အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့်(၂၀၀၈) အခြေခံဥပဒေ ရေးသားပြုစုသူ အယ်ဒီတာအဖွဲ့ (KEM-Burma)

အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့်(၂၀၀၈) အခြေခံဥပဒေ
All Books Has Been Published from “Knowledge Exchange Movement”
KEM (Burma)

1. Burmese Political… http://t.co/p84AagY8YE

ရေးသားပြုစုသူ
အယ်ဒီတာအဖွဲ့ (KEM-Burma)

Knowledge Exchange Movement ဟူသည်မှာ စိတ်ကူးစိတ်သန်းတစ်ခု (သို့) အတွေးအ မြင်တစ်ခု (သို့) ယုံကြည်မှုတစ်ခု (သို့) လှုပ်ရှားမှုတစ်ခုဖြစ်သည်။
မိမိ၏ လူ့အဖွဲ့အစည်း ပိုမိုတိုးတက် သာယာငြိမ်းချမ်းရေးကို ရှေးရှု၍ ကျယ်ပြန့်ကွဲပြားသော အသိပညာ၊ အတွေးအမြင်၊ အကြောင်းအရာ၊ အတွေ့အကြုံများကို ရှာဖွေလေ့လာ၍ ဆွေးနွေးခြင်း၊ အဖြေရှာခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း၊ မျှဝေခြင်းကို ဆိုလိုသည်။ စာဖတ်သူအနေဖြင့်လည်း မိမိတို့၏ အဖွဲ့အစည်း၊ ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ အပြုအမူများကို တတ်အားသဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းအပ်ပါသည်။

K E M (Burma) အဖွဲ့မှ အခမဲ့ဖြန့်ဝေခဲ့သော စာအုပ်များ
၁။ မြန်မာ့နိင်ငံရေး အတွေးအခေါ် – ဒေါက်တာမောင်မောင်ကြီး
(Burmese Political Values)
၂။ အတွေးအခေါ်တော်လှန်ရေး – Jonathan Isreal ၊ ဒေါက်တာအောင်ခင်
(Revolution of Mind)
၃။ ငါနဲ့မတူ ငါ့ရန်သူ – Mary P. Callahan ၊ ဒေါက်တာအောင်ခင်
(Making Enemies)
၎။ ကျောင်းတွင်း ဒီမိုကရေစီ – မြန်မာနိင်ငံဘာသာပြန်စာပေအသင်း
၅။ ဒီမိုကရေစီ ဆိုဒါ – သခင်ဘသောင်း ၊ အယ်ဒီတာအဖွဲ့ KEM (Burma)
(Defining Democracy)
၆။ ပြည်သူ့နီတိ – ဦးဘဖေ ၊ အယ်ဒီတာအဖွဲ့ KEM (Burma)
(Civics)
၇။ နိင်ငံရေးအခြေပြ – မြန်မာနိင်ငံဘာသာပြန်စာပေအသင်း၊ အယ်ဒီတာအဖွဲ့ KEM (Burma)
(Political Science)

From The People, To The People, With The People
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သဘောသဘာဝ

နိုင်ငံတော် ရေရှည်တည်တံ့ဖို့အတွက် အရမ်းအရေးကြီးတဲ့ လိုအပ်ချက်တစ်ခုက တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိဖို့ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘယ်လိုအစိုး ရမျိုးနဲ့ တိုင်းပြည်ကို ဖွဲ့စည်းတည်ထောင်ထားတယ် ဆိုတာကို အကြမ်းဖျင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ အခြေခံဥပဒေဟာ နိုင်ငံတစ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေထဲမှာ အခြေခံ အကျဆုံး ဥပဒေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အခြေခံအကျဆုံး ဥပဒေကိုလဲ ပြောင်းလဲနေတဲ့ ခေတ်ကာလအခြေအနေကို လိုက်ပြီး လိုအပ်ရင်လိုအပ်သလို ဖြည့်စွက်ပြင်ဆင်ပိုင်ခွင့်ဟာ သာမန်နိုင်ငံသားတွေမှာ ရှိပါတယ်။ အခြေခံဥပဒေဆိုတာ ကိုရမ်ကျမ်း၊ သမ္မ္မာကျမ်းစာ၊ ပိဋကတ်သုံးပုံတို့လိုမျိုး ဖြည့်စွက်ပြင်ဆင်လို့် မရနိင်တော့တဲ့ ကျမ်းမျိုး၊ သတ်မှတ်ချက်မျိုးမ ဟုတ်ဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ အခြေခံဥပဒေဆိုတာ တိုင်းသူပြည်သားအားလုံး ရဲ့တူညီတဲ့ နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျှော်မှန်းချက်တွေကို ဖော်ပြထားတဲ့အရာလို့လည်း ဆိုနိင်ပါတယ်။

အခြေခံဥပဒေမှာ တိုင်းသူပြည်သားတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေ၊ နိင်ငံသား အခွင့်အရေးတွေနဲ့ တာဝန်ဝတ္တရားတွေကို အတိအလင်း ရေးသားထားပြီး၊ အစိုးရကနေ ပြည် သူလူထုကို အာဏာအလွဲသုံးစားလုပ်ပြီး မအုပ်ချုပ်နိင်အောင် ကန့်သတ်မှုတွေကိုလဲ ပြုလုပ် ထားပါတယ်။ နိင်ငံသားတွေက အခွင့်အရေးတွေကို ရရှိခံစားနိင်ဖို့နဲ့ တာဝန်တွေကို ဆောင် ရွက်နိင်ဖို့အတွက် ဥပဒေအသီးသီးကိုလဲ ထပ်မံသတ်မှတ်ပြဋ္ဌာန်းရပါတယ်။ ဒါမှလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းထားချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှာပါ။ အခြေခံဥပဒေဆိုတာ နိုင်ငံရဲ့အချုပ်အခြာအာဏာ ပိုင်ရှင်အစစ်ဖြစ်တဲ့ ပြည်သူလူ ထုနဲ့ လူထုကိုယ်စားအုပ်ချုပ်ရတဲ့ အစိုးရကြား အာဏာအလွဲသုံးစား မလုပ်နိင်အောင် နှစ်ဦး နှစ်ဘက် သဘောတူချုပ်ဆိုထားတဲ့ စာချုပ်ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် နိင်ငံသား တစ်ဦးနဲ့တစ်ဦးကြား၊ လူမျိုးစုတစ်စုနဲ့တစ်စုကြား ချုပ်ဆိုထားတဲ့ လူမှုရေးပဋိညဉ်စာချုပ်လို့ လည်း ဆိုနိင်ပါတယ်။ ဒီနေရာမှာ နှစ်ဦးသဘောတူဆိုတဲ့ စကားလုံးကို သတိပြုသင့်ပါတယ်။ အုပ်စိုးတဲ့လူတစ်စုက အများပြည်သူရဲ့ သဘောဆန္ဒတွေနဲ့ ဆန့်ကျင်ပြီး တစ်ဖက်သက်ရေး ဆွဲအတည်ပြုထားတဲ့ ဥပဒေကိုတော့ အခြေခံဥပဒေလို့ မသတ်မှတ် မခေါ်ဆိုထိုက်ပါဘူး။

အခြေခံဥပဒေဟာ နိုင်ငံရဲ့သမိုင်းကြောင်း၊ လက်ရှိဖွံ့ဖြိုးတိုးတက်မှု၊ အနာဂတ်နိင်ငံ ရေး လိုအပ်ချက်တွေနဲ့ အပြန်အလှန် ဆက်စပ်မိနေဖို့ လိုပါတယ်။ အခြေခံဥပဒေရေးဆွဲမှု ဖြစ်စဉ်နဲ့ အတည်ပြုပြဋ္ဌာန်းကြတဲ့ နေရာမှာလဲ လူထုရဲ့ဆန္ဒ သဘောတူညီမှုဟာလဲ အရမ်း အရေးကြီးပါတယ်။ အခြေခံဥပဒေမှာပါတဲ့ အချက်တွေဟာလဲ ပြည်သူတွေရဲ့မွေးရာပါအ ခွင့်အရေးတွေကို အခိုင်အမာကာကွယ်ပေးနိင်ဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ မွေးရာပါအခွင့် အရေးတွေကို ကန့်သတ်ထိန်းချုပ်ပြီး အုပ်ချုပ်သူတွေရဲ့ လုပ်ပိုင်ခွင့် အာဏာကို မကန့်သတ် နိင်ရင်တော့ အဲဒီဥပဒေဟာ စစ်မှန်တဲ့အခြေခံဥပဒေ မဟုတ်ပါဘူး။ အခြေခံဥပဒေမှာ ပြည် သူလူထု နားမလည်နိင်လောက်အောင် ရှုပ်ထွေးခက်ခဲတဲ့ ဥပဒေဆိုင်ရာအရေးအသားတွေနဲ့ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေ ပါဝင်နေရင်လဲ အဲဒီ အခြေခံဥပဒေဟာ အသက်ဝင်ဖို့ခက် ခဲပါလိမ့်မယ်။

