ဒီဇင်ဘာရောက်လာမှာကို စိုးကြောင့်ပါသည်
6.11.2013 SHAN NEWS
ဒီဇင်ဘာလမှာက ရှမ်းတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးအခါသမယကျ ရောက်မှာ ဖြစ်ပါတယ်။ တစ်မိုးလုံးပင်ပန်း ဆင်းရဲစွာ လယ်တောထဲမှာ၊ တောင်ယာထဲမှာ စိုက်ပျိုးထွန်ယက်ခဲ့တဲ့ ကောက်နှံစပါးတွေနဲ့ ပြောင်း၊ပန်းနှမ်း၊ မြေပဲနဲ့ ပဲပုတ်စတာတွေ သီးပွင့်လို့ကနေရရှိတဲ့ အဖိုးအခအဿပြာ၊ ရွှေတို ငွေစလေးတွေကို ၀ါလကင်းလွတ်တဲ့ သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘ ဘိုးဘွားနဲ့ ဆရာသမား စတာတွေကို ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းတဲ့ လူမျိုးပီသစွာ … ယဉ်ကျေးမှု အစဉ်အလာမြင့်မားတဲ့ မျိုးနွယ်ပီသစွာ …
ဂါရ၀ပြုကြတာက နေစပြီး တစ်နှစ်မှတစ်ခါ ဆုံကြ၊ ကြုံကြရတဲ့ ပျော်ရွှင်ဆင်နွှဲ ရှမ်းနှစ်သစ်ကူးခါသမယပွဲတော်အဆုံး သားတွေ သမီးတွေနဲ့၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ သုံးစွဲကုန်ကျလိုက်ချင်တဲ့ စိတ်ဆန္ဒရှိပေမယ့် ရှမ်းပြည်( တောင်ပိုင်း) မှာတည်ရှိတဲ့ ရွာစဉ်အတော်များများမှာက မပျော်နိုင်ညများ ဖြစ်လေဦးမလား ၊ စိုးတထိတ်ထိတ်နဲ့ ရယ်ပါ ….
အခုလောလောဆယ်မှာပဲ လွိုင်လင်တောင်ဘက်၊ မိုင်းစိတ်အနောက် ဘက်ခြမ်းကကျေးရွာတွေမှာ RCSS/ သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့က ဗိုလ်မှူး နန္တောနဲ့ နောက်လိုက် ၅၀ ဦးလောက်က တစ်ဖွဲ့၊ ဗိုလ်လုံ အိုက်ကပ်နဲ့ နောက်လိုက် ၂၀ ဦးလောက်ကတစ်ဖွဲ့ အဖွဲ့ ၂ ဖွဲ့ခွဲပြီး လူတွေစတင်စုဆောင်းနေပါပြီ။ လွယ်တိုင်းလျှံမှာ ပြုလုပ်မယ့် သျှမ်းနှစ်သစ်ကူးပွဲတော်ကို တစ်ရွာလျင် ရွာသား ၂ ဦး၊ ဒါမှမဟုတ် ၃ ဦး မသွား မဖြစ် သွားရမယ်ဆိုပြီး အတင်းအကြပ် လာပြောနေပါပြီ။ လွယ်တိုင်းလျှံသွားရမယ့် ခရီးကဝေးလွန်းတာနှင့် အမျှ အစိုးရတပ်တွေကိုလည်း ရှောင်ကွင်းသွားလာရပါတယ်။
သွားတဲ့နေရာမှာလည်း လမ်းခရီးတစ်လျှောက် ကုန်ကျမယ့် စရိတ်နဲ့ စားဖို့သောက်ဖို့တွေအတွက်ပါ သက်ဆိုင်ရာရွာတွေနဲ့ ရွာသားတွေကပဲ ကျခံရမယ်လို့ RCSS အဖွဲ့က ဗိုလ်လုံတွေကဆိုပြန်တော့ ဆင်းရဲလှတဲ့ သျှမ်းနင်းပြားလေးတွေအတွက် အခက်တွေရပြီပေါ့ …။
မိအေးနှစ်ခါနာဆိုတဲ့ ဗမာစကားပုံအတိုင်းပေါ့ဗျာ၊ ဒါ့အပြင် လွယ်တိုင်းလျှံကို ရောက်ပြန်ပြီဆိုရင်လည်း သျှမ်းပြည်ကို ကာကွယ်ဖို့ဆိုပြီး စစ်သင်တန်းတွေ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အတင်းအကြပ် တက်ရောက်ခိုင်းတော့ သင်တန်းတက်နေတဲ့ကာလအတွင်း နောက်မှာကျန်ခဲ့တဲ့ မိသားစုတွေ စားဝတ်နေရေး အတွက် ရင်မအေးရဖြစ်ရပြန်တာပေါ့ … ။ RCSS ဥက္ကဌကြီး ကျောက်ယွက်ဆစ်ကတော့ ဒါတွေကိုသိလိမ့်မယ် လို့ မထင်ရေးချ မထင်၊ လွယ်တိုင်းလျံမှာ ပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေကို ရောက်ရှိလာကြတဲ့ သျှမ်းပြည်သူ လူထုဟာ ဥက္ကဌကြီး ရှေ့မှောက်ရောက်လာဖို့အတွက် ဘယ်လောက်ထိ ဒုက္ခရောက်ခဲ့တယ်ဆိုတာကိုပေါ့။
ကျောက်ယွက်ဆစ်ရဲ့ တပည့်တွေက ဥက္ကဌကြီး နှစ်ထောင်းအားရရှိပါ စေတော့ဆိုပြီး သျှမ်းလူထုကို အတင်းအကြပ် သွားရောက်ခိုင်းနေတာ တွေပေါ့ဗျာ …။
အရင်နှစ်ကလည်း သျှမ်းနှစ်သစ်ကူးပွဲတော် တက်ရမယ်ဆိုပြီး သျှမ်းတိုင်းရင်း သား ရာထောင်ချီပြီး လွယ်တိုင်းလျှံကို အတင်းခေါ်သွားပြီး ဥက္ကဌကြီးရှေ့မှာ သူတို့ကို ထောက်ခံဖို့၊ အားပေးဖို့ လာကြတဲ့ ပြည်သူ တွေကို ပုံမှားရိုက်ခဲ့ကြ ပါတယ်၊ အမှန်ကတော့ နွားအုပ်မောင်းသလို အတင်းခေါ်သွားတော့ ကြောက် လို့ပါသွား တာပါ။ ပါသွားတဲ့လူတွေအတွက် ခရီးစရိတ် သိန်းပေါင်း ထောင်ချီ ကုန်ကျခဲ့တာကို ရွာတွေကပဲ စုပေါင်းကျခံရ ပါတယ်။
ပြီးတော့ အများစုက သျှမ်းစစ်သားမလုပ်ချင်ဘဲ ဖြစ်သွားရပါတယ်၊ အခုနှစ် လည်း အရင်နှစ်က ပုံစံမျိုး လုပ်လာပြန်ပါပြီ၊ သျှမ်းပြည် (တောင်ပိုင်း) ကတိုင်း ရင်းသားတွေရဲ့ ဒုက္ခမျိုးစုံကို တာဝန်ပုဂ္ဂိုလ်များဆိုတဲ့ ပုဂ္ဂိုလ် များ ထိထိရောက်ရောက် ကာကွယ်ပေးသင့်ပါပြီ ။
စိုင်းအောင်