3.11.2013 ရက်စွဲပါ အတွဲ(၁) အမှတ် (၄၅) မွန်းတည့်နေဂျာနယ် ဆောင်းပါးကို ဖတ်ကြည့်လိုက်ပါ။
L.A TIMES သတင်းထောက် Kate Linthicum ရဲ့ ဘာသာပြန်ဆောင်းပါးပါ။
Ms.Kate ကိုလည်း ကျေးဇူးတင်ပါတယ်။
မွန်းတည့်နေကိုလည်း ကျေးဇူးတင်ပါတယ်။
ဝီရသူဆိုတာ တစ်ကမ္ဘာလုံးကို အန်တုနေတဲ့ တစ်ယောက်တည်းသော တော်လှန်ရေးသမားဆိုတာ ပေါ်လွင် ထင်ရှားစေခဲ့တဲ့ ကျေးဇူးကြောင့် ကျေးဇူးတင်ရခြင်းပါ။
Newyork TIME နှင့် မသေသေးလို့ L.A TIME က ထပ်မံ လုပ်ကြံခြင်းပါပဲ။
အကြမ်းဖက်လို့ပဲ ပြောပြော၊ အစွန်းရောက်သမားလို့ပဲ ဆိုဆို၊ အမြင်ကျဉ်းသူလို့ပဲ စွဲစွဲ၊ ထောင်ထွက်လို့ပဲ မှတ်မှတ်၊ တူညီတာတစ်ခုကတော့ ဝီရသူရဲ့ ဥပဓိဟာ ငြိမ်းချမ်းရေးအသွင်ဆောင်တဲ့အကြောင်း အသိအမှတ် ပြုသွားကြလို့ပါပဲ။ ဟန်နာဘိခ်ျက “ကျောက်ဆင်းတုလို ငြိမ်းချမ်းတယ်” တဲ့။ မစ္စက်ကိတ်က “ရုံထားတဲ့ သင်္ကန်းနှင့် လိုက်ဖက်ညီစွာ ငြိမ်းချမ်းရေးအသွင် ရှိနေပါ” သတဲ့။
ဝီရသူဟာ အမုန်းတရားနှင့် အလုပ်မလုပ်တတ်ဘူးဆိုတာ…………
ဝီရသူရင်ထဲမှာ မေတ္တာတရားတွေ ပြည့်လျှံနေတယ်ဆိုတာ…………
ဝီရသူဆိုတာ လူမျိုးဘာသာ ခွဲခြားသူမဟုတ် အဓမ္မကို တွန်းလှန်နေတဲ့ ဓမ္မဝါဒီဆိုတာ ကမ္ဘာကြီး သိလာတဲ့ တစ်နေ့ သူတို့တတွေအားလုံး ငပေါကြီးဖြစ်သွားကြမှာပါ။
အငိုသန်တဲ့လူတွေ အမှန်မြင်ကြပါမှ အတ္တမဆန်ကြပါမှ ကမ္ဘာကြီး ငြိမ်းချမ်းရေးရမှာပါ။
ဝီရသူဆိုတာ မျက်ရည်မပါတဲ့ ငိုခြင်းသည်မဟုတ်ဘူးဆိုတာ ကမ္ဘာကြီး သိလာမည့်နေ့ကို စောင့်ကြိုနေ ကြစေချင်ပါတယ်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“ယုံကြည်မှုတည်ဆောက်ရေး ပြန်လည်ပြုလုပ်ရမည့် လူမှုအသိုင်းအဝိုင်း”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် သပြုချိုင်ကျေးရွာ၌ ဦးအဗ္ဗဒူစမတ်က မျက်စိတစ်ဆုံး မြစိမ်းရောင်စပါးကွင်းတွေထဲမှာ တစ်ဘဝလုံး နစ်မြှုပ်ခဲ့သူပါ။ အသက် ၉၀ ကျော် အဘိုးအိုဟာ တုတ်ထောက်လမ်းလျှောက်ရတဲ့ အခြေအနေ မျိုးပါ။ တစ်ရက်မှာတော့ သူနေထိုင်ရာ ကျေးရွာကို မီးတုတ်တွေကိုင်ဆောင်လာတဲ့ လူတစ်စု စီးနင်းဝင်ရောက် ခဲ့ပါတယ်။ ဗုဒ္ဓသာသနာ့အလံမထောင်ထားတဲ့ မွတ်စလင်အိမ်ခြေတစ်ရာကျော်ကိုရွေးပြီး မီးမြှိုက်ကြတာပေါ့။ အဘိုးအိုရဲ့ အိမ်နီးချင်းတွေက ရွာဗလီထဲ ပြေးဝင်ပုန်းခိုခဲ့ကြပေမယ့်လည်း အဘိုးအိုခမျာ သူတို့လောက် မစွမ်းသာခဲ့ပါဘူး။ အသက်ရှင်ကျန်ခဲ့တဲ့ သူတစ်ယောက်ရဲ့ ထွက်ဆိုချက်အရ အကြမ်းဖက် လူသတ်သမား တစ်ယောက်က အဘိုးအိုရဲ့ နောက်စေ့ကို ဓားမနဲ့ လွှဲခုတ်သတ်လိုက်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း လူများစုဗုဒ္ဓဘာသာဝင်တွေက လူနည်းစုမွတ်စလင်တွေကို အကြိမ်ကြိမ် ဦးတည်တိုက်ခိုက် ခဲ့ရာ ယခု သံတွဲအကြမ်းဖက်မှုမှာ လတ်တလော နောက်ဆုံးအကြိမ်ဖြစ်ပါသည်။ အကြမ်းဖက်မှုတွေကြောင့် မွတ်စလင်အများစု တိုက်ခိုက်သတ်ဖြတ်ခံရပါသည်။ စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်က အထီးကျန် ကမ္ဘာ့အပယ်ခံ နိုင်ငံအခြေအနေမှ ဒီမိုကရေစီလမ်းကြောင်းဘက် ဦးတည်ခဲ့သည့်အတွက် ကမ္ဘာတစ်ဝန်း အံ့အားသင့်စရာ ဖြစ်လာရသည်။ သို့သော် ဤ အကြမ်းဖက်မှုများက မြန်မာ့ဒီမိုကရေစီ ဦးတည်ကူးပြောင်းရေး အတွက် သမ္မတကြီး၏ ကြိုးပမ်းဆောင်ရွက်မှုများကို ချောက်ချားနေသည့် အရိပ်မည်းများသဖွယ် ဖြစ်လာရပေ ပြီ။
၂၀၁၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့် အာဏာဆန့်ကျင်ရေး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှုမှ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး နိုင်ငံရေးပါဝင်ခွင့်ပေးခဲ့သည့်အတွက် မြန်မာ့ဒီမိုကရေစီ ဦးတည်ကူးပြောင်းရေးမှာ အကောင်းမြင်ခံလာရကာ မြန်မာ့နိုင်ငံရေးစာမျက်နှာသစ် ဖွင့်နိုင် ခဲ့သည်။
လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများ ယှဉ်ပြိုင်အနိုင်ပိုင်းနေမှုများဖြင့် သမိုင်းတစ်လျှောက် အခြေအနေ မငြိမ်မ သက် ဖြစ်နေခဲ့ရသော ယခင်ဘားမားခေါ် မြန်မာနိုင်ငံတွင် ယခု တစ်ဖန်ပြန်လည်ဖြစ်ပွားနေသော အကြမ်းဖက် မှု ဖြစ်စဉ်များသည် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ပျက်ကွက်မှုကြောင့်ဟု အချို့က ထင်မြင်သုံးသပ် ကြသည်။
အစ္စလာမ်ဘာသာ လွှမ်းမိုးသွားမည်ကို စိုးကြောက်နေ၍ တိုင်းပြည်ကို ကာကွယ်ပေးရန်ဟု အကြောင်းပြ ပြောဆိုနေကြသော မျိုးချစ်ဘုန်းတော်ကြီးအဖွဲ့ တစ်ဖွဲ့နှင့် မွတ်စလင်များကို အန္တရာယ်ဟု ထင်မြင်ယူဆထား သော ဗုဒ္ဓဘာသာနိုင်ငံရေးပါတီတစ်ခုတို့က ပူးတွဲပေါင်းစပ်ကာ မွတ်စလင်မုန်းတီးရေး လှုံ့ဆော်အကြမ်းဖက် သတ်ဖြတ်မှုများ ပြုလုပ်လာကြသည်။