အခြေခံဥပဒေ အမျိုးအစားများ
ရှေးအစဉ်အလာအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးသားထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပ ဒေနဲ့ ရေးသားထားခြင်းမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါတယ်။ ရေးသားထားခြင်းမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဓလေ့ထုံးစံ(သို့)အစဉ်အလာတွေအ ပေါ်မှာ အခြေခံထားတာကို ဆိုလိုတာပါ။ ရေးသားထားတဲ့ အခြေခံဥပဒေဆိုတာကတော့ ဥပ ဒေတစ်ရပ်ကို တိတိကျကျရေးသား အတည်ပြုပြဌာန်းထားတာကို ဆိုလိုတာပါ။

လော့ဗရိုက်(Lord Bryce)ဆိုတဲ့ ပညာရှင်က ပြုပြင်ပြောင်းလဲနိုင်မှုပေါ် မူတည်ပြီး အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် လွယ်ကူတဲ့ အခြေခံဥပဒေ (Flexible)နဲ့ ပြုပြင်ပြောင်း လဲရန်ခက်ခဲတဲ့ အခြေခံဥပဒေ (Rigid)ဆိုပြီး ထပ်မံခွဲခြားပြန်ပါတယ်။ပြုပြင်ပြောင်းလဲရန် လွယ်ကူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အခြေခံဥပဒေကို သာ မန်ဥပဒေတွေလို အလွယ်တကူ ပြင်ဆင်ပြောင်းလဲ ပြဋ္ဌာန်းနိုင်တာကို ဆိုလိုတာပါ။ ဒါကြောင့် ပြုပြင်ပြောင်းလဲနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ရေးသားထားခြင်းမရှိတဲ့ အခြေခံဥပဒေ နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ပြုပြင်ပြောင်းလဲဖို့ခက်ခဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ အ ခိုင်အခန့် ပြဋ္ဌာန်းအတည်ပြုထားတဲ့ ဥပဒေမျိုးပါ။ အဲဒီ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ ဆိုတာ အလွယ်တကူ မဖြစ်နိုင်ပါဘူး။ အထူးတလည် ဖွဲ့စည်းထားတဲ့ ဥပဒေပြုမှုပုံစံ၊ နည်းနာ ဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ ဥပဒေပြုအမတ် ရာခိုင်နှုန်းအတော်များများရဲ့ ထောက်ခံ မှုလိုအပ်ပါတယ်။ ပြီးတော့မှ လူထုဆန္ဒခံယူပွဲတွေကို ကျင်းပပြီးမှ ပြင်ဆင်နိင်ပါတယ်။

အခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်တိုင်းကို အသေးစိတ်ရေးသားထားတဲ့ အခြေခံဥပဒေနဲ့ အခြေခံကျတဲ့ ပြဋ္ဌာန်းချက်တွေကိုသာ ရေးသားထားတဲ့ အခြေခံဥပဒေဆိုပြီး နှစ်မျိုးရှိပါသေး တယ်။ ပြဋ္ဌာန်းချက်တွေကို အသေးစိတ်ရေးသားထားတာကြောင့် အခြေခံဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ မရှိနိင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့အ ကောင်အထည်ဖော်တဲ့အခါ အခက်အခဲတွေ တွေ့ကြုံလာခဲ့ရင် ပြင်ဆင်ဖြည့်စွက်ဖို့ မလွယ် ကူတော့တာ တွေ့ရပါတယ်။ အခြေခံကျတဲ့ ပြဋ္ဌာန်းချက်တွေကိုသာ ရေးသားထားခဲ့ရင်လည်း အခြေခံဥပဒေကို လိုရာဆွဲပြီး အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြမယ့် ပြဿနာတွေ ပေါ်ပေါက်လာ နိင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံမှာ ဆောင်ရွက်ကြပုံချင်း မတူညီ ကြပါဘူး။ အခြေခံကျကျ ခြားနားတာကတော့ နိုင်ငံတစ်နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှန်တကယ် လက်တွေ့ကျင့်သုံးသလား မကျင့်သုံးဘူးလားဆိုတာပဲ ဖြစ်ပါတယ်။ နိုင်ငံအ တော်များများမှာ သူတို့ရဲ့အခြေခံဥပဒေကို ထပ်ခါတလဲလဲပြန်ပြီး ရေးဆွဲနေရတာကို ကြည့် ရင် အခြေခံဥပဒေကို လူထုစိတ်ကြိုက်ဖြစ်အောင် ရေးဆွဲနိင်ဖို့ ဘယ်လောက် ခက်ခဲသလဲဆို တာ သိနိင်ပါတယ်။

အခြေခံဥပဒေဟာ ပြုပြင်ဖို့ အရမ်းလွယ်ကူခဲ့ရင်လည်း လက်ရှိ အာဏာရနေတဲ့ အစိုး ရက သူတို့အာဏာ ဆက်ပြီး တည်မြဲနေဖို့အတွက် အခြေခံဥပဒေတွေကို သူတို့စိတ်တိုင်းကျ ပြုပြင်ရေးဆွဲကြမယ့် အန္တရာယ်ရှိပါတယ်။ ပြုပြင်ဖို့ အရမ်းခက်ခဲနေပြန်ရင်လည်း ပြောင်းလဲ နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ကိုက်ညီအောင် ပြောင်းလဲနိင်မှာ မဟုတ်ပါဘူး။ အဲဒီအခါ စစ်တပ် ဒါမှမဟုတ် ပါတီတစ်ရပ်ရပ်က အာဏာဝင်သိမ်းတာမျိုး ဖြစ်တတ်ပါတယ်။ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာဝင်သိမ်းတာဟာ (၁၉၇၄)အခြေခံဥပဒေရဲ့ပြောင်းလဲ ပြင်ဆင်ဖို့ ခက်ခဲတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေကို ပြောင်းလဲနေတဲ့ နိုင်ငံ ရေးအခြေအနေတွေနဲ့ လိုက်လျှောညီထွေဖြစ်အောင် မပြောင်းလဲနိင်ခဲ့တာကြောင့် သွေး ချောင်းစီးပြီး ပြိုကွဲကြရတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအပြားရှိတာကိုလဲ သတိပြုသင့်ပါတယ်။

အခြေခံဥပဒေများအား လေ့လာဆန်းစစ်ခြင်း
အခြေခံဥပဒေတစ်ခုကို လေ့လာဆန်းစစ်ဖို့ဆိုရင် အဲဒီဥပဒေကို ဘယ်သူတွေက ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဘယ်လိုအခြေအနေမှာ ရေးဆွဲပြီးပြဋ္ဌာန်းထားလဲဆိုတာကို သိ ထားရပါမယ်။ နောက်ပြီး ဘယ်လိုပုံစံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ရေးဆွဲပြဋ္ဌာန်းခဲ့သလဲ ဆို တာကိုလည်း လေ့လာရပါမယ်။ တစ်ချို့အခြေခံဥပဒေတွေကို နိင်ငံရေးပဋိပက္ခတွေနဲ့ ပြည် တွင်းစစ်ပွဲတွေအပြီးမှာ ရေးဆွဲခဲ့ကြတာပါ။ တစ်ချို့အခြေခံဥပဒေတွေကိုတော့ ပြည်တွင်းစစ် နဲ့ နိင်ငံရေးပဋိပက္ခတွေကို ချုပ်ငြိမ်းစေဖို့အတွက် ရေးဆွဲခဲ့ကြပါတယ်။ ရေးဆွဲပုံနဲ့ ရေးဆွဲတဲ့ နည်းလမ်းတွေဟာ ရလာမယ့် ရလဒ်တစ်ခုလိုပဲ အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် အခြေ ခံဥပဒေရေးဆွဲပုံဟာ ဘယ်လို အခြေခံဥပဒေမျိုး ပေါ်ထွက်လာမလဲဆိုတာကို အဆုံးအဖြတ် ပေးပါတယ်။

ရေးဆွဲမယ့် အခြေခံဥပဒေဟာ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက်ဆိုရင် အဲဒီအခြေခံဥ ပဒေကို ပြောင်းလဲပြင်ဆင်ရေးဆွဲတာတွေ ဆက်ပြီးလုပ်ခြင်းအားဖြင့် ဒီမိုကရေစီစနစ်ဘက် ဆီကို ပိုပြီးနီးကပ်အောင်လို့ ပြုလုပ်သွားနိုင်ရပါမယ်။ ဒီမိုကရေစီစနစ်ရဲ့အခြေခံအုတ်မြစ် တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါမှမဟုတ် အခြေခံဥပဒေဟာ အသွင်ကူးပြောင်းရေးအ တွက်ဆိုရင် အဲဒီအခြေခံဥပဒေဟာ လုံလောက်တဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခြင်းအား ဖြင့် ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆီကို တဖြည်းဖြည်းနဲ့ ကူးပြောင်းသွားနိုင်ရပါမယ်။ နောက်ပြီး ဒီမိုကရေစီအင်အားစုတွေကို စစ်တပ်နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ စေ့စပ်ညှိနှိုင်းမှု တွေလုပ်ဖို့အတွက် လမ်းဖွင့်ပေးနိုင်ရပါမယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးပြီး၊ နိုင်ငံသားအားလုံးကို အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အခြေခံဗဟု သုတတွေ ပိုပြီး ရရှိနိုင်စေရပါမယ်။

