INTERVIEW ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် သက်တမ်းအနုဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်း ယာယီဌာနချုပ် ဖွင့်လှစ် တည်ထောင်ထားသော ရခိုင်တပ်မတော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် The Voice သတင်းအဖွဲ့ လိုင်ဇာမြို့၌ တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

                                      ??????????

Voice : ရခိုင်တပ်မတော် အကြောင်းကို အနည်းငယ် ပြောပြပေးပါ။

UTMN : ကျွန်တော်တို့ ရခိုင်တပ်မတော် (Arakan Army )က ရခိုင်ပြည် ထဲမှာတော့ တက္ကသိုလ်ကျောင်းသား တွေနဲ့ နေရာအနှံ့အပြား တည်ဆောက်တာတော့ ကြာပါပြီ။ ပြည်တွင်းစစ် အစိတ်အပိုင်းမှာ ကျွန်တော်တို့ ရခိုင်တွေကတော့ မပါဘူးဗျ။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တွေက အရမ်းဆင်းရဲတယ်။ သယံဇာတ တွေလည်း အများကြီးရှိတယ်။ အလားအလာကောင်း တွေ အများကြီး ရှိပေမယ့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ အကုန်လုံးက အနိမ့်ဆုံးကို တဖြည်းဖြည်း ဆင်းသွားတော့ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား အရွယ်တုန်းက ဒါတွေကို မြင်လာတယ်။ အဲဒီတုန်းက ကရင်ပြည်တို့ ဘာတို့ဆိုတာ တိုက်ပွဲ ပြင်းထန်တယ်လေ။ ကရင်ပြည်က ကလေးတွေရော၊ ကလေးမ တွေရော အပြင်တွေ ရောက်ကုန်တယ်။ ဒုက္ခ ရောက်ပြီးမှပေါ့။ ဒါက ဘယ်လိုဖြစ်တယ် ဆိုတာ အကျိုးအကြောင်း ဆက်စပ်ယူလို့ ရတယ်လေနော်။ ဘာကြောင့် ဆင်းရဲနေတာလဲ။ ဘာကြောင့် ခက်ခဲနေတာလဲ။ စစ်ဖြစ်နေလို့ ခက်ခဲရတယ်။ စစ်ဖြစ်နေလို့ ဒုက္ခရောက်ကြတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်မှာ ကျတော့လည်း ဒီ့ထက်တောင် ပိုဆိုးနေတယ်။ အဲဒီအခြေအနေတွေဟာ ဘာကြောင့်လဲပေါ့။ ဒါတွေဟာ ဖိနှိပ်မှု ကြောင့်ပေါ့။
တကယ်ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အားမနာစတမ်း ပြောရ ရင်တော့ ကျွန်ပြုတာပေါ့ဗျာ။ ကျွန်တော်တို့ သွေးစုပ်ခံရတယ်လို့ပဲ မြင်တယ်။ ဥပမာ- လမ်းတစ်လမ်း ဖောက်ဖို့အတွက် ကျောက်တုံးတွေကို သယ်တဲ့နေရာက လမ်းဟာ အရမ်းဆိုးတယ်။ ဒါပေမဲ့ အဲဒီနေရာက ကျောက်တုံးတွေနဲ့ပဲ တခြားနေရာမှာ လမ်းတွေဖောက်သွားတယ်။ အဲလိုအနေ အထားမျိုးတွေ။ လျှပ်စစ်မီးတို့ ဘာတို့ ဆိုတာလည်း မရှိဘူးလေ။ ကျွန်တော် ရန်ကုန်ကို ပထမဆုံး ရောက်ဖူးတုန်းကဆိုရင် ၉၆ လောက်တုန်းက ဖြစ်မယ်ထင်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ စစ်တွေမှာ ဆိုရင် လျှပ်စစ်မီးက တစ်နေ့လုံးမှ နှစ်နာရီလောက် ပဲရတယ်။ ပြီးရင် တစ်ယူနစ်ကို ၄၀၀ ကျော်လောက် ပေးရတယ်။ ရန်ကုန်မှာ ၂၅ ကျပ်ပဲ ပေးရတယ်။
ကျွန်တော်တို့ ဆယ်တန်းအောင်စ ၁၉၉၆ တုန်းက ရန်ကုန်ကို လာကြတော့ ကျွန်တော်တို့ ရခိုင်ပြည်လေ အရမ်းမှောင်တာ။ အရမ်းမှောင်ပြီးမှ ပဲခူးရိုးမ ထိပ်ကို ရောက်တာနဲ့ ဟိုးဘက်မှာ လင်းပြီးမှ သစ်ပင်တွေ မှာတောင် လျှပ်စစ်မီး ထွန်းထားတယ်။ ဒါတွေဟာ ကွာခြားချက်တွေ၊ ခြားနားချက်တွေပဲ။ ဒီလိုမျိုး အကြောင်းတရားတွေပေါ့ အများကြီးပါ။ ဒါတွေဟာ ငါတို့ အခွင့်အရေးတွေ ဆုံးရှုံးနေ တာပဲပေါ့။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတယ်။ သို့သော် ကျွန်တော်တို့ မပါသလိုပဲပေါ့။ ကျွန်တော်တို့ ရပိုင်ခွင့် အခွင့်အရေးတွေကို ဆုံးရှုံးနေတယ်ပေါ့။ ဒီလိုမျိုး အကြောင်းတရား တွေကြောင့် ကျွန်တော်တို့ ရခိုင်တပ်မတော်ဟာ မွေးဖွားလာခဲ့တာပါ။

