ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
(အမှတ်၊ ၇၂ / ၂၀၁၃ )
၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်
( ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် )
ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်နှင့်အညီ ဥပဒေပြုလွှတ်တော်များသည် ဥပဒေကြမ်း တစ်ရပ်ကို နည်းလမ်းတကျ စတင် လက်ခံရသည့် အချိန်မှစ၍ ဆွေးနွေးအတည်ပြုပြီး နိုင်ငံတော်သမ္မတက ဥပဒေအဖြစ်ထုတ်ပြန်ရေး လက်မှတ်ရေးထိုးရန် ပေးပို့သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားသော အခွင့် အာဏာအရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသော သို့မဟုတ် အတည်ပြုပြီးသကဲ့သို့ ဖြစ်သော ဥပဒေကြမ်းတစ်ရပ်အား ဥပဒေအဖြစ် ထုတ်ပြန်ရန် လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက် ပါသည်။ ဥပဒေပြုလွှတ်တော်များနှင့် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး အတွက် တူညီသောဆန္ဒဖြင့် လိုအပ်သောဥပဒေများ အသစ်ပြဌာန်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်းနှင့် ရုပ်သိမ်းခြင်း တို့ကို ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
၂။ ဥပဒေပြုလွှတ်တော်များသည် ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေပြဌာန်းချက်နှင့်အညီ လက်ခံရရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည်အထိ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ရန် ဒုတိယရှေ့နေချုပ် ဦးဆောင်သော ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီကို အောက်ပါပုဂ္ဂိုလ် များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-
(က) ဦးထွန်းထွန်းဦး ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥက္ကဋ္ဌ
(ခ) ဒေါ်ထူးထူးငွေ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(ဂ) ဦးအောင်နိုင် ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(ဃ) ဦးမင်းဆွေ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(င) ဦးသန့်ဇင် ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(စ) ဦးဝင်းမြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အတွင်းရေးမှူး
၃။ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့က ဥပဒေရေးရာ အကြံဥာဏ် တောင်းခံပါက ဥပဒေရေးရာ အကြံဥာဏ်ပေးခြင်း၊
(ခ) ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန်အတွက် ဥပဒေပြု လွှတ်တော်များ၏ ဥပဒေကြမ်းကော်မတီများ သို့မဟုတ် ပူးပေါင်းကော်မတီတို့က ဖိတ်ကြားလာက ပူးပေါင်း ဆောင်ရွက်ခြင်း၊
(ဂ) အတည်ပြုပြီးသော ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေအဖြစ် ထုတ်ပြန်နိုင်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဌာန်းချက်နှင့် အညီ နိုင်ငံတော်သမ္မတထံ ပေးပို့လာက လက်မှတ်ရေးထိုးနိုင်ရေး သုံးသပ် အကြံပြုပေးခြင်း၊
(ဃ) အဆိုပါဥပဒေနှင့်သက်ဆိုင်သည့် နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်နိုင်ရန် ရေးဆွဲသောဌာနသို့ လိုအပ်သော ဥပဒေရေးရာ အကြံဥာဏ် ပေးခြင်း။
၎။ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေရေးရာအကြံဥာဏ်များကို နိုင်ငံတော် သမ္မတထံ တင်ပြနိုင်သည်။
၅။ ဥပဒေကြမ်းအပေါ် အကြံပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းစဉ်တွင် လိုအပ်ပါက နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့၊ အဆိုပါဥပဒေကို ကျင့်သုံး အကောင်အထည်ဖော်မည့် ဌာနနှင့် သက်ဆိုင်ရာဌာနတို့အား ဘာသာရပ်ဆိုင်ရာ အကြံဥာဏ်များ ရယူရန် ဖိတ်ကြားနိုင်သည်။ ထိုသို့ ဖိတ်ကြားရာတွင် လိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်နိုင်သည်။
၆။ ဥပဒေကြမ်းဆိုင်ရာအပြင် အခြားဥပဒေရေးရာ အကြံပြုရေး ပူးပေါင်းဆောင်ရွက်ရန် ဥပဒေပြု လွှတ်တော်များနှင့် ယင်းတို့၏ ဥပဒေကြမ်းကော်မတီများ သို့မဟုတ် ပူးပေါင်းကော်မတီတို့က ဖိတ်ကြား လာက ပူးပေါင်းဆောင်ရွက်ရမည်။
အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့
http://www.president-office.gov.mm/zg/?q=briefing-room%2Fnews%2F2013%2F10%2F25%2Fid-4794