“သင်္ကန်းဖြူစာတမ်း (၂)”
^^^^^^^^^^^^^
^^^^^^^^^^^^^
(ဒီစာတမ်းလေးကို 19.6.2007 မှာစရေးပြီး 25.6.2007 မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။
ထောင်ထဲမှာပိတ်ဖြူဝတ်ဘဝနှင့်ရေးခဲ့ရတာမို့ သင်္ကန်းဖြူစာတမ်းလို့ အမည်ပေးထားတာပါ။ စရေးတုန်းက ထောင်မှလွတ်ရင် ကိုယ်တိုင်ဆင်နွှဲဖို့ ရည်ရွယ်ထားတဲ့ သဘောလောက်သာဖြစ်ပြီး ပြည်သူလူထုကို ချပြဖို့ မရည်ရွယ်ခဲ့ပါဘူး။
ဒီစာတမ်းကို နိုင်/ကျဉ်းတွေ ဖတ်ကြည့်မိတဲ့အခါ အသက်နှင့်လဲ စောင့်ရှောက်နေမယ့် စာမူဆိုပြီး ပိတ်ဖြူပေါ် ပြန်ကူးရေးပြီး-အပြင်ခိုးထုတ်ပေးပါတယ်။ ထိုမှတစ်ဆင့် မဲဆောက်ရောက်သွားပါတယ်။ ဘယ်သူတွေက ဘယ်လိုအသုံးပြုတယ် (လုပ်စားတယ်) ဆိုတာတော့ ခုထိမသိရပါဘူး။
ဒါပေမဲ့ ဒီစာတမ်းလေးဟာ ရွှေဝါရောင်တော်လှန်ရေး အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုခဲ့ကြောင်းကိုတော့ ဆက်လက်ရှုစားက သိသာနိုင်ပါတယ်။
ရွှေဝါရောင် အထိမ်းအမှတ်အဖြစ် ဆက်လက်တင်ပြသွားပါ့မယ်။)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သာသနာဖျက် န.အ.ဖ.။ ။ န.အ.ဖ အစိုးရသည် လူထုအပေါ် သြဇာညောင်းသော သံဃာတော် များကိုလည်း ပစ်မှတ်ထား၍ ဖျက်ဆီးခဲ့၏။ ပထမပြန်စာမေးပွဲများကို နှစ်စဉ်မေးခွန်းပေါက်ကြားအောင် လုပ်ခြင်း၊ ဗဟိုစစ်အဆင့်မှ တိုင်းစစ်အဆင့်သို့ လျှော့ချပစ်ခြင်း၊ ဓမ္မာစရိယစာဖြေဌာနများကို ခရိုင်အဆင့်များသို့ ပြောင်းရွှေ့၍ လူစုခွဲပစ်လိုက်ခြင်းဖြင့် ရဟန်းပျို စာသင်သံဃာများ ပညာရည်နိမ့်အောင် ဖျက်ဆီးခဲ့သည်။
ဆရာတော် သမားတော်ကြီးများကိုလည်း ဘွဲ့တံဆိပ်များဖြင့် ဖျက်ဆီးခြင်း၊ TV၊ Video၊ မော်တော်ကား၊ ပါမစ်၊ တယ်လီဖုန်း၊ ကျောင်းစသည့် ပစ္စည်းလာဘ်လာဘများ အခွင့်အရေးများဖြင့် အကျင့်ပျက်အောင် ဖျက်ဆီးပစ်ခဲ့၏။
ထို့သို့မျှ မပျက်ဆီးသေး၊ မငြိမ်သေးသော ဆရာတော် သံဃာတော်များကို သင်္ကန်းချွတ်၊ လူဝတ်လဲ၊ ညှဉ်းပန်းနှိပ်စက်ပြီး ထောင်သွင်းအကျဉ်းချ၏။
ခေတ်အဆက်ဆက် အစိုးရများအနက် န-အ-ဖ အစိုးရသည် ရဟန်းသံဃာများကို ထောင်ချရာ၌ သရဖူဆောင်းသော အစိုးရဖြစ်၏။ န-အ-ဖ အစိုးရလက်ထက်၌ အဖမ်းခံရသော ဘုန်းကြီး၊ စစ်သား၊ နိုင်ငံရေးသမားများသည် မဆလ လက်ထက်ထက် အဆရာထောင်ချီ၍ များပြား၏။ ဘုန်းကြီးများကို ဖမ်းရာ၌ လက်ရဲသော၊ စစ်သားများကို ဖမ်းရာ၌ ရက်ရောသော၊ နိုင်ငံရေးသမားများကို ဖမ်းရာ၌ အတိုင်းအဆမရှိသော သာသနာဖျက်အစိုးရဖြစ်၏။ ဇာတ်တူသားစားသည့် ဘီးလူးအစိုးရဖြစ်၏။ ပြည့်မျက်လုံး၊ ပြည်လက်ရုံး၊ ပြည်နှလုံးကို ဖျက်ဆီးနေသော ပရမ်းပတာအစိုးရဖြစ်၏။
