအုပ်သည် ဆရာကြီး ဦးကျော်လွင် အသက် (၆၈) နှစ်အရွယ်တွင် ပဲနွယ်ကုန်းမြို့ မဟာစည်သာသနာ့ရိပ်သာ ဗုဒ္ဓဘာသာဟောပြောပွဲ၌ ဟောပြောထားသော တရားတော်များကို စုစည်းတင်ပြထားသည့် ကျမ်းစာအုပ်ဖြစ်သည်။
မြန်မာပြည် အနယ်နယ် အရပ်ရပ်၌ စာပေဟောပြောပွဲများ၊ ဘာသာရေးဆွေးနွေးပွဲများအပြင် နိုင်ငံတကာ ဘာသာရေးအခမ်းအနားများသို့ မြန်မာနိုင်ငံကိုယ်စား တက်ရောက်ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်၌ ဗုဒ္ဓဘာသာမိခင်ကောင်းများ သင်တန်း၊ ဆရာ/ဆရာမများ မွမ်းမံသင်တန်း များကို ပို့ချခဲ့သည်။ ကမ္မဋ္ဌာန်းဆရာအဖြစ် နယ်လှည့်တရားပြခဲ့သည်။ နိုင်ငံတော်က “ဝိသိဋ္ဌကမ္မဋ္ဌာနာစရိယ” (ထူးခြားတဲ့ကမ္မဋ္ဌာန်းဆရာ) ဘွဲ့ကို ချီးမြှင့်ခဲ့သည်။
နှစ်ဖက်လှဆရာကြီး ဦးကျော်လွင်သည် စာရေးသည်၊ စာချသည်၊ သင်တန်းပြသည်၊ စာအုပ်ထုတ်ဝေသည်။ ဘာသာရေး သာသနာရေး အမျိုးသားရေး လူမှုရေးမှစ၍ ပရဟိတအကျိုးကို သည်ပိုးရင်း ဗုဒ္ဓဘာသာ သိက္ခာရှင် (သီလရှင်)များ သာသနာပြုသင်တန်းပို့ချရင်း (၁.၈.၂၀၀၂) ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
“နမော ဗုဒ္ဓါယ သိဒ္ဓံ”
သုံးလူဆရာနှင့် မြင်းဆရာ
ဆရာတို့ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓခေတ်တုန်းကဆိုတော့ စစ်အင်္ဂါလေးပါးက ဆင်၊မြင်း၊ရထား၊ခြေသည်၊ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ဒါသူတို့အဓိကပေါ့။ အဲဒီတော့ အဲဒီခေတ်မှာ ဆင်ဆရာတွေ မြင်းဆရာတွေ သူတို့သိပ်ခေတ်စားတယ်။ မြင်းတွေကို မြင်းကောင်းတွေဖြစ်အောင် သူတို့ပြုပြင်ကြရတယ်။ ဆင်ဆရာတွေ ကလည်း ဆင်ရိုင်းတွေကို ဖမ်းပြီးတော့ တိုက်ပွဲဝင် ဆင်ယဉ်တွေဖြစ်အောင် ဆုံးမကြရတယ်။ ရှေးခေတ်သဘော အရပေါ့။ အဲဒီတော့ မြင်းဆရာတစ်ယောက်က သူအလွန်တော်တယ်။ လူ့လက်ထွက်မြင်းတွေဆိုရင် တိုက်ပွဲတွေ မှာ အမြဲတန်းအောင်တယ်။ ပွဲတိုင်းအောင်တယ်။ နာမည်ရတယ်။ အဿာစရိယ=မြင်းဆရာ။ အဲဒီနာမည်ရတဲ့ အဿာစရိယ=မြင်းရိုင်းတွေကို လိမ္မာယဉ်ကျေးအောင် သွန်သင်တတ်တဲ့ အဲဒီနာမည်ကျော် မြင်းဆရာကြီးနဲ့ တစ်နေ့သောအခါမှာ သဗ္ဗညုဗုဒ္ဓရှင်တော်ဘုရားတို့ တွေ့ကြပါတယ်။
အဲဒီလိုတွေ့တဲ့အခါကျတော့ မြတ်စွာဘုရားက အဲဒီမြင်းဆရာကိုမေးတယ်။ “ချစ်သား သင်ဟာ နာမည်ရမြင်း ဆရာတစ်ယောက်ဖြစ်တယ်။ အလွန်တော်တဲ့ မြင်းကောင်းတွေကို ဘယ်လိုဆုံးမသလဲ….?။ ဘယ်လိုများ သွန်သင်သလဲ…?”လို့။ အဲဒီလို မြတ်စွာဘုရားက မေးတယ်။