မြန်မာနိုင်ငံရဲ့လက်ရှိ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရေးဆွဲခဲ့ပုံနဲ့ ပတ်သက်ရင် တော်တော်လေး ပြဿနာ ဖြစ်ခဲ့ပါတယ်။ အဓိကပြဿနာကတော့ ပြည်သူလူထုရဲ့ပါဝင်ခွင့် မရခဲ့တာပါပဲ။ အရေးပေါ်စီမံမှုအက်ဥပဒေ(၁၉၅၀)၊ မတရားအသင်းဥပဒေ(၁၉၀၈)၊ နိုင်ငံ တော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှကာကွယ်သည့် ဥပဒေ(၁၉၇၅)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ(၁၉၈၈)စတဲ့ ဥပဒေတွေကို အာဏာသိမ်းစစ်အစိုးရ က အသုံးပြုပြီး ပြည်သူတွေကို အခြေခံဥပဒေရေးဆွဲရေးနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စတွေမှာ ပါ ၀င်လုပ်ဆောင်နိုင်ခြင်း မရှိအောင် တားဆီးပိတ်ပင်ခဲ့ကြပါတယ်။ နောက်ပြီး အစိုးရက ၁၉၉၆ မှာ “အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့် ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေ”ကိုလည်း ထပ်မံပြီးပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေအရဆို ရင် အစိုးရကလွဲပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲတာနဲ့ ရေးဆွဲပြီးဖြန့်ဝေရင် ထောင်ဒဏ်(၅)နှစ်ကနေ အနှစ်(၂၀)ထိ ချမှတ်နိုင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ (၁၆)ခုမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့အခြေခံဥပဒေလို့ တောင် ပြောလို့ရပါတယ်။ မူကြမ်း ရေးဆွဲရေးကော်မတီကို ပါတီနိင်ငံရေးနဲ့ကင်းရှင်းတဲ့ ပြည် သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။ ရေးဆွဲတဲ့လုပ်ငန်းစဉ်မှာ ပြည်သူတစ်သန်းက ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အကြံပြုဆွေးနွေးတာတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ မူကြမ်းရေးဆွဲ ရေးကော်မတီဝင်တွေဟာ ပြည်နယ်အသီးသီးမှာ လူထုဆွေးနွေးပွဲတွေကို ကျင်းပပြီး ပြည် သူတွေရဲ့ ဆန္ဒသဘောထားနဲ့ အကြံညဏ်တွေကိုလည်း ရယူခဲ့ကြပါတယ်။ ရေးဆွဲနေစဉ်မှာ လက်ရှိအာဏာရအစိုးရ၊ စစ်တပ်နဲ့ နိင်ငံရေးပါတီအဖွဲ့အစည်းတွေက ၀င်ပြီးစွက်ဖက်တာမျိုး တွေ မလုပ်နိုင်အောင်ပါ ပြည်သူလူထုက လုပ်ဆောင်ထားနိင်ခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ အခြေခံဥပဒေ(၁၉၉၆)ဟာလည်း ပြည်သူပါဝင်နိုင်မှုမှာ စံ တင်လောက်ပါတယ်။ အသားရောင်ခွဲခြားမှုနဲ့ လူမျိုးရေးပဋိပက္ခတွေကို ချုပ်ငြိမ်းစေဖို့ ရေးဆွဲ ခဲ့တဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ လူထုဆွေး နွေးပွဲတွေကို အသုံးပြုပြီး ပြည်သူလူထု ပါဝင်နိုင်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ကြပါ တယ်။ ဒါ့ကြောင့် လူထုအဖွဲ့အစည်းပေါင်း (၇၁၇)ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ပြည်သူလူထု နှစ်သန်းကျော်ကလည်း ဝေဖန်အကြံပြုလွှာတွေကို ရေးသားတင်ပြခဲ့ကြပါ တယ်။ ရေးဆွဲပြီးတဲ့ အခြေခံဥပဒေမူကြမ်းကိုလည်း အုပ်ရေလေးသန်းရိုက်နှိပ်ပြီး ပြည်သူ တွေထံကို ဝေငှပြီး ပြန်လည်အသိပေးခဲ့ပါတယ်။ ဒါ့အပြင် လူအသုံးများတဲ့ တိုင်းရင်းသား ဘာသာစကားတွေနဲ့ပါ ရေးသားပြီး ဒေသခံ တိုင်းရင်းသားတွေထံကို ဖြန့်ချိခဲ့ပါတယ်။ ဒါ ကြောင့် ပြည်သူတွေကိုယ်တိုင် ရေးသားခဲ့တဲ့ ပြည်သူ့အခြေခံဥပဒေလို့တောင် ဆိုနိုင်ပါတယ်။

အခြေခံဥပဒေတွေဟာ ရေးဆွဲချိန်ကာလ (၂)နှစ်လောက်ပဲ အများဆုံးကြာသင့်ပါ တယ်။ အနည်းငယ် ဖြည့်စွက်ပြင်ဆင်တာကလွဲရင် နှစ်အတော်ကြာကြာ အသုံးပြုနိုင် လောက်အောင်ကို ပြည့်စုံကောင်းမွန်သင့်ပါတယ်။ ဒါပေမယ့် (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေကတော့ ရေးဆွဲချိန် အကြာဆုံး ဥပဒေအဖြစ် (၁၅)နှစ်တောင် ကြာမြင့်ခဲ့ပါတယ်။ အတည်ပြုပြီးလို့ အသုံးပြုတာ (၂)နှစ်တောင် မပြည့်ခင်မှာပဲ ပြန်လည်ပြင်ဆင်ရေးဆွဲရမယ့် အခြေအနေကို ရောက်နေပါပြီ။ စတင်ရေးဆွဲစဉ်ကလည်း ရွေးကောက်ခံ ပြည်သူ့ကိုယ်စား လှယ်တွေဟာ အမျိုးသားညီလာခံ ကိုယ်စားလှယ်စုစုပေါင်းရဲ့ ခုနှစ်ပုံတစ်ပုံပဲ ပါဝင်ခဲ့ပါ တယ်။ နောက်ဆုံး ရေးဆွဲချိန်မှာဆိုရင် ပြည်သူ့ကိုယ်စားလှယ် ဆယ်ယောက်ကျော်ကျော်ပဲ ပါဝင်ပါတော့တယ်။ ဒါကြောင့် အခြေခံဥပဒေ ရေးဆွဲမှုဖြစ်စဉ်မှာ ပြည်သူလူထုက ပါဝင်ပတ် သက်ခွင့် မရရုံတင်မကပဲ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေတောင် အပြည့်အ၀ပါဝင်ခွင့် မရခဲ့ကြပါဘူး။ ဗမာလူများစုနဲ့ တိုင်းရင်းသားလူနည်းစုတွေကြားက ပြဿနာတွေ၊ ဒီမိုက ရေစီစနစ်နဲ့ အာဏာရှင်စနစ်ဟောင်းကြားက ဖြေရှင်းရမယ့် ပြဿနာတွေနဲ့ပတ်သက်ပြီး ပြည် သူလူထုက ဘာတစ်ခုမှ ပြောဆိုဆွေးနွေးခွင့် မရခဲ့ပါဘူး။

လွတ်လပ်ရေးရပြီး ကတည်းက မြန်မာနိုင်ငံမှာ အခြေခံဥပဒေ(၃)ခုရှိခဲ့ပါတယ်။ အခြေ ခံဥပဒေတွေကို ရေးဆွဲခဲ့ရတဲ့ ရည်ရွယ်ချက်တွေကလည်း တစ်ခုနဲ့တစ်ခုလုံးဝ မတူညီခဲ့ကြပါ ဘူး။ ပထမဆုံးဖြစ်တဲ့ (၁၉၄၇)အခြေခံဥပဒေဟာ အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးရယူနိင်ဖို့ အတွက် လိုအပ်ချက်တစ်ချက် အနေနဲ့ ရေးဆွဲခဲ့တာပါ။ ရေးဆွဲချိန်ကလည်း လပိုင်းပဲကြာခဲ့ ပါတယ်။ လူထုဆန္ဒခံယူပွဲ မပြုလုပ်ခဲ့ဘဲ တိုင်းပြည်ပြုလွှတ်တော်ကပဲ အတည်ပြုခဲ့တာ ဖြစ်ပါ တယ်။ ဝေဖန်သူတွေက (၁၉၄၇)အခြေခံဥပဒေကို ဗမာလူမျိုးစုတစ်စုအတွက် ဖဆပလအဖွဲ့ က ကြီးစိုးပြီး ရေးဆွဲခဲ့တာကြောင့် တစ်ဖွဲ့တည်းအကျိုး(One Group Show)ဆိုပြီး ဝေဖန်ခဲ့ပါ တယ်။