ထို့အပြင် တုတ်ဓားလက်နက်ဟူ၍ တစ်ခုမျှ မကိုင်သော သပိတ်ပိုက် ကလောင်ကိုင် သံဃာတော်များ ကို ပစ်ခတ်သတ်ဖြတ်ရာ၌ သွေးယဉ်နေသော အစိုးရဖြစ်၏။
နှစ်ဖက်ချွန်ဝါဒီ န.အ.ဖ။ ။ ပြည်တွင်ပြည်ပကို ဆက်ဆံရာ၌ န.အ.ဖသည် နှစ်ဖက်ချွန်ဝါဒကို ကျင့်သုံး ၏။ နိုင်ငံတကာဆက်ဆံရေး၌ မာယာဖြင့် လှည့်စား၍ အနိုင်ယူ၏။ NLD နှင့် အန်တုသူများအပေါ်၌ ရက်စက်ကြမ်းကြုတ်သည့် ဗျူဟာကို ကျင့်သုံး၏။ သူ့ထက်ကြမ်းသူနှင့်တွေ့လျှင်နုပြီး သူ့အောက်နုသူများ အပေါ်၌ ကြမ်း၏။ ကျားကိုမမာယာသုံး၍ မကိုကျားလို ရဲရင့်ပြတတ်၏။ ထို့ကြောင့် ကမ္ဘာနှင့်ဆက်ဆံရာ၌ ဘိန်း ကင်းစင်အောင် လုပ်ဆောင်ပြ၏။ ၁၇-ဖွဲ့ကိုလက်ညှိုးထိုးပြ၏။ ညီလာခံကြီးကို လက်ညှိုးထိုးပြ၏။
သတင်းစာရှင်းလင်းပွဲတွေမှာ လိမ်ညာထုတ်ပြန်၏။ သံချောင်းကိစ္စလိမ်သည်။ တပ်မဟာ(၇) ကိစ္စလိမ် သည်။ သက်ဝင်းအောင်ကိစ္စလိမ်သည်။ AAPP ကိစ္စ အကျဉ်းသားတွေကို ရေဒီယို နားထောင်ခွင့်ပေးထား ကြောင်း၊ TV တွေ တပ်ဆင်ပေးထားကြောင်း၊ ရေလောင်းအိမ်သာ လုပ်ပေးထားကြောင်း၊ သောက်ရေသန့်စက်ရုံ တည်ပေးထားကြောင်း၊ ကိုလိုနီခေတ်ကလို အကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှု မရှိကြောင်း၊ လိမ်ညာ၏။ လက်ရှိ အုပ်ချုပ်နေသော စစ်ဘက်အရာရှိများကို ဖြုတ်ကာ အောက်ခြေအဆင့်မှစတင်၍ အရပ်ဘက်အစိုးရ ဖြစ်အောင် စတင်ပြုပြင်ပြောင်းလဲနေပါပြီဟု နိုင်ငံတကာကို လိမ်ညာပြီး စစ်ဘက်အရှာရှိ (၁၅၀၀) ကို ဘောင်းဘီချွတ် အရပ်ဝတ်လဲကာ တစ်ဘက်လှည့်ဖြင့် မယက ခယက နေရာ၌ ခန့်ထားလိုက်၏။ ဤသည်မှာ လက်နက်ကိုင် ယောကျာ်းသားကြီးများဖြစ်လျက် နိုင်ငံတကာနှင့် ဆက်ဆံရာ၌ မိန်းမပျက်တစ်ယောက်လို မာယာသုံး ဖြေရှင်းနည်းများဖြစ်၏။ အနုဝါဒကျင့်သုံးပုံဖြစ်၏။
ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်) အရေးအခင်း၌ တိပိဋကဆရာတော်ကြီးကိုတောင် မချန်ဘဲ သင်္ကန်းချွတ် ထောင်ချ၏။ သံဃာငယ်တွေကို ရဲဘက်ပို့ပြီး အလုပ်ကြမ်းခိုင်း၍ သတ်၏။ သံဃာအများအပြားသေ၏။ ကျောင်းတိုက်တွေကို သူပုန်စခန်းတစ်ခုလို ဝင်စီး၏။ TV မှာ သံဃာထုကို အရှက်ခွဲ၏။ လူထုအကြည်ညို ပျက်အောင်လုပ်၏။ ဒီပဲယင်းအရေးမှာ စစ်တပ်က သင်္ကန်ဝတ်၍ သံဃာယောင်ဆောင်ပြီး ဝင်ရိုက်၏။ အကြမ်းဖက်လုပ်ကြံ၏။ ဝီရသူ-အရေးခင်းမှာ ငြိမ်းချမ်းစွာ တောင်းဆိုသော သံဃာထုကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်၏။ စစ်အုပ်ချုပ်ရေးသည် ကြမ်း၏။ စစ်အုပ်ချုပ်ရေးသည် ရိုင်း၏။ စစ်တပ်မှာ ဘာသာတရားမရှိ၊ သူတို့ကိုးကွယ်သော ကျောက်တော်ကြီးဘုရားက နိုင်ငံရေးတရားဟောလျှင်လည်း ထိုဘုရားကို မြစ်ထဲပစ်ချမည့် အစိုးရဖြစ်၏။ ဤသည်မှာ လူထု သံဃာထုကို ဆက်ဆံရာ၌ လက်ညှိုးကွေးခြင်း၊ အမိန့်ပေးခြင်း၊ လက်ထိပ်ခတ်ခြင်း၊ ဗျူဟာကို သုံးလေ့ရှိသော သူရဲကောင်းကြီးများ၏ ရက်စက်ကြမ်းကြုတ်ပုံဖြစ်၏။ အကြမ်းဝါဒကျင့်သုံးပုံဖြစ်၏။ ထို့ကြောင် န.အ.ဖ အစိုးရကို နှစ်ဖက်ချွန်ဝါဒီ (နှစ်ဖက်ချွန်ဝါဒကို ကျင့်သုံးသူ) ဟု ဆိုရခြင်းဖြစ်၏။
ဗျူဟာငါးမျိုးအစိုးရသူ။ ။ နိုင်ငံတကာနှင့်ဆက်ဆံရာ၌ နအဖသည် ဗျူဟာငါးမျိုးကို အသုံးချလျက် ရှိသည်ကို တွေ့ရ၏။ ထိုဗျူဟာငါးမျိုးမှာ လှည့်စားမည်၊ လိမ်ညာမည်၊ ပြောင်ငြင်းမည်၊ တိုက်ပေး (လွှဲချ) မည်၊ ရေငုံနှုတ်ပိတ်နေမည် တို့ဖြစ်ကြ၏။
ထောက်လှန်းရေးအဖွဲ့ဖျက်သိမ်းလိုက်၍ ထောက်လှန်းရေးဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား များကို မဖြစ်မနေ လွှတ်ပေးရမည့် အခါမျိုး၌ “နိုင်ငံရေးအကျဉ်းသားများကို ထောင်မှ လွှတ်ပေး” ကြေညာ၍ ခိုးနှိုက်လုလေးများကို ၅ (ည) ခေါင်းတွဲတပ်၍ လွှတ်ပေးလိုက်၏။ အကြောင်းမသိရှာသော ကိုဖိအာနန်ကပင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရှာ၏။ နောက်မှ လှည့်စားခံရမှန်းသိသွားသည့်အခါ “မြန်မာအစိုးရလုပ်တာ ကျွန်တော်တော့ နားမလည်နိုင်တော့ဘူး” ဟု ညဉ်းညူရှာ၏။ ဤကား လှည့်စားခြင်းဖြစ်၏။
ထောင်ထဲမှာ အကျဉ်းသားများကို ရေဒီယိုနားထောင်ခွင့်ပေးထားကြောင်း လိမ်ညာ၏။ ကလေးစစ်သား မရှိကြောင်း လိမ်ညာ၏။ အဓမ္မစစ်သားစုဆောင်းခြင်း မရှိကြောင်း လိမ်ညာ၏။ စစ်တပ်က တိုင်းရင်းသူများကို မုဒိမ်းကျင့်သည်မှာ မဟုတ်ကြောင်း လိမ်ညာ၏။ ဤကား လိမ်ညာခြင်းဖြစ်၏။
နိုင်ငံတကာက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ တောင်းဆိုသည့်အခါ “မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားများမရှိ၊ ပါတီဝင်ရာဇဝတ်သားများသာရှိသည်” ဟု ပြောင်ငြင်း၏။ ဤကား ပြောင်ငြင်းခြင်း ဖြစ်၏။