ကုလ၊ အမေရိကန်နှင့် လူ့အခွင့်အရေး အဖွဲ့များက မြန်မာအစိုးရအား အဆိုပါတင်းမာနေမှုများကို ရပ်တန့် အောင် လုပ်ဆောင်ပေးရန်နှင့် ပြီးခဲ့သော ၂၀၁၂ ခုနှစ်က စတင်ခဲ့သည့် သွေးမြေကျသူများကို ပြန်လည်နေရာ ချထားပေးရန် ဖိအားပေးတောင်းဆိုခဲ့သည်။ အမေရိကန် အခြေစိုက် Unitedto End Genocide လူမျိုးတုံး ရှင်းလင်းရေး အဆုံးသတ်ရန် လက်တွဲပူးပေါင်းတိုက်ဖျက်ရေးအဖွဲ့မှ တွမ်အင်ဒရူးက ယခုဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများသည် ဆယ်စုနှစ်ကြာ မြန်မာအစိုးရကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့သော မွတ်စလင်များအား ဖိနှိပ်ခွဲခြားဆက်ဆံရေး ပြစ်မှုများ၏ နောက်ဆက်တွဲ ပြဿနာများသာဖြစ်ကြောင်း လွှတ်တော်အတွင်း လူ့အခွင့် အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခု၌ ထောက်ပြသွားခဲ့သည်။
လူမျိုးသုဉ်းရှင်းလင်းရေးအတွက် စနစ်တကျ အကွက်ကျစီမံထားပြီးသားဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သောလများက ဦးသိန်းစိန်က နှစ်ဖက်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံကာ သွေးမြေကျ ရပ်တန့် ရေး လုပ်ဆောင်ရန် ကြွေးကြော်ခဲ့သော်လည်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်လာသောကြောင့် ၄င်း၏ ကတိကဝတ်များအတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
နိုင်ငံအဝန်းရှိ မွတ်စလင်များကို ဦးတည်တိုက်ခိုက်ခဲ့သော်လည်း ရိုဟင်ဂျာလူမျိုးစုမှာ အကြမ်းဖက်မှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားတစ်လျှောက် မျိုးရိုးစဉ်ဆက်နေထိုင်လာခဲ့ကြသော ရိုဟင်ဂျာများကို တရားမဝင်ခိုးဝင်လာသူများဟု အခြားဗုဒ္ဓဘာသာဝင်များနှင့်ထပ်တူ ဦးသိန်းစိန်က သဘောထားသည်။ ပြီးခဲ့သောနှစ်က ဤပြဿနာများဖြေရှင်းရန် တစ်ခုတည်းသော အဖြေမှာ ရိုဟင်ဂျာလူမျိုးစု အား သီးခြားကန့်သတ်ထားရန် သို့မဟုတ် အခြားအရပ်သို့ ပို့ဆောင်ပစ်ရန်သာဖြစ်ကြောင်း ဦးသိန်းစိန် ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခုအခါ ရိုဟင်ဂျာ ၁၄၀၀၀၀ ခန့်သည် အလွန်စုတ်ပြတ်ပြီး လုံခြုံမှုမရှိသော ဒုက္ခသည် စခန်းများတွင် ပိတ်ဆို့ခံ ထားရပြီး အလုပ်အကိုင်လုပ်ခွင့်မရ၊ သွားလာခွင့်မရဘဲ လက်နက်ကိုင်များ၏ စောင့်ကြည့်ခံနေရကာ ကျဉ်းကျပ် ချုပ်တည်းဒုက္ခခံနေရသည်။