Voice : ရခိုင်တပ်မတော် ဖွဲ့ပြီးနောက်ပိုင်း အစိုးရနဲ့ တပ်ချင်းထိတွေ့မှု တွေရှိလား။

UTMN : ထိတွေ့မှုဆိုတာတော့ ကျွန်တော်တို့ ရခိုင်တပ်မတော်က အဓိက ကချင်ပြည်နယ်မှာ လှုပ်ရှားတာ များတယ်။ တခြားနယ်မြေ တွေမှာလည်း အများကြီးရှိတယ်။ တိုက်ပွဲကာလ မှာဆို ရှေ့တန်းတွေမှာ တပ်ရင်းအလိုက်တော့ မဟုတ်ဘူးပေါ့ ။ စစ်ကြောင်းအလိုက် ခံစစ်စခန်းတွေမှာ နေပြီးမှ လှုပ်ရှားတာ ရှိတယ်။ နောက်ပြီးမှ ရန်သူစစ်ကြောင်းတွေ ဝင်လာရင် လှုပ်ရှားထွက်ပြီးမှ ဖြတ်တောက်တာတွေ ရှိတယ်။ တိုက်ပွဲတွေကတော့ အများကြီးပါပဲ။

Voice : လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေအပိုင်းရော ဘယ်လိုရှိလဲ။

UTMN : အစိုးရက ကျွန်တော်တို့နဲ့တော့ ငြိမ်းချမ်းရေးကိစ္စ ဘာမှမပြော သေးဘူးဗျ။ ကျွန်တော်တို့က ကချင်ပြည်မှာ အခြေစိုက်ထားတယ် ဆိုတော့ သူတို့ အမြင်မှာ KIO/KIA နဲ့ ဆွေးနွေးလို့ အဆင်ပြေရင် အကုန်လုံး ပြီးသွားမယ်လို့များ ထင်လား မသိဘူးလေ။ ကျွန်တော်တို့ အမြင်ကျပြန်တော့ နောက်တစ်မျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာက နက်နက်ရှိုင်းရှိုင်း ရှိတယ်လေ။ အဲဒါကို တကယ်တမ်း တိုင်းရင်းသား တန်းတူအခွင့်အရေးတွေနဲ့ နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင် အကုန်လုံးနဲ့တော့ ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ ကချင်နဲ့ အပစ်ရပ်လိုက်လို့ ရခိုင်နဲ့ ပြဿနာ ပြီးသွားမယ်လို့တော့ မဟုတ်ဘူးလေ။ သူတို့ဘက်ကလည်း အကြောင်းပြချက်တွေ ကတော့ အများကြီးပေါ့ဗျာ။

Voice : ငြိမ်းချမ်းရေးဆွေး နွေးမှု မရှိသေးဘူးဆိုတော့ အစိုးရဘက်ကို ဘယ်လိုဖြစ်စေချင်လဲ။