CSW က လူ့အခွင့်အရေးကောင်စီသို့တင်သည့်အခါ ဘာသာကြီးလေးခုကို တစ်ခုနှင့်တစ်ခု တိုက်ပေး ၏။ ဘာသာကြီးလေးခုအပေါ် လွှဲချသောအားဖြင့် ငြင်းဆိုခိုင်း၏။ မူဆလင်ဘာသာဝင်များအပေါ် ဖိနှိပ်ချုပ်ချယ်မှု မရှိကြောင်းကို ခရစ်ယာန်ဘက်က ငြင်းဆိုရ၏။ ခရစ်ယာန်တို့အပေါ် ဖိနှိပ်ချုပ်ချယ်မှုမရှိကြောင်းကို ဗုဒ္ဓဘာသာက ငြင်းဆိုရ၏။ ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို ဖမ်းဆီးထောင်ချမှု မရှိကြောင်းကို ဟိန္ဒူဘာသာက ငြင်းဆိုရ၏။ ဖိနှိပ်ချုပ်ချယ်ခံရသည့် ကာယကံရှင် ဘာသာဝင်ဘက်က ငြင်းဆိုရမည်ဖြစ်ပါလျက် မသက်ဆိုင်သည့် တခြားဘာသာဝင်များက ငြင်းဆိုနေရသည်မှာ နအဖ၏ ဘာသာတစ်ခုနှင့် တစ်ခုအပေါ် တိုက်ပေးသည့် ဗျူဟာ လွှဲချသည့် ဗျူဟာဖြစ်၏။
ဒီပဲယင်းအရေးအခင်း၌ စစ်တပ်က ဘုန်းကြီးယောင်ဆောင်ကာ NLD အပေါ် အကြမ်းဖက် လုပ်ကြံခြင်း ဖြစ်၏။ ကမ္ဘာ့မီဒီယာများက ဝိုင်းအော်သောအခါ ငြင်းလည်းမငြင်းဆို ဝန်လည်းဝန်မခံဘဲ ရေငုံနှုတ်ပိတ်နေ၏။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကပဲ လုပ်ကြံသလိုလို၊ နယ်ခံပြည်သူလူထုကပဲ ဆန့်ကျင်သလိုလို ဖြစ်အောင် သတင်းမထုတ် ပြန်ဘဲနေ၏။
ထို့ကြောင့် နအဖအစိုးရကို ဗျူဟာငါးမျိုး အစိုးရသူဟု ဆိုရခြင်းဖြစ်၏။ ဗျူဟာငါးမျိုးဆိုသော်လည်း ယောကျာ်းကောင်း ယောကျာ်းမြတ် မင်းကောင်းမင်းမြတ်တို့သုံးစွဲသော ဗျူဟာမျိုးမဟုတ်၊ သတ္တိမဲ့သော၊ သတ္တိကြောင်သော၊ ယောကျာ်းမဆန်သော၊ မိန်းမပေါ့ဆန်သော မိန်းမလျှာဗျူဟာမျိုး ဖြစ်၏။ လူလိမ်၊ လူကောက်၊ လူယုတ်၊ လူစုတ်၊ လူညစ်၊ လူကျယ်တို့ ကျင့်သုံးသော ဗျူဟာမျိုးဖြစ်၏။
မီးစင်ကြည့်ကနေသောဇာတ်။ ။ နအဖ၏ ဒီမိုကရေစီ ဇာတ်ပွဲကြီးသည် မီစင်ကြည့်ကနေရသော ဇာတ်ပွဲကြီးဖြစ်၏။ Road Map (ရုဒ်မပ်) ခုနစ်ချက်ကြေညာရာ၌ ကာလသတ်မှတ်ချက် လုံးဝမပါခဲ့။ သူတို့ အာဏာထိပါးနိုင်သည့် ကိစ္စမျိုး၌ အတိအကျ သတ်မှတ်ကြေညာသလောက် ပြည်သူ့အတွက် ကြေညာချက် ထုတ်ရာ၌ လက်နက်ကိုင်စစ်သားများပီပီ မည်သည့်အခါမျှ တိကျပြတ်သားသော ကြေညာချက်မျိုးမထုတ်ပြန် ကြ။ ဥပမာ အမေရိကန်က ဘိန်းဖြူကိုအကြောင်းပြ၍ လုံခြုံရေးကောင်စီသို့ တင်သွင်း၏။ နအဖက ၂၀၁၀ ခုနှစ်၌ ဘိန်းကင်းစင်နယ်မြေဖြစ်အောင် စီမံကိန်းရေးဆွဲထားပြီး စီမံချက်များဖြင့် အကောင်အထည်ဖော်နေ ကြောင်း တုန့်ပြန်တင်ပြ၏။ ပြည်သူတွေလိုလားသည့် ဒီမိုကရေစီအရေးကျတော့ R-7 ဟု ထုတ်ပြန်ခဲ့သော် လည်း ညီလာခံကို ဘယ်နှစ်နှစ်အတွင်း ပြီးအောင်ကျင်းပမည်။ ဥပဒေကို ဘယ်ကာလအတွင်း ပြီးအောင် ရေးဆွဲမည်။ ရွေးကောက်ပွဲကို ဘယ်ခုနှစ်အတွင်း ပြီးအောင်ကျင်းပမည်ဟု ထုတ်ပြန်ခြင်းမျိုး လုံးဝမရှိ။ အိမ်နီးချင်း ထိုင်းနိုင်ငံပင် အာဏာသိမ်းသည်မှာ နှိစ်ကြိမ်နှစ်ခါရှိပြီ၊ နှစ်ကြိမ်စလုံးမှာပင် တိကျပြတ်သားသော ကြေညာချက်များထုတ်ပြန်၍ ပြည်သူတို့လိုလားသော ဒီမိုကရေစီ ဖော်ဆောင်ပေးခဲ့သည်ချည်းဖြစ်၏။ သူတော်ကောင်း စစ်ဗိုလ်ချုပ်ကြီးများတည်း။