ထောင်သောင်းချီ၍ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ တရားမဝင် ခိုလှုံနေကြရသည်။
ပါကစ္စတန်တာလီဘန်များက မြန်မာမွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုတ်နေမှုအပေါ် လက်တုံ့ပြန်ရန် ပြောဆိုခဲ့ပြီး အခြားနိုင်ငံများရှိ အစ္စလာမ်ဘာသာဝင်များကပါ လက်စားချေတုံ့ပြန်လာမှာကို လေ့လာသုံးသပ် သူများက တွေးဆလာကြသည်။ ဦးတည်တိုက်ခိုက်နေမှုကြောင့် ဒုက္ခခံနေရကာ အကာအကွယ်မဲ့ဖြစ်နေသည့် အပေါ် မုန်းတီးနာကြည်းစိတ်ဖြစ်ပေါ်လာမှာကို မြန်မာမွတ်စလင်ခေါင်းဆောင်များက မလိုလားကြပေ။
မတရားဖိနှိပ် အကြမ်းဖက်ခံနေရပြီး ဘဝဆုံးကာ ဆက်လက်ဒုက္ခခံနေရဦးမည်ဆိုပါက အနာဂတ်လူငယ်လေး များ၏ နောင်ရေးမှာ စိုးရိမ်ဖွယ်ရာသာဖြစ်တော့မည်ဟု လူဦးရေ ထူထပ်ပိတ်လှောင်ထားခံရသော ရိုဟင်ဂျာ များ၏ နောက်ဆက်တွဲဖြစ်ရပ်များကို မှန်းဆပြောဆိုကြသည်။
ဒုက္ခသည်စခန်း၌ ခိုအောင်းမှီခိုနေရသော မအေးအေးသန်းက ကုလမှထောက်ပံ့သော ဆန်အိတ်ပီနံခွံများ မိုးထားပြီး ရွှံ့စေးဖြင့် ခင်းထားသော သူမ၏ နေအိမ်တဲစုပ်လေးအား ခြောက်သွေ့ရန်အလို့ငှာ ကြိုးစားနေသော် ငြားလည်း လေးလတိတိမိုးရွာသွန်းနေသောကြောင့် မလွယ်ကူလှဘဲ အချည်းအနှီးသာဖြစ်နေရတော့သည်။
လွန်ခဲ့သော အောက်တိုဘာလကတည်းက သူမ အပါအဝင် ဆွေးမျိုးသားချင်း စုစုပေါင်း အယောက် ၂၀ မှာ ဤယိုင်နဲ့ချည့်နဲ့နေသော တဲလေးထဲမှာ အတူတကွနေထိုင်ခဲ့ရသည်။ ဗုဒ္ဓဘာသာများက တိုက်ခိုက်သောကြောင့် နေအိမ်စွန့်ခွာ အသက်လုပြေးလာရကာ ဒါဇင်ပေါင်းများစွာသောသူများနှင့် အတူ ခိုင်ခံ့မှု မရှိသော ရွက်လှေဖြင့် ဘယ်ဆီမှန်းမသိသော အနာဂတ်တစ်ခုဆီသို့ ရွက်လွင့်ထွက်ပြေးခဲ့ကြသည်။ ကမ်းနားတစ်လျှောက် တစ်ညလုံး မျောတင်နေခဲ့ရပြီး စစ်တွေမြို့ အနီးသို့ တဖြည်းဖြည်း ဆိုက်ကပ်ခဲ့ရကာ အကြမ်းဖက်ခံ အိုးအိမ်မဲ့ မွတ်စလင် လူစုများဆီသို့ ပူးပေါင်းခဲ့ရသည်။ ဘင်္ဂလားပင်လယ်အော် ကမ်းခြေရှိ ဗွက်ထူသောနေရာတစ်လျှောက်တွင် ထဲများထိုး၍ စုပေါင်းခိုလှုံနေကြရသည်။