UTMN : တကယ်တမ်းဆိုရင်တော့ ဒါကနိုင်ငံရေးကြောင့် ဖြစ်တဲ့ ပြဿနာတွေ ဆိုတော့ ကျွန်တော်တို့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်ပေါ်တိုးတက်မှု အခြေအနေမှာ ပူးပေါင်း ဆောင်ရွက်လိုတဲ့ ဆန္ဒတော့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဆန္ဒဆိုတာထက် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီနိုင်ငံကို ပေါင်းပြီးတော့ တည်ဆောက်ရမှာပဲ။ ဒီတိုင်းပြည်ကြီး မအေးချမ်းရင် ကျွန်တော်တို့ အနာဂတ်မျိုးဆက်သစ် တွေရဲ့ အနာဂတ် တွေရော၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာရော၊ အပြင်ကိုထွက်ကြည့်ရင် အရမ်းကို သိသာပါတယ်။ ကျွန်တော်တို့ လူမျိုးတွေကို တခြားနိုင်ငံက ဘယ်လိုဆက်ဆံကြလဲ။ ဒါတွေကိုလည်း ဝိုင်းပြီး ကုစားရမှာပေါ့။

Voice : ရခိုင်တပ်မတော် ဆိုတာက ၂၀၀၈ ခုနှစ်မှာ စဖွဲ့တယ်လို့ သိရတယ်။ အဲဒီအရင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိခဲ့လား။ ဘယ်လို ဖွဲ့ဖြစ်ခဲ့လဲ။

UTMN : လက်နက်ကိုင် အတွေ့အကြုံရယ် လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က နိုင်ငံရေးခံယူချက် အမြင်တွေပေါ့၊ နောက်ပြီး ကျွန်တော်တို့ ရခိုင်တွေ ကတော့ သမိုင်းပေး တာဝန်တွေလည်း ရှိတယ်လေ။ ကျွန်တော်တို့လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်နိုင်တဲ့ လူမျိုး တစ်မျိုးပဲလေ။ ဒါကြောင့် ဘဝပေးအသိ ရှိတယ်။ အဲဒါတွေနဲ့ပဲ ကျွန်တော်တို့ ရခိုင်တပ်မတော် တည်ထောင်တယ်။ တိုက်ပွဲအတွေ့အကြုံ ကတော့ ဒီမှာတိုက်တာတော့ ၂ နှစ်တိတိ ပါပဲ။ စပြီး သေနတ်သံ မြည်ကတည်းက ကျွန်တော်တို့ တိုက်လာတာပဲ။ ထိပ်ဆုံးကနေ တိုက်တာပဲ။ ဒါကလည်း မိတ်ဆွေအိမ်မှာ နေရင် မိတ်ဆွေ ပီသရတာပေါ့။ တစ်ဖက်ကလည်း ဖိနှိပ်တဲ့ ဘုံရန်သူကို တိုက်တာပဲလေ။ အခြားဟာ တွေလည်း အများကြီးရှိပါတယ်။ တချို့ကျတော့ စစ်ဘက်ဆိုင်ရာ သတင်း အချက်အလက် လုံခြုံရေးအရ မပြောနိုင်တာလည်း ရှိပါတယ်။

“လူမျိုးတိုင်းက ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ရှိသင့်တယ်ဆိုပြီး ကျွန်တော်တို့ ဖွဲ့ပေမယ့် သွေးထွက်သံယိုတွေနဲ့ မဖြေရှင်းလိုဘူး။ ဒါဟာ အချင်းချင်း သတ်ဖြတ်ဖို့အတွက် မဟုတ်ပါဘူး။ အခွင့်အရေးတွေ ကာကွယ်ဖို့အတွက်ပဲ…”

Voice : ရခိုင်ပြည်နယ်မှာ ကြုံရနေတဲ့ ပြဿနာတွေကို ရခိုင်တပ်မတော် အနေနဲ့ ဘယ်လိုပါဝင် ဖြေရှင်းဖို့ ရှိလဲ။