နောက်တစ်ခုဖြစ်တဲ့ ၁၉၇၄ အခြေခံဥပဒေကတော့ အာဏာသိမ်းစစ်တပ်က မဆလ ပါတီအနေနဲ့ တိုင်းပြည်ကို တရားဝင်အုပ်ချုပ်နိုင်ဖို့အတွက် လိုအပ်ချက်တစ်ခုအနေနဲ့ ရေးဆွဲ ခဲ့တာပါ။ ရေးဆွဲမှုဖြစ်စဉ်မှာ ပြည်သူလူထု၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ နိုင်ငံရေးအင် အားစုတွေ ပါဝင်ဆောင်ရွက်ခွင့် မရရှိခဲ့တာကြောင့် ပြည်တွင်းစစ်ရပ်စဲရေးနဲ့ နိင်ငံရေးအကျပ် အတည်းတွေကို ဖြေရှင်းဖို့အတွက် လုံးဝအကျိုးမဖြစ်ထွန်းခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီအခြေ ခံဥပဒေကို တစ်ပါတီတည်းရဲ့အကျိုး(One Party Show)အတွက် ရေးဆွဲခဲ့တာဆိုပြီး ဝေဖန် ခဲ့ကြပြန်ပါတယ်။

(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းနိင်ဖို့ ရေးဆွဲကြရမယ့်အ စား လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အကွက်ကျကျစီစဉ်ပြီး ရေးဆွဲခဲ့တာကြောင့် လူတစ်ဦးတည်းအကျိုးစီးပွား (One Man Show)အတွက်ပဲ ဖြစ်ခဲ့ပြန်ပါ တယ်။ (၂၀၀၈)အခြေခံဥပဒေကြောင့်လည်း တိုင်းပြည်မှာ နိင်ငံရေးအကြပ်အတည်းတွေကို ပိုပြီးတော့တောင် ရင်ဆိုင်ခဲ့ရပါတယ်။

(၁၉၄၇)အခြေခံဥပဒေနဲ့ (၁၉၇၄)အခြေခံဥပဒေအရ လွှတ်တော်တွေမှာ တပ်မတော် သားကိုယ်စားလှယ်တွေ မပါဝင်ခဲ့ကြပါဘူး။ ဒါပေမယ့်(၂၀၀၈)အခြေခံဥပဒေအရတော့ ပြည် သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအ ပြင် ကာကွယ်ရေးဦးစီးချုပ်က စာရင်းတင်သွင်းတဲ့ တပ်မတော်သားကိုယ်စားလှယ်(၂၅) ရာခိုင်နှုန်း (၁၆၆ယောက်)ပါဝင်ထားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ လည်း (၂၅)ရာခိုင်နှုန်းတောင် ပါဝင်နေပါတယ်။ ဒါ့ကြောင့် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေ ပြုလွှတ်တော်တွေအားလုံးကို ချုပ်ကိုင်ထားတာကို တွေ့ရပါတယ်။ (၂၀၀၈)အခြေခံဥပဒေကို ရေးဆွဲဖို့အတွက် အတုယူခဲ့တယ်ဆိုတဲ့ အင်ဒိုနီးရှားရဲ့ အခြေခံဥပဒေမှာတောင် တပ်မတော် သားကိုယ်စားလှယ်တွေကို ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်တင်သွင်းခွင့် မရှိပါဘူး။ အင်ဒို နီးရှားနိင်ငံမှာတော့ သမ္မတဦးဆောင်တဲ့အဖွဲ့က တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် တွေကို ရွေးချယ်တာပါ။

နိင်ငံဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်က ဥပဒေပြုရေးတွေမှာ နောက် ကွယ်က ချုပ်ကိုင်နေတယ်ဆိုတာဟာ အတော့်ကို ထူးခြားတဲ့အချက်ပါပဲ။ နောက်ပြီး ကာ ကွယ်ရေးဦးစီးချုပ်က တပ်မတော်သား ကိုယ်စားလှယ်တွေကို မကြာခဏလိုသလို ပြောင်းလဲ တာဝန်ပေးတာတွေဟာလည်း ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ အ နေအထားတွေကို ထိခိုက်နေပါတယ်။ အရပ်သားကိုယ်စားလှယ်တွေနဲ့ အစိုးရက တပ်မ တော်ကို မထိန်းချုပ် မကိုင်တွယ်နိုင်ပဲ တပ်မတော်ကသာ အစိုးရနဲ့ နိုင်ငံရေးရာကိစ္စတွေကို ထိန်းချုပ်နိုင်တာကို တွေ့ရပါမယ်။

နိုင်ငံရဲ့ အဓိကအုပ်ချုပ်ရေးဌာန တစ်ခုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံဌာန တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးဌာနတွေကိုလည်း ချုပ်ကိုင်ထားပါတယ်။ အဲဒီလို အရေးပါ တဲ့ဌာနကို စီမံအုပ်ချုပ်ရတဲ့ ပြည်ထဲရေးဝန်ကြီးဟာ ကာကွယ်ရေးဦးစီးချုပ်က အမည်တင် သွင်းထားတဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်ချုပ်တစ်ဦးပဲ ဖြစ်နေပါတယ်။ ဒါကြောင့် အရပ် ဘက်အုပ်ချုပ်ရေးရာတွေမှာလည်း တပ်မတော်သား ၀န်ထမ်းတစ်ဦးသာဖြစ်တဲ့ ကာကွယ် ရေးဦးစီးချုပ်က အလွန်အကြူး ပါဝင်ပတ်သက်နေပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ သက် ဆိုင်တဲ့ ကိစ္စတစ်ချို့တွေမှာ ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့တွေကို သမ္မတက တောင် တိုက်ရိုက်အမိန့် မပေးနိုင်တာမျိုးတွေ ရှိနေပါတယ်။ သမ္မတက တပ်မတော်သား တစ်ဦးဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရဘဲနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေနဲ့ လူမျိုးရေး/ဘာသာရေး ပဋိပက္ခတွေကို ထိထိရောက်ရောက် မဖြေ ရှင်းနိင်တာ၊ မလုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်။

တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး တရားစီရင်ရေးအာဏာဆိုတာ တရား လွှတ်တော်ချုပ် တရားသူကြီးတွေဆီမှာပဲ ရှိရမှာပါ။ တရားစီရင်ရေးဟာလည်း ဘက်မလိုက် တဲ့ တရားစီရင်ရေးစနစ်ဖြစ်အောင်လို့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ အစိုးရအဖွဲ့ရဲ့ လက်အောက်က နေ ကင်းလွတ်နေဖို့ လိုအပ်ပါတယ်။ တရားလွှတ်တော်တရားသူကြီးတွေကို ပြည်သူ့ကိုယ်စား လှယ်တွေပါဝင်တဲ့ လွှတ်တော်က ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် (၂၀၀၈) အခြေခံဥပဒေ အရ တရားလွှတ်တော် တရားသူကြီးတွေအားလုံးကို သမ္မတပဲ ရွေးချယ်ခန့်အပ်ခွင့်ရှိပါ တယ်။ နောက်ပြီး အရပ်ဘက်နယ်ပယ်မှာ တပ်မတော်သားတွေ ကျူးလွန်တဲ့ အမှုအခင်း တွေကို အရပ်ဘက်တရားရုံးတွေက စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်တွေ မချမှတ်နိုင်ပါဘူး။ စစ် ဘက်ဆိုင်ရာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်မှာ အမြင့်ဆုံးအာဏာရှိ ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ဟာ တရားဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးရာတွေမှာ သာမကပဲ တရားစီရင်ရေးမှာပါ အခွင့်အာဏာတွေကို မြင့်မြင့်မားမား ရယူထားတာတွေကို အထင်အရှားတွေ့ရပါတယ်။

အရေးပေါ်အခြေအနေကိုလည်း မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့်နဲ့ နိုင်ငံတော် အဆင့်ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်ထားပါတယ်။ အဆင့်တိုင်းမှာ သက်ဆိုင်ရာအာ ဏာပိုင်တွေက အုပ်ချုပ်ရေးလုပ်ငန်းတွေကို မဆောင်ရွက်နိုင်တော့ဘူးဆိုရင် သမ္မတက ကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ တိုင်ပင်ပြီးမှသာ အရေးပေါ်အခြေအနေအဖြစ် ကြေငြာနိုင် ပါတယ်။ တပ်မတော်ရဲ့ အကူအညီနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကိုလည်း ထုတ်ပြန်နိုင်ပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေနိင်လောက်တဲ့ ဆူပူသောင်းကျန်းအကြမ်း ဖက်မှုတွေ ဖြစ်ပေါ်လာခဲ့ရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအားလုံး(တရားစီရင်ရေး၊ ဥပဒေပြုရေးတွေ အပါအ၀င်)ကို ကာကွယ်ရေးဦးစီးချုပ်ကို လွှဲပြောင်းပေးရမယ် ဆိုတာဟာ အချုပ်အခြာအာဏာသည် ပြည်သူတို့ထံတွင် တည်သည်ဆိုတဲ့ အခြေခံဥပဒေရဲ့အနှစ်သာ ရကို ဖောက်ဖျက်လိုက်တာပါပဲ။ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ကာလအတွင်းမှာ နိင်ငံသားတွေအနေနဲ့ အခြေခံဥပဒေပါ နိင်ငံသားအခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးကြရ မယ့် သဘောပါပဲ။
တောင်အာဖရိကရဲ့ အခြေခံဥပဒေမှာဆိုရင် အဆင့်မြင့်တရားရုံးတွေကသာ အရေး ပေါ်အခြေအနေကို ထုတ်ပြန်နိုင်ပါတယ်။ နောက်ပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန် ထားတဲ့ အချိန်မှာတောင် နိုင်ငံသားတွေက နိုင်ငံသားအခွင့်အရေးတွေအားလုံးကို ခံစားနိုင် ခွင့်တွေရှိပါတယ်။