၂၀၁၂ ခုနှစ်က ရိုဟင်ဂျာ အမျိုးသားသုံးဦးက ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ခဲ့သည်ဟု ဆိုသော အရပ်သား ရာဇဝတ်မှုကို အကြောင်းပြု နောက်ခံထားကာ မွတ်စလင်များအား ဦးတည် အကြမ်းဖက် လာခဲ့ရာမှ တစ်နိုင်ငံလုံးအတိုင်းအတာထိ ပျံ့နှံ့ဖြစ်ပွားခဲ့အောင် ကူးစက်ခဲ့ရသည်။ အကြမ်းဖက် လူတစ်စုက မွတ်စလင်ခရီးသွား ၁၀ ဦးကို ကားပေါ်မှဆွဲချကာ ရက်ရက်စက်စက် လူပုံလယ်မသေမချင်း ရိုက်နှက် သတ်ပြခဲ့ သည်။ ဗုဒ္ဓဘာသာရွာများရှိ မွတ်စလင်များကို စတင်တိုက်ခိုက်ခဲ့ကြသည်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်စစ်ဆေးချက်များအရ နှစ်ဖက်လူ့အသိုင်းအဝိုင်း တင်းမာမှုများမှ စတင် လောင်ကျွမ်းခဲ့မှုများမှာ တစ်ဖက်စောင်းနင်း အလွန်အကျူးဖြစ်ခဲ့ရကာ ကုလသမဂ္ဂက အညှဉ်းပန်းနှိပ်စက် ခံရဆုံးလူနည်းစုဟု သတ်မှတ်ခဲ့သော နှစ်ရှည်လများ အသိအမှတ်ပြုရန် ငြင်းပယ်ခံရသော ရိုဟင်ဂျာများကို နိုင်ငံအတွင်း ၄င်းတို့ ဇာတိချက်မြှပ်မှ မြေလှန်ပစ်ရေးအထိ ရည်ရွယ်လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
HRW အဆိုအရ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ရာနှင့်ချီအသတ်ခံရပြီး တစ်ခါတစ်ရံ ဒေသခံလုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ပူးပေါင်းပါဝင်ကျူးလွန်မှုများ ရှိခဲ့ကြောင်း သိရသည်။
ဘုန်းတော်ကြီးများနှင့် အချို့နိုင်ငံရေးသမားခေါင်းဆောင်များ ဖြန့်ဝေသော လက်ကမ်းစာစောင်များတွင် ဗုဒ္ဓဘာသာဝင် လူထုအား မွတ်စလင်များကို ဖယ်ကြဉ်ကြရန် တိုက်တွန်းထားပြီး လူမျိုးတုံး ရှင်းလင်းရေးလုပ် ဆောင်ကြရန်ထိ လှုံ့ဆော်ထားသည်။
၁၉၆၀ ပြည့်နှစ်ကလည်း သဘောထားသေးသိမ်တင်းမာသူ ဗိုလ်ချုပ်နေဝင်းက အိန္ဒိယမှ လာရောက် အခြေချ နေထိုင်ခဲ့သော မွတ်စလင်မိသားစု ထောင်ပေါင်းများစွာကို အတင်းအဓမ္မ နှင်ထုတ်ခဲ့ပြီး ပိုင်ဆိုင်မှုများအား ပြည်သူပိုင်သိမ်းခဲ့သည်။ ထို့နောက် နှစ်ပေါင်းအတော်ကြာအတွင်း ရိုဟင်ဂျာ နှစ်သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ခိုလှုံပြေးရန် အင်အားသုံး လုပ်ဆောင်ခဲ့သည်။