ညီလာခံကြီးကိုလည်း အခက်အခဲရှိတိုင်း နိုင်ငံရေးလှည့်ကွက်တစ်ခုအဖြစ် အသုံးချ ကျင်းပနေသည်ကို တွေ့ရ၏။ အကယ်၍ နိုင်ငံတကာ ဖိအားမရှိခဲ့လျှင် နှစ်တစ်ရာပြည့်သော်လည်း ဖော်ဆောင်ဦးမည်မဟုတ်။ ညီလာခံဟုဆိုသော်လည်း ညီလာခံအင်္ဂါရပ်နှင့်မညီ၊ မပြီးနိုင်သော တစ်ထောင့်တစ်ည ပုံပြောပွဲကြီးဖြစ်၏။ တစ်ထောင့်တစ်ည စာတမ်းဖတ်ပွဲကြီးဖြစ်၏။
ညီလာခံတွင် အစုအဖွဲ့အလိုက်ဖတ်ပြ၊ ဆွေးနွေးပြ၊ စုံညီမှာကိုယ်စီတင်ပြနေကြသော်လည်း အခြေခံ ဥပဒေကို ညီလာခံမကျင်းပမီကပင် နအဖ အကြီးအကဲကြီး စိတ်ကြိုက် အရပ်ဘက်ပြောင်းသွားသော ဗိုလ်မှူးကြီးသိန်းစိန်က စိတ်တိုင်းကျရေးဆွဲပြီးသားဖြစ်၏။ ကိုယ်စားလှယ်များက မသွားခင် ဝန်ခံကတိလက်မှတ်ထိုးပြီးမှ သွားရ၏။ ပြီးလျှင် ခေါင်းညိတ်ပြီးမှ ပြန်လာရ၏။ ဘာမျှလုပ်ပိုင်ခွင့်မရှိ။ ပြည်သူ့ငွေတွေထိုင်ဖြုန်းနေသည့် ညီလာခံ၊ တိုင်းပြည်ကို ချောက်ထဲပစ်ချမည့် ညီလာခံကြီးဖြစ်၏။
မီးစင်ကြည့်က နေရသော နအဖ၏ ဒီမိုကရေစီ ဇာတ်ပွဲသည် မိုးလင်းသည့်အခါ၊ မီးပျက်သည့်အခါမျိုး၌ အဘယ်သို့အဆုံးသတ်မည်ကို ကျနုပ်တို့ စောင့်ကြည့်ရှုစားရမည်ဖြစ်ပါ၏။
စီးပွားဖြစ်ငြိမ်းချမ်းရေး။ ။ နအဖ အစိုးရသည် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့ကို လက်ညှိုးထိုးပြ၍ နားမခံသာလောက်အောင် ကြွားဝါနေ၏။ စင်စစ် ထိုအဖွဲ့အစည်းများသည် နိုင်ငံရေးနှင့် ပတ်သက်၍ ခိုင်မာမြင့်မားသော ခံယူချက် ယုံကြည်ချက်တို့ဖြင့် တော်လှန်ရေးဆင်နွှဲနေသော အဖွဲ့အစည်းများ မဟုတ်ကြ၊ တော်လှန်ရေးကို အရောင်ပြကာ ဘိန်းစိုက် စီးပွားရှာနေသည့် လက်နက်ကိုင် ဘိန်းစားများ စီးပွားရေးသမားများ ဖြစ်ကြ၏။ ၄င်းတို့သဘောတူထားသော အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတို့သည်လည်း ထာဝရအပစ်အခတ်ရပ်ဆဲရေးမဟုတ်၊ တဒင်္ဂအပစ်အခတ်ရပ်စဲရေးသာဖြစ်၏။ ထာဝရငြိမ်းချမ်းရေးမဟုတ် ယာယီငြိမ်းချမ်းရေးသာဖြစ်၏။ အရောင်းအဝယ် တစ်ခု၊ အပေအယူတစ်ခု (သို့မဟုတ်) လျှော့ဈေးနှင့် အခွင့်အရေးပေးကမ်းလှမ်းထားသော လက်နက်ကိုင်စီးပွား ရှာနေသည့် အဖွဲ့များသာဖြစ်၏။ သည်ထက်အခွင့်အရေး ပေးသူရှိလျှင် ဒီနေရာကို စွန့်ခွာသွားမည့်သူများ ဖြစ်၏။ အမှန်တကယ် ယုံကြည်ထိုက်သည့် ငြိမ်းချမ်းရေးအဖွဲ့များ မဟုတ်ကြ။