ဒါ့အပြင် လက်ရှိအခြေခံဥပဒေဟာ အချုပ်အခြာအာဏာသုံးရပ်ကို ကွဲကွဲပြားပြား ဖြစ် အောင်လို့ မခွဲခြားထားနိင်ပါဘူး။ နိုင်ငံရဲ့အာဏာ တော်တော်များများကို သမ္မတရဲ့ချုပ်ကိုင်မှု အောက်မှာပဲ ထားထားတာကို တွေ့ရပါမယ်။ ခန့်အပ်ပြီးတဲ့သမ္မတကိုလည်း ဘယ်လိုအ ကြောင်းနဲ့မှ လွှတ်တော်က ပြန်ပြီး ဖြုတ်ချပိုင်ခွင့်မရှိပါဘူး။ လူမှုကျင့်ဝတ်နဲ့ ဥပဒေကြောင်း အရသာ ပြစ်တင် ရှုတ်ချပိုင်ခွင့်ပဲရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည် ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုတရားသူ
ကြီးချုပ်နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်တွေ အားလုံးကို သမ္မတကပဲရွေးချယ်ပြီး ခန့်အပ်ပါတယ်။ လွှတ်တော်က အတည်ပြုပေးရုံပဲ လုပ် ဆောင်ခွင့်ရှိပါတယ်။

ကျန်တဲ့ လုပ်ပိုင်ခွင့်အာဏာ တော်တော်များများဟာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ နိင်ငံရဲ့အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်တဲ့ နိုင်ငံ တော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ်က ထိန်းချုပ်ထားတာ တွေ့ ရပါမယ်။ အဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကိုလည်း ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းပြီး ခန့်အပ်ထားတာဖြစ်ပါတယ်။ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ကြားက တာဝန်ခံမှုဟာလည်း သိသိသာသာမကွဲပြားပါဘူး။

ပြည်ထောင်စု မပြိုကွဲအောင် ကာကွယ်ဖို့၊ အချုပ်အခြာအာဏာ တည်မြဲစေဖို့အတွက် ဆိုပြီး တပ်မတော်ကို လိုအပ်လာရင် ၀င်ပြီး အာဏာရယူပိုင်ခွင့်ကို အခြေခံဥပဒေက ခွင့်ပြု ထားတဲ့အချက်ဟာ တော်တော်လေးကို ဒီမိုကရေစီမဆန်တဲ့ အချက်ပါပဲ။ လက်ရှိ အခြေခံဥ ပဒေဟာ ဖယ်ဒရယ်ပြည်ထောင်စု သဘောအသွင်ဆောင်ပေမယ့် ပြည်နယ်ဝန်ကြီးချုပ်တွေ နဲ့ ပြည်နယ်ဝန်ကြီးတွေကို သမ္မတကပဲ တိုက်ရိုက်ခန့်အပ်တာကို တွေ့ရပါလိမ့်မယ်။ စစ်မှန် တဲ့ ဖယ်ဒရယ်စနစ်အရဆိုရင် ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ပြည်နယ်ဝန်ကြီးတွေကို သက်ဆိုင် ရာ ပြည်နယ်လွှတ်တော်တွေကသာ ရွေးချယ်ခန့်အပ်ကြရပါတယ်။

နိုင်ငံတော်တော်များများမှာ လူတစ်ယောက်ဟာ အဲဒီနိုင်ငံမှာမွေးဖွားခဲ့ရင် ဒါမှမဟုတ် မိဘတစ်ဦးဦးက နိုင်ငံသားဖြစ်ခဲ့ရင် အဲဒီလူဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်လေ့ရှိပါတယ်။ မြန် မာနိုင်ငံမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒါကြောင့် မိဘတစ်ဦးတည်းကပဲ နိုင်ငံသားဖြစ်ရုံနဲ့ အဲ ဒီကလေးဟာ မြန်မာနိုင်ငံသား မဖြစ်နိုင်ပါဘူး။ နောက်ပြီး (၂၀၀၈)အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားအခွင့်အရေးတွေ အားလုံးကိုလည်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြ ဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မဆန့်ကျင်မှသာ လွယ်လွယ်ကူကူ ခံစားခွင့်ရှိတာ ဖြစ်ပါတယ်။ တကယ်တော့ အခြေခံလူအခွင့်အရေးတွေကို လူတစ်ဦးချင်း၊ ဒါမှမဟုတ် လူ့အသိုက်အ၀န်း ကသာ သူတို့ဘာသာသူတို့ သတ်မှတ်ရေးဆွဲကြရတာပါ။ ချိုးဖောက်ကျူးလွန်မယ့်သူတွေရဲ့ဘေးရန်ကနေ ကာကွယ်စောင့်ရှောက်ဖို့ အတွက်ပဲ နိုင်ငံတော်ရဲ့အကူအညီကို ရယူကြရ တာဖြစ်ပါတယ်။ နိင်ငံသားအခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ တော်တော်များများကို နောက်ဆက် တွဲဥပဒေတွေ၊ နိင်ငံသားဖြစ်မှုတွေနဲ့ ကန့်သတ် ထိန်းချုပ်ထားတာကို တွေ့ရပါလိမ့်မယ်။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေ၊ မသန်စွမ်းတွေနဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီး တွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးလောက်ပဲ ဖော်ပြထားပါတယ်။ တိုင်းရင်း သားလူနည်းစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကို အသိအမှတ်ပြုတဲ့ အာမခံချက် တွေကိုလည်း နည်းနည်းပါးပါးလောက်ပဲ တွေ့ရပါတယ်။

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ဖို့ လိုအပ်တဲ့ ဥပဒေပုဒ်မတွေတော်တော် များများရှိပါတယ်။ ပြင်ဆင်သင့်တဲ့ ပုဒ်မတချို့ကတော့
၁။ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင် သွင်းခွင့် ရှိတယ်ဆိုတဲ့ ပုဒ်မ ၁၀၉(ခ)၊
၂။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသ၀န်ကြီး သုံးယောက်ကို ခန့်အပ်ဖို့ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောတူညီချက် ရယူရမယ်ဆိုတဲ့ ပုဒ်မ ၂၃၂(ခ)
၃။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ အနည်းဆုံး¬အဖွဲ့ဝင် ခြောက်ယောက်ကို တပ်မတော်က ရယူပိုင်ခွင့်ရှိတယ်ဆိုတဲ့ ပုဒ်မ ၂၀၁
၎။ သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၅၉
၅။ သမ္မတလောင်းသုံးဦးအနက် တစ်ဦးကို တပ်မတော်သားကိုယ်စားလှယ်တွေက အမည် စာရင်းတင်သွင်းနိုင်တဲ့ ပုဒ်မ ၆၀
၆။ အရေးပေါ်အခြေအနေ ပေါ်ပေါက်လာရင် တပ်မတော်က အခြေခံဥပဒေနဲ့အညီ အာဏာ လွှဲပြောင်းရယူခွင့်ပြုထားတဲ့ ပုဒ်မ ၄၀(ဂ)
၇။ တပ်မတော်ကို သီးခြား လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးတဲ့ ပုဒ်မ ၂၀(ခ) နဲ့
၈။ အခန်း(၈)မှာပါတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို ကန့်သတ်ထားတဲ့ ပုဒ်မ တွေပဲ ဖြစ်ပါတယ်။

(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ရခက်အောင်လို့ တမင်ရည်ရွယ်ချက် ထားရေးဆွဲပြီး အတင်းအဓမ္မ အတည်ပြုထားတဲ့ ဥပဒေပါ။ အခြေခံဥပဒေမှာပါတဲ့ စာလုံးတစ် လုံးကို အထားအသို ပြုပြင်ချင်တယ် ဆိုရင်တောင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံသုံးပုံကျော်က ပြင်ဆင်သင့်တယ်လို့ ထောက်ခံဖို့ လိုအပ်ပါတယ်။ နောက် ပြီးမှ ပြင်ဆင်ထားတဲ့ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီးတော့ ပြည်သူတွေ ရဲ့ဆန္ဒကို ရယူရပါမယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ထက် ၀က်ကျော်က ထောက်ခံဖို့ လိုအပ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ မဲဆန္ဒလာပေးတဲ့သူတွေရဲ့ ထက်ဝက်ကျော် မဟုတ်ဘူးဆိုတာကို သတိထားသင့်ပါတယ်။ ပြင်ဆင်ဖို့ခက်ခဲတဲ့ အခြေခံ ဥပဒေတွေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လေးပုံသုံးပုံရဲ့ထောက်ခံမှုလို အပ်တယ်ဆိုတာ သာမန်ကိစ္စတစ်ခုပါပဲ။ ဒါပေမယ့် အဲဒီလို ဥပဒေမျိုးကိုကျင့်သုံးတဲ့ နိင်ငံတွေ ရဲ့ ဥပဒေပြုလွှတ်တော်တွေမှာ နိင်ငံရေးနဲ့ ဘယ်လိုမှမသက်ဆိုင်တဲ့ နိင်ငံရဲ့ကာကွယ်ရေးဝန် ထမ်း တပ်မတော်သားတွေက ရွေးကောက်ပွဲဝင်စရာ မလိုပဲ ကိုယ်စားလှယ်စုစုပေါင်းရဲ့(၂၅) ရာခိုင်နှုန်း ပါဝင်နေတာမျိုး မရှိပါဘူး။