UTMN : ပုံမှန်တပ်တစ်ခုရဲ့ တာဝန်ဆိုရင်တော့ ကိုယ့်ရဲ့နယ်မြေ လုံခြုံရေး၊ ကိုယ့်ရဲ့ လူမျိုး လုံခြုံရေးအတွက် တာဝန်ရှိတယ်လေ။ ဒါပေမဲ့ ဒီပြဿနာတွေက သွေးရိုးသားရိုးဖြစ်တဲ့ ပြဿနာတွေ မဟုတ်လေတော့ ကျွန်တော်တို့လည်း နိုင်ငံရေးအရ ထိုးဖောက်မြင်နိုင်အောင် ကြည့်တတ်ဖို့ လိုတယ်။ ရခိုင်ပြည်မှာကျတော့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေကို ဆုံးဖြတ်နိုင် တာက ကျွန်တော်တို့ ရခိုင်လူမျိုးတွေ မဟုတ်ဘူးဗျ။ အဲဒါကြောင့် အချို့ကိစ္စတွေကျတော့ ဘယ်လိုကိုင်တွယ်ရမယ်။ ဘယ်လိုမျိုးလူထုကို စနစ်တကျ ဦးဆောင်မှုပေးပြီးမှ ဘယ်လို နည်းမှန်လမ်းမှန် ဖြေရှင်းသင့်တယ် ဆိုတဲ့ အနေအထားတွေက လုပ်ပိုင်ခွင့် မရှိဘူး ဖြစ်နေတယ်။ သူတို့ကလည်း ပေးမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် တဖြည်းဖြည်းချင်း တည်ဆောက်ယူရမှာပဲ၊ အချိန်ပေးပြီးမှ တည်ဆောက်ယူရမှာပဲ။ ဒါဟာ မဖြစ်သင့်တဲ့ ပြဿနာပဲလေ။ ပြီးရင် စနစ်တကျ စိစစ်ယူရမှာပေါ့။ ပြောနေကြတဲ့ ခိုးဝင်ဘင်္ဂါလီ ဘာညာ ပြောကြတယ်ပေါ့။ အချို့ကျတော့ နဂိုကတည်းက ရှိတဲ့သူ လည်းရှိတယ်။ ခိုးဝင်တဲ့သူလည်း ရှိတယ်။ ဒါကို စနစ်တကျ ဆောင်ရွက်တာ ကတော့ အကုန်လုံးအတွက် အကျိုးရှိပါလိမ့်မယ်။

Voice : လက်ရှိ ရခိုင်ပြည်နယ်က ရခိုင် နိုင်ငံရေးပါတီ တွေရဲ့ ဆောင်ရွက်မှု တွေကို အားရကျေနပ်မှုရှိလား။