၎င်းတို့ထဲမှ တစ်ချို့ဆိုလျှင် အပစ်အခတ်ရပ်စဲမှုကိုပင် အလင်းဝင်သည်ဟု သုံးနှုံးထားသည်ကို တွေ့ရ၏။ အလင်းဝင်သည်ဟု ကြေညာသေးသည်။ လက်နက်တွေ တပ်ဆင်ပေးထားသည်ကိုလည်း တွေ့ရသည်။ သတင်းထောက်တွေကိုတော့ လုံးခြုံရေးအရ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ တပ်ဆင်ပေးထား သည်ဟု လိမ်ညာ၏။ အပစ်အခတ်ရပ်စဲသည်ကို အလင်းဝင်သည်ဟု လိမ်ညာပြီး ကမ္ဘာကို လှည့်စားသည့် နိုင်ငံရေး လှည့်ကွက်တစ်ခုသာဖြစ်၏။ လုံခြုံရေးအရဆိုသည့် စကားသည်လည်း ပညာရှိတို့ လက်ခံနိုင်သော ယုတ္တိရှိသည့် ဆင်ခြေမဟုတ်၊ လက်နက်ကိုင် စစ်အစိုးရကြီးတစ်ခုလုံး၏ အရိပ်အာဝါသအောက်မှာ ခိုလှုံလာသည့် မိသားစုကို လက်နက်ကိုင်စစ်အစိုးရကြီးက လုံခြုံအောင် အကာအကွယ်မပေးနိုင်တော့ ပြီလော…?၊ မစောင့်ရှောက်နိုင်တော့ပြီလော…? စဉ်းစားစရာဖြစ်၏။
အဓမ္မအစိုးရ န.အ.ဖ.။ ။ နအဖ အစိုးရသည် R-7 ကို ကမ္ဘာက အသိအမှတ်မပြု လက်မခံဘဲ ဆက်လုပ်နေ၏။ ကမ္ဘာက ကန့်ကွက်လည်း လက်မခံ၊ UN က စေ့စပ်လည်း လက်မခံ၊ ကမ္ဘာနှင့် UN ကပင် သူ့အလိုလိုက် သူ့နောက်လိုက်၍ သူ့စိတ်ကြိုက် လိုက်ပါဆောင်ရွက်ပေးရမည့်သဘောမျိုး ချိုးနေ၏။ ဦးနှောက်မဲ့ ရန်လိုသော အစိုးရတည်း။ နှစ်ဦးနှစ်ဖက် ဒုက္ခဖြင့် အဆုံးသတ်မည့်လမ်းကို ရွေးချယ်ထား၏။ R – 7သည် စစ်ခေါင်းဆောင်၊ စစ်တပ်၊ တိုင်းပြည်နှင့် လူထုအားလုံး ချောက်ထဲကျမည့် လမ်းဖြစ်၏။ ထိုလမ်းကို ဇွတ်တရွတ် လျှောက်လှမ်းနေ၏။
ကြမ်းခက်ကြီးလမ်း R-7။ ။ နအဖ ရေးဆွဲလျှောက်လှမ်းသော R-7 လမ်းသည် ကြမ်းတမ်းသောလမ်း၊ ခက်ခဲသောလမ်း၊ အန္တရာယ်ကြီးသောလမ်းဖြစ်၏။ စစ်အစိုးရပုံစံသွင်းသော အတုဒီမိုကရေစီ ဖြစ်ပေါ်ရေး အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို နည်းမျိုးစုံဖြင့် ချေမှုန်းနေရ၏။ ပါတီဝင်များကို အကြပ်ကိုင် ဖိအားပေး၍ နှုတ်ထွက်ခိုင်းရ၏။ နှုတ်ထွက်ပါဝင်စာရင်းကို သတင်းစာမှာ နေ့စဉ်ကြေညာ၏။ ခေါင်းတွဲသာကျန်အောင် လူစီးတွဲများကို ဖြုတ်ပစ်နေရ၏။ တွဲမဲ့ရထားကြီးဖြစ်အောင် ဖန်တီးနေရ၏။ ကင်းခြေများ မသွားနိုင်အောင် ခြေတွေ လက်တွေ ရိုက်ချိုးနေရ၏။ သွေးခွဲ၊ သပ်လျှိုနေရ၏။ ပြည်သူနှင့်တိုက်ပေးနေရ၏။ (ယခုအခါ နိုင်ငံရေးအင်အားစုများဟု ဆိုသူများက စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူတွေသာ နစ်နာသည်ဟုဆိုကာ ဆန့်ကျင်ဆိုင်းဘုတ်များဖြင့် ရှုတ်ချလှုပ်ရှားလာကြသည်မှာ NLD နှင့် ပြည်သူကို တိုက်ပေးခြင်းသာဖြစ်၏။ ပါတီဝင်များ စီးပွားပျက်အောင် ဖျက်ရ၏။ စီးပွားမဲ့ ပါတီဝင်များကို အခွင့်အရေး ပေးရ၏။ လာဘ်လာဘဖြင့် စည်းရုံးရ၏။ စည်းရုံးမရသူကို ဖမ်းဆီးရ၏။ နောက်ဆုံးတွင် NLD ပါတီကို လုံးဝ ဖျက်သိမ်းနိုင်အောင် အဓမ္မ အနိုင်ကျင့်ရမည်ဖြစ်၏။ R-7 လမ်းကား ကြမ်းလှပါဘိ။