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်ဆုံးမပုံကတော့ ပထမဦးစွာ မြင်းကို နုနုပျောင်းပျောင်း ယဉ်ယဉ်ကျေးကျေး ချော့ချော့မော့မော့ အဲဒီလိုနည်းနဲ့ တပည့်တော်ဆုံးမပါတယ်။ အစာရေစာကျွေးလို့ စုပ်သပ်လို့ ချော့လို့ အမျိုးမျိုးသောနည်းတွေနဲ့ ချော့မော့လို့ မြင်းကောင်းတစ်ကောင် ဖြစ်လာအောင် ယဉ်ကျေး တဲ့မြင်းဖြစ်လာအောင် တပည့်တော် ဆုံးမပါတယ်။ ဒါပေမဲ့ဘုရား တချို့မြင်းတွေက ဒီလောက်နဲ့ မရဘူး၊ နည်းနည်းဆိုးတယ်၊ အဲဒီလို ဆိုးတဲ့မြင်းကျတော့ တပည့်တော် ခပ်ကြမ်းကြမ်းလေး ဆုံးမပါတယ်။ တံပြာနဲ့ နှင်တံနဲ့ ရိုက်တန်လျှင် ရိုက်၊ နှင်တံထိပ်မှာ သံချွန်တပ်ပြီး ထိုးတန်ထိုး၊ အစာငတ်ထားတန်ထား၊ အဲဒီလို အကြမ်းနည်းနဲ့ ဆုံးမပါတယ်။ အနုနည်းနဲ့ ဆုံးမလို့ မရတဲ့မြင်းကို အကြမ်းနည်းနဲ့ ဆုံးမပြန်တော့လည်း မြင်းကောင်း မြင်းမွန် တန်းဝင်အာဇာနည် အဖိုးထိုက်မြင်း ဖြစ်တာတွေ အများကြီးရှိပါတယ်ဘုရား”။
အဲဒီတော့ မြတ်စွာဘုရားက “တကယ်လို့ကွာ အနုနည်းနဲ့လည်း ဆုံးမလို့မရ၊ အကြမ်းနည်းနဲ့လည်း ဆုံးမလို့ မရဘူးဆိုလျှင် မင်းဘာလုပ်တုန်း”။
“အဲဒီမြင်းကို တပည့်တော် သတ်ပစ်လိုက်ပါတယ်ဘုရားတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အနုနည်းနဲ့လည်း ဆုံးမလို့ မရဘူး၊ အကြမ်းနည်းနဲ့လည်း ဆုံးမလို့ မရဘူးဆိုမှတော့ ဘာလုပ်တော့မှာတုန်းတဲ့။ တပည့်တော် သတ်ပစ်လိုက်ရော” တဲ့။
“အရှင်ဘုရားရော နာမည်ကြီးတဲ့ ရဟန်းကြီးတစ်ပါး၊ အရှင်ဘုရားရဲ့ တပည့်သားတွေကို ဘယ်လို ဆုံးမတုန်း…?” တဲ့။
“ငါလည်း မင်းလိုပဲကွ” တဲ့။
မြတ်စွာဘုရားက “ငါလည်းမင်းလို ဆုံးမတာပဲ။ တချို့ ဝေနေယျသတ္တဝါတွေကို ငါဘုရားဟာ အနုနည်းနဲ့ ဆုံးမတယ်။ ဘယ်လိုအနုနည်းနဲ့ ဆုံးမသလဲဆိုတော့ ဒါနပြုကြ၊ ဒါနရဲ့ အကျိုးဆိုတာ အလွန်ကြီးတယ်။ သီလစောင့်ထိမ်းကြ၊ သီလရဲ့အာနိသင်ဟာ အလွန်မွန်မြတ်တယ်။ မေတ္တာတရား ပွားများကြ၊ မေတ္တာသဒ္ဒေါ အနန္တော-အဆုံးမရှိတယ်။ အေး အဲဒီလို ကောင်းတာ ကောင်းတာလေးတွေနဲ့ အကျိုးတရားလေးတွေကို ပြပြပြီး ဆုံးမတယ်။ တချို့လည်း အဲဒီလို အပါခေါ်သွားလိုက်တာ နောက်ဆုံး မဂ်ဖိုလ်နိဗ္ဗာန်ရပြီး အကျွတ်တရားဝင်တဲ့ အထိ အဲဒီလိုပါလာတဲ့ တပည့်သာဝကတွေလည်း ရှိတယ်”။
“ဒါဖြင့် ကောင်ပါပြီဘုရား” တဲ့၊ အရှင်ဘုရား ဒါနတို့ သီလတို့ မေတ္တာတို့ ဘာဝနာတို့နဲ့ အဲဒီလို အနုဆေးတွေနဲ့ ဟောပြော ခြွေချွတ်လို့ မရတဲ့ သာဝကတွေကြတော့ အရှင်ဘုရား ဘယ်လို ဆုံးမတုန်း? တဲ့။
“ငါလည်း အကြမ်းနည်းနဲ့ ဆုံးမတာပေါ့ကွ မင်းလိုပဲ” တဲ့။
“အရှင်ဘုရား အကြမ်းနည်းနဲ့ ဘယ်လိုဆုံးမတုန်း?”