UTMN  : ကျွန်တော့်အမြင် ကတော့ ပြည်တွင်းမှာ ရှိနေတဲ့ ပါတီကြီးနှစ်ခု၊ အခုဆိုရင် တစ်ခုပေါ့။ သူတို့ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို ကျွန်တော် Appreciate ဖြစ်ပါတယ်။ အားရကျေနပ်တယ် ရယ်လို့တော့ ပြောရခက်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ ခေါင်းဆောင်ကြီး တွေက ၂၀၀၈ အခြေခံ ဥပဒေအောက်မှာလည်း အကန့်အသတ်နဲ့ လုပ်ရတဲ့အပိုင်း ရှိတယ်လေ။ လွှတ်တော်ထဲမှာ ဖြစ်ဖြစ်၊ ဘယ်နယ်ပယ်မှာ ဖြစ်ဖြစ် သူတို့ရဲ့အပေါ်မှာ Glass Ceiling ရှိနေတယ်။ အဲဒီအကန့်အသတ် အောက်မှာ လုပ်နေရတယ်။ လုပ်ဖို့ လိုအပ်တာတွေတော့ အများကြီးပဲ ဖြစ်တယ်။ သူတို့ အကောင်းဆုံး လုပ်နေတာကို ကျေနပ်တယ်။ ကျွန်တော်တို့ အနေနဲ့လည်း အကောင်းဆုံး ကြိုးစားမယ်။ ဘာကြောင့်လဲ၊ လက်ရှိအခြေအနေမှာ အခွင့်အရေးလေး မသိမသာလေး ပွင့်လင်းမှု တချို့တွေပေါ့နော်၊ အဲဒါလေး ရရင်လည်း အဲဒါလေးယူပြီးမှ လူထုကို အကျိုးပြုတာ ပေါ့ဗျာ။ နောက်ပြီး ဆက်ပြီးလိုအပ်နေတာ တွေကိုလည်း ကျွန်တော်တို့ တိုက်ယူတာပေါ့။ ပြီးရင် တကယ်လို့ ညှိနှိုင်းလို့ ရမယ် ဆိုရင်လည်း ညှိနှိုင်းပြီးမှ လုပ်ကိုင်ကြတာပေါ့။ အဲလိုမျိုးရရင်တော့ အကုန်လုံး အတွက် တိုင်းပြည် အတွက်ရော၊ တိုင်းရင်းသားတွေ အတွက်ရော၊ ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ မြန်မာပြည်သူလူထု အတွက်ရော အကျိုးရှိပါလိမ့်မယ်။
ဒါမှ မဟုတ်ရင် ဒီပြည်ထောင်စုကြီးမှာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေကို နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေမှာ ဘေးဖယ်ထားတာ ဘာနဲ့တူလဲဆို ရခိုင်လူမျိုး ဆိုတာ ကိုယ့်နိုင်ငံနဲ့ ကိုယ်နေလာတဲ့ လူမျိုးပဲလေ။ အရှိကို အရှိတရားအတိုင်း ပြောမှာပေါ့။
ဒီနေ့ ဒီအချိန်မှာ ခေတ်ကာလက ပြောင်းလဲလာတယ်။ ကျွန်တော်တို့ အမြင်တွေကလည်း တိုးတက်ပြောင်းလဲပေး ရမှာပဲ။ ပြောင်းလဲလာတဲ့ အခြေအနေကို လက်မခံချင်လို့ မရဘူး။ ဒီပြည်ထောင်စုကြီးထဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူအခွင့်အရေးနဲ့ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်မယ်ဆိုရင် ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဒီနေရာမှာ ဒီ Process ကနေ ဘေးဖယ်ထားတာဟာ ဘာနဲ့တူလဲ ဆိုတော့ ကျွန်တော်တို့ အရင်နေခဲ့တဲ့ အနေအထားကို ပြန်တွန်းပို့တဲ့ အနေအထားများ ဖြစ်လာမလား ပေါ့လေ။ ကျွန်တော်တို့ ပျောက်သွားတာ ကတော့ အကြီးကြီးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်လိုချင်တာက အဲလောက်အကြီးကြီး မဟုတ်ပါဘူး။ ကျွန်တော်တို့ ရခိုင် တော်လှန်ရေးသမားကြီးတွေ ပြောတဲ့စကား ရှိတယ်လေ။ ရွှေပျောက်သွားတယ်ကွာ။ ဒါပေမဲ့ ကျွန်တော်တို့ ငွေကလေး ပြန်တောင်းတာပါ။ အဲဒီငွေကလေး ကိုမှ မပေးချင်ဘူး ဆိုရင် ပျောက်သွားတဲ့ ရွှေကို ပြန်တိုက်ယူတာ ပေါ့ဗျာ နော့။ ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ နိုင်သည်မနိုင်သည် ဆိုတာထက် ကျွန်တော်တို့မှာ တိုက်မယ့် တာဝန် ရှိတယ်။ ရပိုင်ခွင့်လည်း ရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့ ရပ်တည်ရမှာပဲ။ ဒါကြောင့် ဆွေးနွေးတာက ကောင်းတယ်။ အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါလိမ့်မယ်။

Voice : လက်နက်ကိုင် ဖြေရှင်းတာနဲ့ ဆွေးနွေးတာနဲ့ ဘယ်အပိုင်းကို ပိုပြီး လိုလားပါသလဲ။

UTMN : သွေးထွက်သံယို ဖြေရှင်းတဲ့နည်းက သိပ်တော့ မကောင်းဘူး ပေါ့လေ။ ပြီးရင် တစ်ခါတစ်ခါ လူတွေ ပြောကြပါတယ်။ နှစ်ပေါင်း ၆၀ တိုက်တယ်။ ဘယ်သူမှလည်း မနိုင်ဘူး။ မပြီးပြတ်ဘူး ဆိုတဲ့ဟာမျိုး။ ဘာလို့မပြီးပြတ်လဲ ဆိုတော့ တိုင်းရင်းသားအပိုင်း ကလည်း ညီညွတ်မှု လိုအပ်ခဲ့လို့ ဖြစ်တယ်။