ဆယ်စုနှစ်များစွာ လက်နက်ကိုင် ခွဲထွက်ရေး တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသား မျိုးနွယ် လူနည်းစုများစွာ ရှိခဲ့သော်လည်း ရိုဟင်ဂျာ လူနည်းစုမှာ မြန်မာနိုင်ငံသားဖြစ်ရေး ပိတ်ပင်ခံနေရသည် အချို့ဒေသများသို့ ခရီးသွားလာရေး တားမြစ်ခံနေရကာ ပြည်နယ်ဒေသခွင့်ပြုမိန့်မပါဘဲ အိမ်ထောင်ပြုခြင်း၊ ကလေးမွေးခြင်းများ မပြုလုပ်နိုင်ရန် ချုပ်တည်းခံရသည်။
သုံးနှစ်တာသက်တမ်းသာ ရှိသေးသော ရခိုင်အမျိုးသားတိုးတက်ရေးပါတီခေါင်းဆောင်က ရိုဟင်ဂျာများကို ထိုကဲ့သို့ စီမံကန့်သတ်ထားမှုများသည် ပိုမိုကောင်းမွန်သည်ဟု ပြောဆိုခဲ့သည်။
ရိုဟင်ဂျာများကို သတ်သတ်ခွဲထုတ်ထားခြင်းအပေါ် ၄င်းက ထောက်ခံခဲ့ပြီး ဗုဒ္ဓဘာသာများနှင့် ယှဉ်တွဲနေထိုင် ရေးကို မနှစ်သက်ပေ။ သူ၏ ပါတီသည် ရခိုင်ပြည်နယ်အတွင်းလူများ စုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူနည်းစု အဖြစ်သာ သတ်မှတ်ခံရသော ရခိုင်ဗုဒ္ဓဘာသာများကို ကိုယ်စားပြုသည့် ပါတီဖြစ်သည်။ ထိုပါတီက ရိုဟင်ဂျာမွတ်စလင်များအား ခွဲထုတ်ရေးကြိုပမ်းခဲ့ကြပြီး ၁၇၈၄ ခုနှစ်က ရခိုင်ထီးနန်းကို အောင်နိုင်ခဲ့သော သက်ဦးဆံပိုင်စနစ်မှ ဆင့်ပွားလာခဲ့သော ဗမာဗုဒ္ဓဘာသာလူမျိုးများ ချုပ်ကိုင်ထားသော နိုင်ငံတော်အစိုးရထံမှ ဆင့်ပွားလာခဲ့သော ဗမာဗုဒ္ဓဘာသာ လူမျိုးများ ချုပ်ကိုင်ထားသော နိုင်ငံတော်အစိုးရထံမှ ပြည်နယ်အုပ်ချုပ်ရေး အာဏာ ပိုမိုရရှိရန် ကြိုးပမ်းလျက်ရှိသည်။ ၄င်းတို့ ရခိုင်ဗုဒ္ဓဘာသာများသည် ဗမာလူမျိုးကြီးဝါဒနှင့် မွတ်စလင် များ၏ အစ္စလာမ်လွှမ်းမိုးရေးတို့ကြား ပိတ်မိနေသည်ဟု ပြောဆိုခဲ့သည်။ သူ၏ ယခုကဲ့သို့ နိုင်ငံရေးပုတ်ခတ်မှု များသည် မကြာသေးမီက မြန်မာနိုင်ငံရေးအခြေအနေ အတိုင်းသာဆိုလျှင် ထောင်သွင်း အကျဉ်းချခံရမည့် ကိန်းမျိုးဖြစ်သော်လည်း ယခုအခါ လွတ်လပ်စွာ ထုတ်ဖော်ခြင်းကို အာဏာပိုင်များက ထိန်းချုပ်ခြင်းမရှိဘဲ လွှတ်ပေးခဲ့ပြီးဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်မှသည် အကြမ်းဖက်မှုများ ဖြစ်ထွန်းအောင် အမုန်းတိုက် လှုံ့ဆော်သည်သည်အထိ ဖြစ်လာသည်ကိုပင် လွတ်လပ်ခွင့်ပေးခဲ့လေပြီ။