နအဖ အစိုးရသည် ၄င်းတို့ဖော်ဆောင်နေသော စစ်သွေးလွှမ်း ဒီမိုကရေစီ စစ်သံပေါက်ဒီမိုကရေစီ၊ စစ်ဟန်ရောက်ဒီမိုကရေစီကြီး ဖြစ်မြောက်ဖို့အတွက် အဆင့်ဆင့် လိမ်ညာလှည့်စားရမည်ဖြစ်၏။ ပထမအဆင့် ညောင်နှစ်ပင်မှာ လိမ်ညာရ၏။ ထို့နောက် ဆန္ဒခံယူပွဲမှာ လိမ်ညာရမည်။ ရွေးကောက်ပွဲမှာ လိမ်ညာရမည်။ လွှတ်တော်မှာ လိမ်ညာရမည်။ နောက်ဆုံး အာဏာကိုလက်ဝါးကြီးအုပ်သည့် အဆင့်ထိ လိမ်ညာရမည်ဖြစ်၏။ ခက်ခဲလှသော လမ်းကြီးပါတကား။
ထိုသို့ ကြမ်းတမ်းခက်ခဲသော်လည်း နောက်ဆုံး၌ သုခဖြင့် အဆုံးသတ်လျှင်ကား နအဖအတွက် ဖော်ဆောင်ရကျိုး နပ်ဦးမည်ဖြစ်၏။ ယ္ခုမူ ထိုကဲ့သို့မဟုတ်ချေ။ အကယ်၍ ပြည်သူ့ဆန္ဒမပါဘဲ အာဏာရှင် စိတ်တိုင်းကျ ဖော်ဆောင်သော အာဏာရှင်ဒီမိုကရေစီကြီး ပြီးဆုံးခဲ့ပါက အမေရိကန်နှင့် EU တို့က ဒဏ်ခတ်ထားသော ပိတ်လေးပိတ်တံခါးကြီး ဖွင့်ပေးပါမည်လော…? Mandate ရ ပါတီ NLD မပါသော အစိုးရသစ်ကို UN က လက်ခံအသိအမှတ်ပြုပါမည်လော…? စစ်ခေါင်းဆောင်များ စဉ်းစားသင့်၏။
အမေရိကန်နှင့် EU ကလည်း ပိတ်လေးပိတ်ဖြင့် ဆက်လက်ပိတ်ဆို့နေလျှင်၊ UN ကလည်း အသိအမှတ်မပြု၊ ကမ္ဘာကလည်း လက်မခံလျှင် နအဖ ဖော်ဆောင်သော အစိုးရသစ်သည် ၂၀၀၆ ခုပါလက်စတိုင်း ရွေးကောက်ပွဲ၊ ပါလက်စတိုင်း အစိုးရသစ်ကဲ့သို့ ချောင်ပိတ်မိသွားမည်ဖြစ်၏။ ဟားမားစ် အနိုင်ရသော ပါလက်စတိုင်း အစိုးရသစ်ကြောင့် ဝန်းထမ်းများ ဧပြီ မေ နှစ်လစာ လခမရခဲ့ကြ။ ပြည်သူများ စီးပွားရေးကြပ်တည်းကြ၊ အငတ်ဘေးဆိုက်ကြ၊ ဆေးရုံများမှာ ဆေးဝါးပြတ်ကြဖြင့် တစ်နိုင်ငံလုံး ဒုက္ခရောက်ကြ၏။ နအဖ ဖော်ဆောင်သော အစိုးရသစ် ပေါ်ပေါက်လာလျှင်လည်း မြန်မာပြည်သည် ပါလက်စတိုင်းကဲ့သို့ တဖြည်းဖြည်းဖြင့် ကမ္ဘာမြေကြီး အောက်သို့လည်း ကျွံကျနစ်ဝင်သွားနိုင်၏။ ကမ္ဘာကြီး၏ အပြင်သို့လည်း တစ်ဖြည်းဖြည်းချင်း ပွင့်ထွက်သွားနိုင်၏။ ထို့ကြောင် R-7 လမ်းသည် အန္တရာယ်ကြီးသော လမ်းဖြစ်၏ဟု ဆိုခြင်းဖြစ်ပါ၏။
R-7 ၏ လားရာ့နှင့် မြန်မာပြည်၏ ကံကြမ္မာ။ ။ နအဖ၏ စည်းကမ်းပြည့်ဝသော ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာသောအခါ၌ လက်ကျန်ဝါရင့် တော်လှန်ရေးသမား နိုင်ငံရေး သမားကြီး စောဘိုမြ၏ KNU တပ် ရွက်ဆစ်တို့အဖွဲ့ကို ထည့်မတွက်ဘဲထား၍ ဖြစ်မည်လော…? ဆက်မတိုက်ဘဲ နေမည်လော…?