Voice : ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်ရော ရှိလား။

interv_rktmtsoz_NKK_02

UTMN : ရွေးကောက်ပွဲဝင်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ရခိုင်တွေမှာ ပါတီ ရှိပါတယ်။ သူတို့ ဝင်ပါလိမ့်မယ်။ မျှော်လင့်ချက်တွေ ရှိတာက နိုင်ငံရေးအရ ဖြေရှင်းဖို့ ကြိုးစားကြတယ်။ တချို့ဆိုရင် တစ်စိတ်တစ်ပိုင်း ဖြေရှင်းကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘက်ကလည်း အကုန်စုပြီး သဘောတူ ညှိနှိုင်းဖို့ပြောနေတာ ရှိတယ်။ CNF တို့လိုမျိုး တခြား အဖွဲ့အစည်း တွေက ပြည်နယ်အဆင့် လက်မှတ်ထိုးကြတယ်။ တချို့ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးကြတယ်။ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီး လူထုနဲ့ နှီးနှောဖလှယ်ပွဲတွေ လုပ်ကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့လည်း အဲဒီလို အခွင့်အရေးမျိုး မျှော်လင့်တယ်၊ လိုလားတယ်။
တပ်မတော် ဖွဲ့စည်းတယ် ဆိုတာ လူမျိုးတိုင်းက ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ရှိသင့်တယ်ဆိုပြီး ကျွန်တော်တို့ ဖွဲ့ပေမယ့် သွေးထွက်သံယိုတွေနဲ့ မဖြေရှင်းလိုဘူး။ ဒါဟာ အချင်းချင်း သတ်ဖြတ်ဖို့အတွက် မဟုတ်ပါဘူး။ အခွင့်အရေးတွေ ကာကွယ်ဖို့အတွက်ပဲ ဖြစ်တယ်။ နှီးနှောဖလှယ်ပွဲတွေ လုပ်ကြတာ လူထုကို လမ်းကြောင်းတစ်ခုကို စနစ်တကျ ခေါ်ဆောင်မယ့် အခွင့်အရေးပဲ။ ကျွန်တော်တို့ ရခိုင်ဒေသမှာ ပြဿနာတွေ အများကြီး တက်နေတယ်။ ဒါကိုလူတွေက တစ်ယောက်တစ်ပေါက်နဲ့ အကျိုးအမြတ် ရတဲ့သူတွေကလည်း အခွင့်အရေး အမြတ်ထုတ်တယ်။ အကယ်၍သာ ဒါမှားတယ်၊ မှန်တယ်၊ ဒီအတိုင်းဖြစ်သင့်တယ် ဆိုပြီး တစ်ခုခုကို စနစ်တကျနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ရင် အဲဒီလို အဖြစ်အပျက်တွေ ရပ်ဆိုင်းသွားပါမယ်။

Voice : ခု လိုင်ဇာညီလာခံမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်အဆင့်ကို သွားဖို့ ဆုံးဖြတ်တယ်။ ရခိုင့်တပ်မတော်နဲ့ အစိုးရက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှု တစ်စုံတစ်ရာ မရှိသေးဘူး ဆိုတော့ ဘယ်လို ဆက်သွားမလဲ။

UTMN : ပြောရရင်တော့ တော်လှန်ရေးသမားက သေမှာ မကြောက်ဘူး။ ကျွန်တော်တို့က တိုက်မယ်ဆိုလည်း တိုက်ဖို့ အဆင်သင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ ကွန်မန်ဒိုတွေ ကိုလည်း စနစ်တကျ လေ့ကျင့်ထားပါတယ်။ ဗြုန်းခနဲဆို ကချင်ပြည်မှာရှိတဲ့ ရခိုင်အုပ်စုလေးလို့ အမြင်ရှိတဲ့သူလည်း ရှိမှာပေါ့။ ကျွန်တော်တို့ ဒီလောက်တော့ မအပါဘူး။ စနစ်တကျ ပြင်ဆင်မှု ရှိတယ်။ အနိုင်တိုက်နိုင်မယ် ဆိုတာထက် ကျွန်တော်တို့လည်း လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတယ်။ အပြုစွမ်းရည် ရှိသလို အဖျက်စွမ်းရည်လည်း ရှိတယ်လေ။ ဖျက်ချင်လို့ ပြောတာ မဟုတ်ပါဘူး။ အဲ့ဒီလိုလည်း မဖြစ်လာဖို့ မျှော်လင့်ထားတယ်။ ခု တိုင်းရင်းသားတွေ ဆွေးနွေးပြီး လက်မှတ်ထိုးတဲ့ အထဲမှာ ကျွန်တော်တို့လည်း ပါတယ်။ ကိုယ်စားလှယ် အဖွဲ့မှာလည်း ကျွန်တော်တို့လူ ပါတယ်။ တိုင်းရင်းသားအခွင့်အရေး အတွက် တန်းတူဆိုရင် ပြောရမှာပဲ။ သူတို့ဘယ်လို တုံ့ပြန် မယ်ဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းတယ်။