မန္တလေးဘုန်းကြီးကျောင်းအတွင်း လက်ဖက်ရည်တစ်ခွက်နှင့်ထိုင်နေသော ဦးဝီရသူမှာ ရုံထားသော သင်္ကန်းနှင့် လိုက်ဖက်ညီစွာ ငြိမ်းချမ်းလှသည့် အသွင်ရှိနေကာ နံနက်ခင်းတစ်ခင်းလုံး အသီးအနှံများ၊ ငွေကြေးတံစိုးလက် ဆောင်များ လာရောက်ပေးလှူ ဦးချနေကြသော ဧည့်သည်များနှင့် စည်ကားလျက်ရှိသည်။ စကားကို ဖြေးလေးစွာ ပြောတတ်သော ထိုဘုန်းတော်ကြီးသည် သူ၏ မွတ်စလင်ဆန့်ကျင်ရေး အဆိပ်ပြန့်တရားများ ကြောင့် ထင်ရှားကျော်ကြားလာသည်။
သူ၏ ပုံတူကားချပ်များ တစ်ဒါဇင်ခန့် ချိတ်ဆွဲအလှဆင်ထားသော ဧည့်ခန်းမတွင် အင်တာဗျူးစဉ်က မွတ်စလင် များသည် ဗုဒ္ဓဘာသာ အမျိုးသမီးများကို ဆွဲဆောင်၍ မြန်မာနိုင်ငံအား သိမ်းပိုက်ရန် ကြံစည်နေသည်ဟု သူက ယုံကြည်ခဲ့ကြောင်း ပြောခဲ့သည်။ အကြမ်းဖက်မှုများကို သူက ထောက်ခံအားပေးနေခဲ့တာ မဟုတ်သော်လည်း ဗုဒ္ဓက ရန်စခံရပါက ပြန်လည်လက်တုံ့န်ြခြင်းကို ခွင့်ပြုလက်ခံရမည်ဟု သင်ကြားခဲ့ကြောင်း ဦးဝီရသူက ထပ်လောင်းပြောကြားခဲ့သည်။
ဦးဝီရသူသည် လွန်ခဲ့သော ဆယ်စုနှစ်ခန့်က မွတ်စလင်မုန်းတီးဆန့်ကျင်ရေး အကြမ်းဖက်ကျူးလွန်းခဲ့ခြင်း ကြောင့် ထောင်ချခံခဲ့ရပြီး အစိုးရ၏ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်အရ လွတ်ငြိမ်ချမ်းသာခွင့်ပြုခံရကာ ၂၀၁၀ ပြည့်နှစ်တွင် လွတ်မြောက်ခဲ့သူဖြစ်သည်။ ယခုနှစ်အတွင်း နိုင်ငံအဝန်းဖြစ်ပေါ်လာသော ရခိုင်ဒေသမှ ကူးစက်လာသည့် ရိုဟင်ဂျာမဟုတ်သော မွတ်စလင်များကိုပါ ဦးတည်တိုက်ခိုက် အကြမ်းဖက်ရေးများတွင် ဦးဝီရသူ၏ လှုပ်ရှားမှုက အဓိက အခန်းကဏ္ဍမှ ပါဝင် အသုံးတော်ခံခဲ့သည်။
မြန်မာနိုင်ငံအလယ်ပိုင်း တက္ကသိုလ်များရှိရာ မိတ္ထီလာမြို့တွင် ရွှေဆိုင်တစ်ဆိုင်မှ သာမန်အငြင်းပွားမှုတစ်ခုကို ပုံကြီးချဲ့ကာ သုံးရက်ကြာ မွတ်စလင်ဆန့်ကျင်ရေး သတ်ဖြတ်အကြမ်းဖက်မှုများ ဖြစ်ပွားသည်အထိ ကျူးလွန်ခဲ့ ကာ မွတ်စလင် ၁၀၀ မျှ အသတ်ခံခဲ့ရသည်။ မွတ်စလင်များအား အတင်းအဓမ္မဝက်သားစားခိုင်းပြီး လက်အုပ်ချီ ရှစ်ခိုးခိုင်းကြောင်း ထွက်ဆိုကြသည်။ အလားတူ အကြမ်းဖက်မှုများ မြို့နယ် အများအပြား၌ ထပ်မံဖြစ်ပွားခဲ့ သည်။