ပြင်ဆင်ဖို့အတွက် ကိုယ်စားလှယ်(၇၅)ရာခိုင်နှုန်းကျော်က ထောက်ခံဖို့ လိုအပ်တယ် ဆိုတာ တပ်မတော်သား ကိုယ်စားလှယ်တွေကသာ မထောက်ခံဘူးဆိုရင် ပြင်ဆင်ဖို့ လုံးဝမ ဖြစ်နိင်ဘူးဆိုတဲ့ သဘောပါပဲ။ (၁၉၄၇)အခြေခံဥပဒေမှာဆိုရင် အရေးကြီးတဲ့ ပြဋ္ဌာန်းချက် တွေကို ပြင်ဆင်ဖို့အတွက်ပဲ ကိုယ်စားလှယ်စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံ(၆၇ရာခိုင်နှုန်း)က ထောက်ခံဖို့ လိုအပ်ပါတယ်။ တစ်ပါတီစနစ်ကိုကျင့်သုံးတဲ့ (၁၉၇၄) အခြေခံဥပဒေမှာလည်း အရေးကြီးတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့အတွက်ပဲ လွှတ်တော်ကိုယ်စားလှယ် လေးပုံသုံး ပုံ(၇၅ရာခိုင်နှုန်း)ရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။
အခြေခံဥပဒေသုံးခုကို နှိုင်းယှဉ် လေ့လာကြည့်မယ်ဆိုရင် (၂၀၀၈)အခြေခံဥပဒေ ဟာ ပြင်ဆင်ဖို့ခက်ခဲတဲ့ အခြေခံဥပဒေမျိုးမဟုတ်ပဲ လုံးဝ ပြင်ဆင်လို့ မရနိင်အောင် ရည်ရွယ် ပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေတစ်ခု ဖြစ်ပါတယ်။ (၂၀၀၈)အခြေခံဥပဒေကို အသွင်ကူး ပြောင်းရေးကာလသုံး အခြေခံဥပဒေအဖြစ်နဲ့ရော၊ ကြားဖြတ် အခြေခံဥပဒေအဖြစ်နဲ့ရော ဘယ်လိုမှ အသုံးပြုလို့ မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြဋ္ဌာန်းချက်တိုင်းကို ပြုပြင်လို့ မ ရနိုင်အောင် ကြိုတင်ပြီး အသေးစိတ်ရေးဆွဲထားလို့ပါပဲ။ ကြားဖြတ်အခြေခံဥပဒေလိုလည်း ဘယ်အချိန်ထိပဲ အသုံးပြုမယ်ဆိုတဲ့ အချိန်ကာလကန့်သတ်ချက်လည်း မပါပါဘူး။ အသစ် ပြန်လည်ရေးဆွဲနိုင်ဖို့အတွက် နည်းလမ်းတွေကိုလည်း ကြိုတင်ပြီးစီစဉ်ထားတာမျိုး မတွေ့ရ ပါဘူး။
ဘယ်လိုပဲ ဖြစ်ပါစေ အခြေခံဥပဒေတွေကို တဖြည်းဖြည်းနဲ့ အချိန်ယူပြီး ပြင်ဆင်တဲ့ ဖြစ်စဉ် ဒါမှမဟုတ် လုံးဝ အသစ်ရေးဆွဲတဲ့ ဖြစ်စဉ်တွေဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒ သဘောထားတွေပေါ်မှာပဲ မူတည်ပါတယ်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်
ခေတ်ကာလအခြေအနေတစ်ခုမှာ ရေးဆွဲအတည်ပြုထားတဲ့ အခြေခံဥပဒေတစ်ခုဟာ အမြဲတမ်းသုံးစွဲလို့ရအောင် ပြီးပြည့်စုံနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိင်ပါဘူး။ ဒါကြောင့် သာ အခြေခံဥပဒေတိုင်းမှာ ပြင်ဆင်ခြင်းအခန်းကို ထည့်သွင်းပြီး ရေးဆွဲထားကြတာ ဖြစ်ပါ တယ်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဆိုတာ နိင်ငံတိုင်း မလွဲမသွေ ဖြတ်သန်းကြ ရမယ့် သမိုင်းဖြစ်စဉ်တစ်ခုပါပဲ။ မြန်မာနိင်ငံမှာကျင့်သုံးခဲ့တဲ့ အခြေခံဥပဒေနှစ်ခုစလုံးကို လည်း ပြုပြင်ပြောင်းလဲမှုတွေ အနည်းနဲ့အများဆိုသလို ပြုလုပ်ခဲ့ကြပါတယ်။
အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဆိုတာ ဥပဒေပြုလွှတ်တော် တစ်ခုတည်းနဲ့ သာ သက်ဆိုင်တဲ့ သာမန်ဥပဒေရေးရာ ကိစ္စရပ်တစ်ခု မဟုတ်ပါဘူး။ တကယ်တော့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဆိုတာ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေ အားလုံးကိုအ ချိန်နဲ့ အမျှ လေ့လာသုံးသပ်ပြီး ပြုပြင်သင့်တဲ့အချက်တွေကို ပြုပြင်၊ ပယ်ဖျက်သင့်တဲ့ အချက် တွေကို ပယ်ဖျက်၊ ထပ်မံ ထည့်သွင်းသင့်တဲ့အချက်တွေကို ထပ်မံဖြည့်သွင်းပြီး အတည်ပြုပြ ဋ္ဌာန်းကြရတာကို ဆိုလိုတာပါ။ အခြေခံဥပဒေတစ်ခုလုံးမှာပါဝင်တဲ့ ပုဒ်မတွေအားလုံးကို လည်း ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေနဲ့ ညီမညီ၊ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေးအခြေအနေတွေ၊ အနာဂတ်မှာ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်၊ မဖြစ်နိုင်စတဲ့ အခြေခံတွေပေါ်မှာမူတည်ပြီး လေ့လာသုံးသပ်တာ ကို ဆိုလိုတာပါ။

(၂၀၀၈)အခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေခံဥပဒေဆိုင်ရာ နိင်ငံရေးအကျပ်အ တည်းတစ်ခုအဖြစ် ရှုမြင်သုံးသပ်ကြတဲ့ သူတွေလည်းရှိပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်စဉ်ကို နိုင်ငံရေး အခွင့်အခါကောင်းတစ်ရပ်အဖြစ် ယူဆပြီး အခြေခံဥပဒေပြင်ဆင်ရေး တစ်ခုတည်းအတွက် မဟုတ်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် လုပ်ဆောင်သင့်ပါတယ်။
အခြေခံဥပဒေပါ ပုဒ်မအချို့ကိုသာ ရွေးချယ်ပြီး ပြင်ဆင်ဖို့ အတင်းအဓမ္မကြိုးပမ်းမှု တွေဟာ စစ်မှန်တဲ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို အနှောင့်အယှက်အဟန့်အ တား ဖြစ်ပေါ်နိုင်ပါတယ်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ဆိုတာ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၊ ပါတီအဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်မျိုးရဲ့ အကျိုးစီးပွားကိုသာရှေးရှုပြီး ဆောင် ရွက်ကြတဲ့ ဖြစ်စဉ်မျိုး မဖြစ်သင့်ပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ပါတီတစ်ပါတီ၊ အဖွဲ့အ စည်းတစ်ခု၊ ကော်မတီတစ်ရပ်တည်းကပဲ ဦးစီးဦးဆောင်ပြုလုပ်ကြရတဲ့ ဖြစ်စဉ်တစ်ခုလည်း မဟုတ်ပါဘူး။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဖြစ်စဉ်ကို ဆောင်ရွက်ကြတဲ့ နေရာမှာ အခြေခံဥပဒေပါ ပုဒ်မတစ်ချို့ကိုသာ ဦးစားပေးပြီး ပြင်ဆင်ဖို့ ကြိုးစားတာထက် (၂၀၀၈) အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ အလွန်အမင်းခက်ခဲတဲ့ အခြေခံဥပဒေတစ်ခုအဖြစ် ကနေပြီး ပြုပြင်ပြောင်းလဲဖို့ ဖြစ်နိုင်တဲ့ အခြေခံဥပဒေတစ်ခု ဖြစ်လာအောင်လို့ အခြေခံဥပ ဒေ ပြင်ဆင်ခြင်းအခန်းပါ ပုဒ်မတွေကို ပြင်ဆင်ဖို့ ပထမဆုံး ကြိုးပမ်းဆောင်ရွက်သင့်ပါ တယ်။ ဒါမှသာ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုတွေကို လူထုတစ်ရပ်လုံးရဲ့ဆန္ဒနဲ့အညီ ဆက်လက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

