ရန်ကုန်၊ စက်တင်ဘာ ၂
လတ်တလော၌ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအလုပ်သမားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူးကိုယ်စားလှယ် အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဆိုပါအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယခုလ ၉ ရက်နေ့ဝန်းကျင်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
သုံးလကြာ စစ်ဆင်ရေးပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီး နှိမ်နင်းရေး အစီအစဉ် Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေးထားသည့် ယင်းစစ်ဆင်ရေးတစ်ရပ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်နေပြီ ဖြစ်ပြီး ၂၄ နာရီအတွင်း တရားမဝင် မြန်မာ လုပ်သား ၅၅၅ ဦး အပါအဝင် နိုင်ငံခြားသား ၂၄၄၃ ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း မလေးရှားအခြေစိုက် The Star သတင်းစာက စက်တင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ကာ မြန်မာနိုင်ငံသား ဟု အမည်ခံထားသူများကိုလည်း သေချာစိစစ်သွားမည် ဖြစ်ပြီး အမှန်တစ်ကယ် မြန်မာနိုင်ငံသား ဖြစ်သူများအရေးကို ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“အဖမ်းခံရတဲ့သူတိုင်းကို မြန်မာလို့ ပြောလိုက်ရင် နိုင်ငံသားအဖြစ် အသိအမှတ် ပြုရာ ရောက်သွားမယ်” ဟု ၄င်းက ဆိုသည်။
မလေးရှားနိုင်ငံတွင် ကွလာလမ်ပူ မြို့တော်၊ ပီနန်း၊ ဂျိုးဟိုး အစရှိနေရာများရှိ တရားမဝင် အလုပ်သမားအများစု ခိုအောင်းရာ နေရာများ၊ စက်ရုံများကို အဓိကထား စစ်ဆေးဖမ်းဆီးနေကြောင်း၊ အဖမ်းအဆီးများပြုလုပ်ရာတွင် မျက်နှာကြက်၊ ကြမ်းပြင် အောက်များတွင် ပုန်းနေသူများကိုပါ ရှာဖွေဖမ်းဆီးကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။
မြန်မာဈေးဆိုင်များရှိသည့် နေရာတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး တရားဝင် အထောက်အထား ရှိသူများကို ချက်ချင်းပြန်လွှတ်ပေးကြောင်း ပီနန်းမြို့တွင် အလုပ် လုပ်ကိုင်သည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။
“ဖမ်းဆီးထားတာတော့ မတွေ့ရသေးဘူး။ စာအုပ်(နိုင်ငံကူးလက်မှတ်) မရှိတဲ့ သူတွေကတော့ မအိပ်နိုင် မစားနိုင် ဖြစ်နေကြတယ်” ဟု စလန်ဂေါပြည်နယ် ဓမာဆာရာမြို့တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။
ယခုနှစ် အကုန်ထိ တရားမဝင်နိုင်ငံခြားသား လေးသိန်းကို ဖမ်းဆီးသွားမည် ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅၀၀၀ ကို ဖမ်းဆီး အရေး ယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှားသတင်းများတွင် ဖော်ပြသည်။
“မြန်မာတွေ အပြင် မထွက်ရဲတော့ဘူး” ဟု ဆာလာရန်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် ဦးပြည်ကျော်စိုးက ပြောကြားသည်။
အောပရာစီစစ်ဆင်ရေးကို လူဝင်မှုကြီးကြပ်ရေးက ဦးဆောင်မည် ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ အပါအဝင် အင်အား ၁၃၅၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် ဟု မလေးရှားသတင်းများတွင် ဖော်ပြသည်။
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၄င်းတို့ကို အကာအကွယ် ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင်ပေးထားသူများကို ငွေဒဏ် ရင်းဂစ် ငါးသိန်းနှင့် ထောင်ဒဏ် ငါးနှစ်၊ ကြိမ်ဒဏ် ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Source : The Voice Daily, 3 Sept 2013]