သို့သော်ငြားလည်း မြန်မာခေါင်းဆောင်များက ဦးဝီရသူအား ကာကွယ်ပေးခဲ့ကြပြီး ဦးသိန်းစိန်က ဘုရားသား တော် အဖြစ်တင်စားခဲ့သည်။ မွတ်စလင်နှင့် ဗုဒ္ဓဘာသာပြည်သူများကြား အက်ရှကွဲပြဲမှုများ နက်နဲပြင်းထန်လာ ကာ အကြမ်းဖက်မှုများ ဆိုးရွားလာသော်လည်း မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်ဆွံ့အနေမှုကြောင့် ဒီမိုကရေစီဘက်တော်သား ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်အား သူမကို ထောက်ခံသော နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ပျက်ရှုတ်ချလာကြသည်။
နိုင်ငံအဝန်း ဗလီများ တိုက်ခိုက်ခံရမည်ဆို၍ မွတ်စလင်အမျိုးသားများက ညလုံးပေါင် စောင့်ကြပ်နေကြရသည်။ မိတ္ထီလာတွင် အကြမ်းဖက်ခံ မွတ်စလင်ဦးရေ ၁၀၀၀ ခန့်မှာ အစ္စလာမ်ဘာသာရေးတက္ကသိုလ် ပရဝဏ်အတွင်း ဓားသွားပါသံဆူးကြိုးများဖြင့် ကာရံထားခံနေရပြီး မြို့တွင်း မိမိနေရပ်သို့ ပြန်လည်သွားရောက် နေထိုင်ခွင့် မရဘဲ ဖြစ်နေရသည်။
ထိုကဲ့သို့ ဦးတည်နှိပ်စက်ခွဲခြား အကြမ်းဖက်နေဦးမည်ဆိုပါက မလိုလားအပ်သော အစွန်းရောက်မှုကြီးများဆီ သို့ အင်းတွန်းပို့နေသကဲ့သို့သော ဖြစ်လာပေလိမ့်မည်ဟု ရွှံ့နွံထဲတွင် ဆင်းရဲကျပ်တည်းစွာ အစာရေစာ ပြတ်လပ်၍ ကျန်းမာရေးထောက်ပံ့မှုကင်းမဲ့စွာ အသက်ရှင်နေထိုင်နေရသည့် လူငယ်များအား စောင့်ကြည့်လေ့ လာနေသူများက ထောက်ပြလာကြသည်။ အချို့ကလည်း ဤဒုက္ခသည်စခန်း ငရဲတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းလိုကြသည်။ မအေးအေးသန်းက မိသားစုကို စည်းရုံးပြီး မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ကြိုးပမ်းလျက် ရှိသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာတစ်သောင်း သုံးထောင်ခန့် ရှိပြီး ပင်လယ်ကိုဖြတ်၍ ထွက်ပြေးသူရာနှင့်ချီ၍ လှေမြုပ်ရေနစ်သေဆုံးခဲ့ရသည်။ မအေးအေးသန်း၏ ခင်ပွန်း ကိုဇော်လှက မိုးရာသီကုန်ဆုံးပါက ၄င်းတို့မိသားစုဝင်များ လှေဖြင့် ထွက်ပြေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း ပြောပြသည်။
“ပင်လယ်ထဲမှာသေတော့လည်း ကျွန်တော်တို့မိသားစုတစ်ခုလုံး အတူတူ ရေနစ်ခွင့်ရတာပေါ့” တဲ့။
Kate Linthicum ရေးသားသည့် Myanmar Violence between Buddhist Muslims Threatens Reforms ကို ဘာသာပြန်ဆိုသည်။
ဤသတင်းဆောင်းပါးသည် International Reporting Project မှ ထောက်ခံချက်ဖြင့် ရေးသားတင်ပြခြင်း ဖြစ်သည်။
Ref:LA Times