Voice : ရခိုင်တပ်မတော် AA ရဲ့ ခံယူချက်တွေ၊ ရပ်တည်ချက် တွေမှာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုရှိလဲ။

UTMN : ကျွန်တော်တို့မှာ အများကြီး တာဝန်ရှိပါတယ်။ တစ်ခုခုကို တရားနည်းလမ်းကျကျ ဖြေရှင်းမယ်ဆိုရင် ဘယ်သူက တရားဝင်တယ် မဝင်ဘူး သေချာ စိစစ်ရမယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း ဆိုတဲ့သူတွေ အပါအဝင် လူတွေက ရခိုင်တွေကို အပြစ်တင်ကြတယ်။ ကျွန်တော် နားမလည်ဘူး။ အများပြောတိုင်း မှန်တယ်လို့တော့ ပြောလို့မရဘူး။ ကျွန်တော်တို့ဘက်က ဝင်ကြည့်ဖို့လည်း လိုတယ်။ ရခိုင်လူမျိုးတွေ ကိုယ်တိုင် ရခိုင်ပြည်မှာနေပြီး အခွင့်အရေး တွေအကုန်လုံး ဆုံးရှုံးခံထားရတာ ဖြစ်တယ်။ လူ့အခွင့်အရေးကို အကာအကွယ်ယူပြီး မမှန်တာကို အမှန်လုပ်တာ ရခိုင်လူမျိုးတွေ ကိုရော၊ မြန်မာလူထု ကိုရော အကြီးအကျယ် စော်ကားမှုဖြစ်တယ်။
ပြောကြတာ နိုင်ငံကူး ချင်းကူး ဆင်းရဲတဲ့ မြန်မာနိုင်ငံကိုတော့ ကူးမှာမဟုတ်ဘူး။ တခြားကို သွားမှာပေါ့ ဆိုပြီးတော့။ ဒုက္ခရောက်နေတဲ့ သူတွေက ချမ်းသာတဲ့နိုင်ငံမှ မဟုတ်ဘူး၊ သူတို့အတွက် ခြေချလို့ရတဲ့ နိုင်ငံဆို ကူးမှာပဲ။ Genocide လို့ပြောနေကြတာ တကယ်မဟုတ်ပါဘူး။ မွတ်ဆလင် လော်ဘီ မီဒီယာတွေက ပြောတာ ဖြစ်မှာပါ။ တကယ် Genocide ဟုတ် မဟုတ် ကျွန်တော်တို့ အသိဆုံးပါ။ မြန်မာလူမျိုးတွေ ဒီလောက် မရိုင်းစိုင်းပါဘူး။ ပဋိပက္ခထဲမှာ သေတဲ့သူကလည်း အဲဒီ လောက် မများပါဘူး။ တခြားမွတ်ဆလင် တိုင်းပြည်တွေမှာ ကားဗုံးတစ်လုံး ကွဲရင်တောင် အဲ့ဒီထက်အများကြီး သေတယ်။ နေ့တိုင်းလည်း ကွဲနေတာပဲ။ မြန်မာနိုင်ငံမှာ ဖြစ်တာကို Genocide လို့ပြောရင် အရမ်း ရယ်စရာ ကောင်းပါတယ်။ မျှတတဲ့ အသုံးအနှုန်း မဟုတ်ပါဘူး။

နော်ကိုကို

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s