“ဟေ့ သူများအသက် မသတ်နဲ့၊ ဟိုမှာမြင်လား ငရဲ၊ သူများအသက် သတ်တဲ့ကောင်တွေ ငရဲကျနေတာ ဟိုမှာ မြင်လား၊ အသတ်တိုပြီးတော့ ဟိုမှာ ဆန့်ငင်ဆန့်ငင်နဲ့ အရွယ်မရောက်ဘဲ အသက်ထွက်တာ၊ အဲဒါ သူများအသက် သတ်တဲ့ ပါဏာတိပါတ ပြစ်မှုဗျ။ ဟေ့ မခိုးနဲ့နော် ဟိုမှာကြည့်စမ်း သူတောင်းစားတွေ ဆင်းရဲမွဲ တေနေတာ ခိုးတဲ့ အဒိန္နာဒါန်ကံကြောင့်ကွ။ ဟိုမှာကြည့်စမ်း အနူတွေ လစ်ပရိုစီတွေ (ဘုရားကတော့ လစ်ပရိုစီတွေလို့ ပြောချင်မှ ပြောမှာပေါ့) အဲဒီလို ကုဋ္ဌနူနာသည်တွေ ဖြစ်နေတာဟာ ကာမေသုမိစ္ဆာကံကြောင့် ကွ။ ကြည့်စမ်း အပါယ်လေးပါးကျ၊ ကျပြီးတဲ့ အခါကျတော့ ဒု၊ သ၊ န၊ သော-လို ခံရပြီးတော့ လူစဉ်မမှီတဲ့ သတ္တဝါတွေဖြစ်တယ်။ မင်းတို့ ကာမေသုမိစ္ဆာကံ မလုပ်ကြနဲ့။ မိမ်နဲ့၊ ဟိုမှာ ပါစပ်ကြီး ပုတ်နေတာ တွေ့လား။ အရက်မသောက်နဲ့၊ ဟိုကောင် ရူးနေတာ တွေ့လား။ အရင်ဘဝတုန်းက အရက်သောက်လို့ ယခု ဒီဘဝ ရူးနေတာ၊ ဥာဏ်ထိုင်းနေတာ။ အဲဒီလိုပေါ့ကွာ ငါလည်းပဲ အဲဒီလို အပြစ်တွေ ပြပြပြီးတော့ အကြမ်းနည်းနဲ့ အဲဒီလို ဆုံးမတယ်။ အဲဒီလိုဆုံးမတဲ့အခါမှာ အများအားဖြင့် သတ္တဝါဝေနေယျတွေဟာ ထိတ်လန့်ပြီး ပြုပြင်ပြီး တော့ လူကောင်း သူကောင်းတွေ ဖြစ်လာကြတယ်။”
“ကောင်းပြီဘုရား ဒါဖြင့်ရင် အရှင်ဘုရား အနုနည်းနဲ့လဲဆုံးမလို့ မရဘူး၊ အကြမ်းနည်းနဲ့လည်း ဆုံးမလို့ မရဘူးဆိုလျှင် အရှင်ဘုရား ဘာလုပ်တုန်း…?”
“ငါလဲ မင်းလိုဘဲ သတ်ပစ်လိုက်တာပဲကွ။ ငါသတ်တယ်ဆိုတာက အဲဒီသတ္တဝါကို ငါဘုရားသည် လုံးဝ ဆုံးမခြင်း မပြုတော့ဘူး။ ဘုရားမျက်နှာလွှဲလိုက်တယ်၊ မိဘက သားသမီးတစ်ယောက် ဆိုးလို့ မဆုံးမတော့ဘူးဆိုရင် ဘယ်လောက်နာသွားမလဲ စဉ်းစားပေါ့။ ငါဘုရား သတ်နည်းက အဲဒီသတ္တဝါတစ်ယောက်ကို အနုနည်းနဲ့လည်း မဆုံးမတော့ဘူး၊ အကြမ်းနည်းနဲ့လည်း မဆုံးမတော့ဘူး။ ငါဘုရားသည် ဥပေက္ခာ လုံးဝပြုလိုက်ပြီး။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံမှ ထိုသူသည် တစ်စွန်းတစ်စမျှ တရားနာခွင့် မရတော့ဘူး။ ငါက အဲဒီနည်းနဲ့ သတ်တယ်ကွ”။ အဲဒါ အဿာစရိယသုတ်လို့ ခေါ်တယ်။