အားလုံး အမျိုးသားရေးအတွက် ပေးဆပ်နိုင်ကြပါစေ။


“ဒီမိုကရက်တစ်ပါတီ (မြန်မာ) မန္တလေးတိုင်းဒေသကြီး ”
***************************************
သဘောထားထုတ်ပြန်ချက် အမှတ်စဉ် (၂/၂၀၁၃)
1.8.2013 ရက်နေ့တွင် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြဝါဒါစရိယ ဖြစ်တော်မူသော ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အလုပ်အမှုဆောင် အဖွဲ့ဝင်များ သွားရောက် သြဝါဒခံယူခဲ့ကြပါသည်။
ဆရာတော်ဘုရားကြီးက ရှင်းပြရာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အမျိုးဘာသာ၊ သာသနာ၏ အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ရေး အလို့ငှာ ဆရာတော်ဘုရားကြီးများကိုယ်တိုင် စိုးရိမ်ပူပန်သဖြင့် စုပေါင်း အစည်းအဝေး တိုင်ပင်ခဲ့ရပါကြောင်း၊ ဆရာတော်ကြီးများ၏ ရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၊ လူမျိုးခြား၊ ဘာသာခြားနှင့် လက်ထပ်သည့်အခါ မိမိတို့ ယုံကြည်ကိုးကွယ်လျက်ရှိသော ဗုဒ္ဓဘာသာ ကိုးကွယ်မှု ကို စွန့်လွှတ်ကြရန် မလို၊ ထိုသို့ဆောင်ရွက်ရာ၌ မည်သည့်ဘာသာကိုမှ ထိခိုက် နစ်နာစေခြင်းလည်း မရှိပါ။ ၄င်းအပြင် မြန်မာအမျိုးသမီးများ လက်ထပ်သည့်အခါ ဘဝရပ်တည်ရေး အာမခံချက်ရှိစေရန်အတွက် တရားမျှ တသော ပိုင်ဆိုင်ခွင့်များ ရရှိစေရန်ဖြစ်သည်။ ထိုအချက်သည် မြန်မာအမျိုးသမီးများကို စောင့်ရှောက်ခြင်းပင် မက မည်သည့်အမျိုးသမီးများကိုမဆို ဘဝလုံခြုံမှုကို ဖြစ်စေပါသည်။
မြန်မာနိုင်ငံတွင် ပြဌာန်းတည်ရှိပြီး ဥပဒေများကို လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ညှိနှိုင်းဆွေး နွေးကာ အသေးစိတ် အချက်အလက်များဖြင့် ခိုင်ခိုင်မာမာ ဥပဒေတစ်ရပ်ပြဌာန်းရန် ဖြစ်သည်။ ဆရာတော် ဘုရားကြီးများ၏ အဆိုပါရည်ရွယ်ချက်များသည် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ရည်ရွယ်ချက်များနှင့်လည်း ကိုက်ညီပါသည်။
ဆရာတော်ဘုရားကြီးများ၏ ကြေညာချက်ထဲတွင် အမျိုးဘာသာ၊ သာသနာနှင့် ဗုဒ္ဓဘာသာအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့အတွက် လိုအပ်လျက်ရှိသော ကာကွယ်စောင့်ရှောက်ခြင်း၊ ဥပဒေများ ပြဌာန်း နိုင်ရေးနှင့်ပတ်သက်၍-
(က) ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ
တစ်ဘာသာနှင့်တစ်ဘာသာအကြား မလိုလားအပ်သော ယုံမှားသံသယများမှ မြစ်ဖျားခံလျက် အမုန်းတရားများ မဖြစ်ပွားစေရန် ပွင့်လင်းမြင်သာ စည်းကမ်းစနစ်တကျရှိသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ။
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ
အခြားဘာသာကြီးများ၏ အိမ်ထောင်ခန်းဥပဒေများနည်းတူ ဗုဒ္ဓဘာသာဝင်များနှင့် မြန်မာတိုင်းရင်းသူ/သားများ အတွက် လုံလောက်သည့်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်နိုင်သော ဥပဒေ။
(ဂ) တစ်လင်တစ်မယားစနစ် (အိမ်ထောင်သစ္စာ ခိုင်မြဲမှု ဥပဒေ)
တိုင်းရင်းသားအားလုံးနှင့် ဘာသာပေါင်းစုံ လူမျိုးရေး အိမ်ထောင်ရေး၊ မညီမျှမှုများ၊ နောက်ဆက်တွဲ ဆိုးကျိုးများ နှင့် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှမှု အခွင့်အရေးအတွက် တစ်လင်တစ်မယားစနစ်ကဲ့သို့ ကာကွယ် စောင့်ရှောက်မှုပေးနိုင်သော ဥပဒေ၊။
(ဃ) လူဦးရေး ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ
ပညာရေး၊ ကျန်းမာရေး များကို လုံလောက်သော စောင့်ရှောက်မှုပေးနိုင်ရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေးနှင့်၊ လူနေမှုအဆင့်အတန်း ဟန်ချက်ညီတိုးတက်ရေး၊ အနာဂတ်မျိုးဆက်သစ်များ ဗလ ငါးတန် ဖွံ့ဖြိုးတိုးတက်ရေး စသည့် အချက်များအပေါ် မူတည်လျက် အဆမတန် လူဦးရေ တိုးပွားနှုန်းမှ ကာကွယ်ရန် တိုးတက်သည့် နိုင်ငံများနည်းတူ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာဥပဒေ။
ထိုဥပဒေများ ပြဌာန်းရေး ရည်ရွယ်ချက်မှာ “မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘာသာစုံ လူမှုရေး၊ အိမ်ထောင်ရေးတို့တွင်၊ တန်းတူညီမျှသော ဥပဒေများ ပြဌာန်းကာကွယ်ခြင်းဖြင့် အပြန်အလှန် စာနာ နားလည်မှု ကိုယ်ချင်းစာတရားဖြင့် စည်းကမ်းစနစ်ကျသော လူ့ဘောင် တည်ဆောက်နိုင်စေ၍ အစဉ်သဖြင့် ညီညီညွတ်ညွတ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရန်” ဖြစ်သည်။
သို့ဖြစ်ပါ၍ မြန်မာအမျိုးသမီးများ၏ လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်တကွ အမျိုးဘာသာ၊ သာသနာ မတိမ်ကော မပပျောက်စေရန် ခိုင်လုံသော ဥပဒေဖြစ်ပေါ်လာရေးတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) သည်လည်း အင်တိုက် အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆရာတော်ကြီးများအား လျှောက် ထားပါသည်။
အမျိုးဘာသာ၊ သာသနာရေးကိစ္စဖြစ်သဖြင့် မြန်မာနိုင်ငံသားအားလုံး လှည်းနေ လှေအောင်း မြင်းစောင်းမကျန် ပါဝင်ဆောင်ရွက်ကြရန်လည်း အလေးအနက် နှိုးဆော်အပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
ဒီမိုကရက်တစ်ပါတီ (မြန်မာ)
မန္တလေးတိုင်းဒေသကြီး