(က) တပ်မတော်ရဲ့အခန်းကဏ္ဍ

တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုတွေကစပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် မှာ အနည်းနဲ့အများဆိုသလို ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ငြင်းမရတဲ့ အချက်တစ်ချက်ပါ။ ဒါပေမယ့် တပ်မတော် ခေါင်းဆောင်တစ်ချို့နှင့် တပ်မတော်ကို နိုင်ငံရေးမှာ အသုံးချလိုတဲ့ နိုင်ငံရေးသမားတချို့ကြောင့် တပ်မတော်ဟာ မြန်မာနိုင်ငံရေးမှာ (၃)ကြိမ်တိုင်တိုင် (၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈) လိုအပ်တာထက် ပိုပြီး ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကို သတိပြုသင့်ပါ တယ်။
တပ်မတော်သားတွေရဲ့ စစ်မှန်တဲ့ဆန္ဒကို လျစ်လှူရှုပြီး တပ်မတော်ကို အမျိုးသားနိုင် ငံရေးမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်အဆင့်ဆင့်တွေမှာ တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းအထိ ပါဝင် အောင် ပြုလုပ်ခြင်းအားဖြင့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်စေခဲ့ပြန်ပါတယ်။
တကယ်တော့ တပ်မတော်တစ်ခုရဲ့ အဓိကတာဝန်ဟာ တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာကို ကာကွယ်ဖို့၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ဖို့နှင့် ပြည် သူ့ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဆောင်ရွက်မှုတွေကို ထောက်ပံ့ကူညီဖို့ပဲ ဖြစ်ပါတယ်။
အဲဒီလောက် အရေးကြီးတဲ့ အမျိုးသားရေးတာဝန်တွေကို ကျေပွန်အောင်ထမ်း ဆောင်ကြရမယ့် တပ်မတော်က လွှတ်တော်နဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အချိန်ပြည့် ပါဝင်ပတ် သက်ဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။
ဒါ့ကြောင့် တပ်မတော်အနေနဲ့ တိုင်းသူပြည်သားတွေရဲ့ဆန္ဒနှင့်အညီ ပေါ်ပေါက်လာ မယ့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေမှာ တိုင်းသူပြည်သားတွေ၊ နိုင်ငံရေးအင် အားစုတွေနဲ့ အတူ တက်တက်ကြွကြွ ပါဝင်ပြီး တိုင်းသူပြည်သားတွေ အကျိုးများစေမယ့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ရပ်တွေကို လုပ်ကိုင်သင့်ပါတယ်။

(ခ) နိုင်ငံရေးအင်အားစုများ (နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအင်အားစုများနဲ့ အခြား နိုင်ငံရေးအဖွဲ့အစည်းများ)ရဲ့ အခန်းကဏ္ဍ
အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဆိုတာ ဥပဒေပညာရှင်တွေ၊ လွှတ်တော် အမတ်တွေနဲ့သာ သက်ဆိုင်တဲ့ကိစ္စရပ်တစ်ရပ် မဟုတ်သလို နိုင်ငံရေးသမားတွေပဲ အချင်း ချင်း အပေးအယူပြုလုပ်ပြီး အချက်အလက်တစ်ချို့ကိုသာ ပြင်ဆင်ဖို့ကြိုးစားကြတဲ့ နိုင်ငံရေး ကစားပွဲတစ်ခုလည်း မဟုတ်ပါဘူး။
ဒါကြောင့် နိုင်ငံရေးအင်အားစုတွေအနေနဲ့ အခြေခံဥပဒေရဲ့ သဘောသဘာဝတွေ ကို ပြည်သူလူထုတစ်ရပ်လုံး နားလည်လာအောင်လို့ ရှင်းလင်းပြောဆိုကြဖို့ တာဝန်ရှိပါတယ်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ နိုင်ငံရေးအင်အားစုတွေက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ နိင်ငံရေးသမားတွေအ နေနဲ့ ပြည်သူလူထုတစ်ရပ်လုံးကို အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ပါဝင်လာ အောင်လို့ ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။
အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်ကို နိင်ငံရေးအင်အားစု တစ်စုတည်းရဲ့အ ကျိုးစီးပွားအတွက် ပြုလုပ်ဆောင်ရွက်နေတာ မဟုတ်ဘူးဆိုတာကို ပြည်သူလူထုကို ရှင်း ရှင်းလင်းလင်း အသိပေးပြောဆိုဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ပူး ပေါင်းဆောင်ရွက်မှုကို ရရှိမှာဖြစ်ပါတယ်။

(ဂ) ပြည်သူလူထုရဲ့ အခန်းကဏ္ဍ
တိုင်းသူပြည်သားတွေအနေနဲ့ အခြေခံဥပဒေနဲ့ သက်ဆိုင်တဲ့ အသိညဏ်ဗဟုသုတ တွေကို တတ်နိင်သမျှ လေ့လာဆည်းပူးနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့ရဲ့နေ့စဉ်ဘ၀ တွေအပေါ် သက်ရောက်လာမယ့် အခြေခံဥပဒေပါ ပိုဒ်မတွေရဲ့ အကျိုးအပြစ်တွေကို သိရှိ နိင်မှာ ဖြစ်ပါတယ်။
အခြေခံဥပဒေမှာပါတဲ့ ဘယ်ပြဋ္ဌာန်းချက်တွေက ကိုယ့်ရဲ့မွေးရာပါ အခွင့်အရေးတွေ ကို ကန့်သတ်နေတယ်၊ ချိုးဖောက်နေတယ်လို့ ပြည်သူတွေက သိသိသာသာ မဖော်ထုတ် ကြသရွေ့ ဘယ်သူကမှ ပြင်ဆင်ဖို့ အားထုတ်ကြမှာ မဟုတ်ပါဘူး။ ပြည်သူ့အခြေခံဥပဒေလို့ တင်စားခဲ့ကြတဲ့ ထိုင်းနိုင်ငံရဲ့(၁၉၉၇)အခြေခံဥပဒေတောင် ထိုင်းပြည်သူတွေရဲ့ အား ကောင်းတဲ့ လူထုလှုပ်ရှားမှုတွေကြောင့်သာ ပေါ်ပေါက်လာတာပါ။ လက်ရှိ အခြေခံဥပဒေ ကြောင့် အနေအစားချောင်နေတဲ့ နိုင်ငံရေးသမားတွေ၊ အကျိုးဖြစ်ထွန်းနေတဲ့ စီးပွားရေး လက်ဝါးကြီးအုပ်လူစုတွေနဲ့ ရေပေါ်ဆီလူတန်းစားတွေက ပြည်သူတွေရဲ့ ဆန္ဒသဘောထား တွေကို ထင်ဟပ်စေတဲ့ အခြေခံဥပဒေအဖြစ်ရေးဆွဲဖို့ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကိုမှ အလွယ်တကူ လက်ခံကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နဲ့ အ တည်ပြုတဲ့ဖြစ်စဉ်တွေမှာ ပြည်သူတွေအနေနဲ့ အသိစိတ်ရှိရှိ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့ လို အပ်ပါတယ်။

(ဃ) အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍ
ပြည်သူတွေကို အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေ၊ တိုင်းရင်းသား ဘာသာစကားကို သုံးပြီး အခြေခံဥပဒေကို ရှင်းလင်းပြောဆိုတာတွေ၊ ပြည်သူလူထုဆီကနေ အကြံညဏ်နဲ့ သဘောထားတွေကို ရယူပြီး ဥပဒေရေးဆွဲရေးအဖွဲ့ကို တင်ပြတာတွေ၊ ရေးဆွဲ မှုဖြစ်စဉ်ကို စောင့်ကြည့်တာတွေနဲ့ အခြေခံဥပဒေနဲ့ဆိုင်တဲ့ လူထုလှုပ်ရှားမှုတွေ၊ ဆန္ဒဖော် ထုတ်ပွဲတွေကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေအနေနဲ့ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ဆောင်ရွက်ရာတွင် ထည့်သွင်းရမည့် အခြေခံမူများ