ပြည်မကြီး၌လည်း ဗိုလ်ချုပ်ထွန်းကြည်တို့အဖွဲ့ကို လျှော့တွက်ကြမည်လော? မြန်မာ၊ အိန္ဒိယနယ်စပ်၌ အာဏာသိမ်းရန်အလို့ငှါ ကသည်းသူပုန်များနှင့် စစ်ရေးလေ့ကျင့်ခဲ့သော ဗိုလ်ချုပ် ခင်ညွန့်၏ ထောက်လှန်းရေးတပ်များကို ဘယ်လိုထိန်းမည်နည်း…? ထိန်းလို့ရနိုင်ပါမည်လော…? 7.5.2005 (မေ ၇ ရက်) တွင် စင်တာသုံးခု၌ တစ်ပြိုင်နက်ဗုံးပေါက်ကွဲမှု လက်သည်သည် ထောက်လှန်းရေးများဖြစ်၏။ ဤသည်ကို နအဖကသိ၏။ သိသော်လည်း “ပြည်သူလည်းမွဲ တပ်လည်းကွဲ” တဘောင်ကို လျစ်လျူရှုသည့် အနေဖြင့်လည်းကောင်း “ဘယ်သူခွဲခွဲ ဒို့မကွဲ” ဆောင်ပုဒ်ကို မထိခိုက်စေလို၍လည်းကောင်း၊ NLD နှင့် ပြည်ပ အတိုက်အခံများကို လွှဲချလို၍လည်းကောင်း လက်သည်မဖော်ဘဲ နေခဲ့ခြင်းဖြစ်၏။ ထိုသို့ လက်သံပြောင်သော ထောက်လှန်းရေးတပ်ဖွဲ့က လက်နက်ကိုင် မတော်လှန်ဘူး ဟု မည်သူ အာမခံချက်ပေးနိုင်မည်နည်း….?။
နအဖ၏ ဒီမိုကရေစီအတုကြီး ပေါ်ပေါက်လာသည့်အခါ၌ အမေရိကန်နှင့် အခြားနိုင်ငံကြီးများလို လက်နက်ရောင်းချသူ ပေါ်ပေါ်တင်တင်မရှိသော်လည်း လက်နက်ခဲယမ်းနှင့်ပတ်သက်၍ အထိုက်အလျောက် ပွင့်လင်းလွတ်လပ်လွယ်ကူလာတော့မည်၊ ထိုအခါ NLD ၏ မျိုးဆက်သစ် လူငယ်များက အကြမ်းမဖက်ဘူးဟု ပြောနိုင်ပါမည်လော….? အကျဉ်းကျသံဃာတော်များ အကျဉ်းကျနိုင်ငံရေးသမားများ၏ တပည့်တပန်းများ၊ မိသားစုကရော နိုင်ငံရေးအန်မတုဘဲနေမည်လော…? ပြည်သူချစ်သော NLD မပါဝင်ဘဲ ဖွဲ့စည်းထားသည့် အစိုးရကို ပြည်သူများက ကြည်ဖြူကြမည်လော…? SNLD လို တိုင်းရင်းသားခေါင်းဆောင်များ၏ မျိုးဆက်သစ် ကို ဘယ်လိုချိုးနှိမ်မည်နည်း…? လွယ်ကူစွာ ချိုးနှိမ်နိုင်ပါမည်လော…?၊ ဖက်ဒရယ်တောင်းဆိုသူများကိုရော ပစ်ပယ်ထားလို့ ရမည်လော…၊ အဝေးရောက်နိုင်ငံရေးသမားများကိုရော ဥပေက္ခာပြု၍ ရမည်လော…?။
ထို့ကြောင့် နအဖ၏ R-7 သည် ပြည်သူများ ဒုဗ္ဘိက္ခန္တရကပ် (အငတ်ဘေး) သို့ ဦးတည်နေ၏။ သတ္ထန္တရကပ် (လက်နက်ဘေး) သို့ ဦးတည်နေ၏။ မြန်မာပြည်၏ ကံကြမ္မာသည် ပြည်တွင်းစစ်သို့ ဦးတည်လျက် ရှိ၏။ နအဖ ဖော်ဆောင်သော ဒီမိုကရေစီက ငတ်မည်၊ သေမည် မြန်မာပြည်၊ ယမ်းငွေ့ဝေစည် မြန်မာပြည်ဟု မြန်မာပြည်၏ အနာဂတ်ကို အတတ်ဟောနေလေတော့၏။

—