(က) ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိင်မှု
နိုင်ငံတစ်နိုင်ငံကို ဘယ်လိုဖွဲ့စည်း တည်ထောင်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီးဆုံး ဖြတ်ကြတဲ့ နေရာမှာ နိုင်ငံရေးအရ အရေးပါတဲ့သူတွေက အဓိကနေရာကနေ ပါဝင်ခဲ့ကြပါ တယ်။ ဒါပေမယ့် ရေးဆွဲပြုပြင်ပြီးတဲ့ အခြေခံဥပဒေကို လူထုလက်ခံမှု အများဆုံးရဖို့နဲ့ ရေးဆွဲ ပြုပြင်ပြီးတဲ့ အခြေခံဥပဒေကြောင့် ပြိုင်ဘက် နိုင်ငံရေးအင်အားစုတွေကြား မသင့်မြတ်မှုတွေ ဖြစ်ပေါ်လာမှာကို ရှောင်ရှားနိုင်ဖို့အတွက် လူထုတွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်မယ့် ဖြစ် စဉ်တစ်ခု ဖန်တီးရမယ်ဆိုတာကို စတင်ပြီးလက်ခံလာကြပါတယ်။
လူထုက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်တယ်ဆိုတာဟာ အခြေခံဥပဒေရေး ဆွဲကြမယ့် ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ကြတာ၊ လူထုဆန္ဒခံယူပွဲတွေမှာ မဲပေးကြ တာတွေထက် အများကြီး ကျယ်ဝန်းပြီးလေးနက်ပါတယ်။ ပြည်သူလူထုရဲ့ပါဝင်မှုကို ပိုမိုစစ် မှန်ပြီး အဓိပ္ပါယ်ရှိအောင်လုပ်တဲ့နေရာမှာ နိင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့တာဝန်တွေကို အသိပညာပေးမှုတွေ၊ သတင်းမီဒီယာမှတဆင့်အသိပညာပေးမှုတွေ၊ လူထုကို အသိပေးတိုင် ပင်တာတွေ၊ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအဆင့် တွေ့ဆုံဆွေးနွေးမှုတွေနဲ့ လူထုလှုပ်ရှားမှု နည်းလမ်းတွေ ပါဝင်ပါတယ်။ လူထု သဘောထားတောင်းခံပွဲတွေနဲ့ အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပြည်သူလူထုအနေနဲ့ လွတ်လွတ်လပ်လပ် တင်ပြဆွေးနွေးနိင်အောင် ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုက ရေးသားပေးပို့လာတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အကြံညဏ်တွေကိုလည်း ရယူဖို့လိုအပ်ပါတယ်။
အခြေခံဥပဒေ ပြုပြင်ပြောင်းရေးဖြစ်စဉ်ကို လူထုက နားလည်သဘောပေါက်နေ တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ရပ်ဆိုင်းသွားရင်တောင် မှ ဖြစ်စဉ်ကို ပြန်လည်စတင်ဖို့အတွက် အခက်အခဲမရှိနိင်ပါဘူး။

(ခ) အားလုံးပါဝင်နိုင်မှုနဲ့ ကိုယ်စားပြုနိုင်မှု
အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ကြတဲ့နေရာမှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်ဖို့လိုပါတယ်။ ငွေကြေးချို့တဲ့တယ့် ဆင်းရဲသားတွေ၊ တိုင်းရင်းသားလူနည်းစုတွေ၊ လူငယ်လူရွယ်တွေ၊ အမျိုးသမီးတွေနဲ့ မသန်စွမ်းတွေကိုလည်း ဘေးဖယ်မထားဘဲ ပါဝင်ပြီးဆောင်ရွက်နိုင်အောင်လို့ ကြိုးပမ်းကြရပါမယ်။ အဲဒီလို ပါဝင် ပတ်သက်သင့်သူ အားလုံးကို ပါဝင်စေခြင်းအားဖြင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဖြစ် စဉ်ကို ဖျက်လိုဖျက်ဆီးပြုတာတွေကို ရှောင်ရှားနိင်ပါတယ်။ တစ်ချို့နိုင်ငံတွေရဲ့အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတွေမှာ အမျိုးသမီးအနည်းဆုံး(၂၅)ရာခိုင်နှုန်း ပါဝင်နိုင်အောင် ဆောင်ရွက်ထားရှိ ကြပါတယ်။ အမျိုးသမီးတွေနဲ့ လူနည်းစုတွေကို အခြေခံဥပဒေ ရေးဆွဲနေ ချိန်တွင် သာမက ရေးဆွဲမှုဖြစ်စဉ်ရဲ့ အစမှအဆုံး အဆင့်တိုင်းမှာ အပြည့်အ၀ ပါဝင်ဆောင် ရွက်နိင်အောင် စီစဉ်ထားဖို့ လိုအပ်ပါတယ်။ ဖြစ်စဉ်အစမှအဆုံးဆိုတာ အခြေခံမူတွေကို ချ မှတ်တာကစပြီး အခြေခံဥပဒေဆိုင်ရာပညာပေးမှုတွေ၊ လူထုထံကနေ အကြံဥာဏ်ရယူတာ တွေ၊ အခြေခံဥပဒေရေးဆွဲနေတဲ့သူတွေကို စောင့်ကြည့်တာတွေနဲ့ အကြံပေးတာတွေအထိ ပါဝင်ပါတယ်။

(ဂ) ပွင့်လင်းမြင်သာမှု
၁၉၇၀ပြည့်နှစ်တွေအထိ အခြေခံဥပဒေတွေကို ထိပ်ပိုင်းကနိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေနဲ့ ဥပဒေပညာရှင်တွေကပဲ တံခါးပိတ်ဆွေးနွေးပွဲတွေကို ကျင်းပပြီးရေး ဆွဲခဲ့ကြပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ဖြစ်စဉ်က ဥပဒေရေးဆွဲမှုကို ဘယ်လိုဆောင်ရွက် နေတယ်၊ ရေးဆွဲကြမယ့်သူတွေကို ဘယ်လို ရွေးချယ်ကြသလဲ၊ ဘယ်လို တာဝန်ပေးသလဲ၊ ဘယ်လို ဆွေးနွေးကြသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ၊ သတင်းမီဒီယာတွေနဲ့ အရပ် ဘက် လူမှုအဖွဲ့အစည်းတွေကို ပိုမိုသိရှိနားလည်စေပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ ဖြစ်စဉ် မှာ သင့်တော်တဲ့ အချိန်ရောက်ရင် ရေးဆွဲမှုဖြစ်စဉ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို အသိပေးတာတွေလည်း ပါဝင်ပါတယ်။

(ဃ) တမျိုးသားလုံးရဲ့ပိုင်ဆိုင်မှု
စစ်မှန်ပြီး တာရှည်ခံတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်ဆိုရင် နိင်ငံ ရေးပဋိပက္ခတွေကို ဖြေရှင်းမယ့်အဖြေဟာ ပြည်တွင်းကနေပဲ ထွက်ပေါ်လာသင့်ပါတယ်။ အ ကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်ကနေ ထွက်ခွါသွားခဲ့ရတဲ့ နိင်ငံရေးအင်အားစုတွေ၊ အတွေ့အကြုံရင့်ကျက်တဲ့ ပညာတတ်တွေက ပြည်တွင်းကသူတွေကို အခြေခံဥပဒေရေးဆွဲ ရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနိင်ဖို့အတွက် အခြေအနေတစ်ခုကို ဖန်တီး ထားပေးဖို့ လိုအပ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကို ပါဝင်လာအောင်လို့ လုပ်ဆောင်ခြင်း ဖြင့် အခြေခံဥပဒေကို တစ်မျိုးသားလုံးရဲ့ ပိုင်ဆိုင်မှုအဖြစ် ဖန်တီးပေးနိုင်ပါတယ်။ ဒါမှသာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေက ရေးဆွဲပြီးတဲ့ အခြေခံဥပဒေကို တန်ဖိုးထားလေးစားကြ မှာ ဖြစ်ပါတယ်။
အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြောင့် ရရှိလာမယ့် အတူတကွ အလုပ်လုပ် ကိုင်နိုင်တဲ့ အခွင့်အရေးတွေကို အမိအရဆုပ်ကိုင်ပြီး ပြည်သူတစ်ရပ်လုံးရဲ့ ပါဝင်ဆောင်ရွက် မှု၊ ပြည်သူ့နီတိပညာပေးခြင်း၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ မတူ ညီတဲ့ လူ့အဖွဲ့အစည်းတွေကြားက ပဋိပက္ခတွေကို ဖြေရှင်းခြင်း၊ အခြေခံဥပဒေနဲ့ ပတ်သက် တဲ့ ကိစ္စတွေကို ပြည်သူတွေနဲ့ တိုင်ပင်တာတွေ၊ နိင်ငံရေးအရ အဓိကကျတဲ့ အုပ်စုတွေကြား ယုံကြည်မှုတည်ဆောက်တာတွေကတဆင့် တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ရေးရာကိစ္စတွေ ကို ဖြေရှင်းဆောင်ရွက်နိုင်ပါတယ်။ အခြေခံဥပဒေပြုပြောင်းလဲရေးဖြစ်စဉ်မှာ ပါဝင် နေကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို ရရှိဖို့ ကြိုးစားကြတာ ထက် ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အပေါ်မှာသာ အာရုံစိုက်ပြီး အတူပူးပေါင်းဆောင်ရွက်ကြ ရာကနေ ရရှိလာမယ့် ယုံကြည်မှုတွေနဲ့ အပြန်အလှန်လေးစားမှုတွေကို ပိုပြီးနားလည်တန် ဖိုးထားဖို့ လိုအပ်ပါတယ်။

လေးစားစွာဖြင့်

အယ်ဒီတာအဖွဲ့ Knowledge Exchange Movement (KEM-Burma)

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s