ပညာရေးနှင့် အမျိုးသား လက္ခဏာ (National Identity)

POSTED BY SHARE ARAKAN NEWS 3.JULY 2013

1011795_549282378461573_909795893_n

ပညာရေးနှင့် အမျိုးသား လက္ခဏာ (National Identity)

နယ်စပ်ဒေသအတွင်း ဖွင့်လှစ်ထားသည့် ရွှေ့ပြောင်းကျောင်းများ၏ သင်ရိုးညွန်းတမ်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲ ဦးဆောင်သူ Burma Migrant Teacher Association-BMTA ၏အတိုင်ပင်ခံ ဆရာသိန်းနိုင်မှ သင်ရိုးညွန်တမ်းနှင့် အမျိုးသား လက္ခဏာ (National l Identity) တို့၏ အဆက်အစပ်ကို ဆွေးနွေးခဲ့သည်။ သင်ရိုး ညွန်းတမ်းဟု ပြောလိုက်သည်နှင့် ကျောင်းရှိကျောင်းသားတို့အား အမျိုးသားသရုပ် လက္ခဏာကို ထင်ဟပ်သည့် သင်ရိုးညွန်တမ်းများကို ပြုစုပေးရန် လိုအပ်လာသည်။ သင်ရိုးညွန်တမ်း မရေးဆွဲမီ နယ်စပ်ဒေသတလျှောက်ရှိ ကျောင်းသားတို့၏ အမျိုးသားရေးလက္ခဏာနှင့် ပကတိအခြေအနေတို့ကို သိရှိရန်လိုအပ်လာခဲ့သည်။

တိုက်ဆိုင်စွာပင် (Natioanl Identity) ၏အရေးပါမှုကို လက်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးထံမှ မမျှော်လင့်ဘဲ ကြားခဲ့ရသည်။ မောက္ခ ပညာရေး မဂ္ဂဇင်း ပြည်တွင်း၌ အခြေစိုက်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် ခေတ္တတွေ့ကြရာတွင် မဆီမဆိုင် National Identity စကားလုံးဝေါဟာရဘက်ကို ရောက်သွားခဲ့သည်။ ဦးအောင်မင်း၏ အမြင်အရ မြန်မာတို့၏ National Identity ပျောက်ဆုံးသွားသည်ဟု သုံးသတ်သည်။ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးသော အမျိုးသားရေး လက္ခဏာ ပျောက်ဆုံးမှုကို သိသော ဝန်ကြီး အောင်မင်းကို ချီးကျူးမိသည်။ စာရေးသူ၏ အမြင်မှာ တိုင်းရင်းသားပေါင်းစုံ နိုင်ငံတခုလုံး၏ အမျိုးသားရေး လက္ခဏာသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရကတည်းက မရှိခဲ့ဟု ပြောရပေလိမ့်မည်။ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သော ပြည်ထောင်စုစနစ် တခုတည်ထောင်ရန် ရည်မှန်းထားသည့် ( Federal Union Context) အောက်တွင် အမျိုးသားရေး လက္ခဏာ သတ်မှတ်ရန် မည်ကဲ့သို့ ဖေါ်ဆောင်ကြမည်နည်းဟု မေးခွန်းရှိလာခဲ့သည်။

Nations State တခုအနေဖြင့် အမျိုးသားရေး လက္ခဏာကို ဖေါ်ဆောင်ကြရာတွင် ကျောင်းများမှ စတင်အကောင်အထည် ဖေါ်ကြသည်ကို တွေ့ရသည်။ ဗြိတိသျှ လက်အောက်သို့ ကျရေက်ခဲ့သည့် တရုတ်နိုင်ငံပိုင် ဟောင်ကောင်သည် အင်္ဂလိပ် အုပ်ချုပ်ရေး အောက်တွင် တရုတ်အမျိုးသားရေး လက္ခဏာ ပျောက်ကာ ဟောင်ကောင်လူထု၏ သီးသန့်ဆန်သော အမျိုးသားရေး လက္ခဏာတရပ် ပေါ်ပေါက် လာခဲ့သည်။ အထူးသဖြင့် ဗြိတိသျှတို့သည် ဟောင်ကောင်နေ မျိုးဆက်သစ်များကို National Education ကိုမပေးဘဲ လူသားဆန်သော Civil Education ကိုသာအဓိကထား သင်ကြားပေးခဲ့သည်။ ၁၉၉၇ ဟောင်ကောင်ကို ဗြိတိသျှတို့ လက်အောက်က လွှဲပြောင်းယူသောအခါ တရုတ်နိုင်ငံအဖို့ ဟောင်ကောင် လူထု၏ တရုတ်နိုင်ငံနှင့် ဆက်ဆံလိုမှု မရှိသည့် အမျိုးသားရေး လက္ခဏာ တစ်ရပ်ကို တွေ့ရှိလာခဲ့သည်။ ထို့ကြောင့် တရုတ်အစိုးရသည် ဟောင်ကောင်လူထုအနေဖြင့် တရုတ်နိုင်ငံ၊ တရုတ်ယဉ်ကျေးမှု၊ တရုတ်ပြည်ကြီးအပေါ် သစ္စာရှိသည့် အမျိုးသားလက္ခဏာ တရပ်ပေါ်ပေါက်လာရန် အားထုတ်မှုများကို တွေ့ရသည်။ အထူးသဖြင့် ပညာရေးစနစ်၏ သင်ရိုးညွန်တမ်းတွင် National Education ကိုကြောရိုးအဖြစ် ထည့်သွင်းဖေါ်ပြလာခဲ့သည်။ အမေရိကန်တို့၏ အမျိုးသား ပညာရေးတွင် အမေရိကန် ဖြစ်ရသည်ကို ဂုဏ်ယူသကဲ့သို့ ကိုးရီးယားတို့သည်လည်း ကျောင်းသွားသည့် ပထမရက်မှ စတင်ကာ ကိုးရီးယား နိုင်ငံတော် သီချင်းကို သီဆိုရင်းဖြင့် ပညာတတ် ဖြစ်လာသည်ကို အမျိုးသားရေးဂုဏ် အဖြစ်ဝင့်ကြွားလေ့ ရှိသည်။

နိုင်ငံရေး ဘောဂဗေဒ ပညာရှင် Alfred Marshal က ( Citizenship) နိုင်ငံသား ဖြစ်မှုကို ပြောဆိုရာတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်မှုကို နိုင်ငံနှင့် ၄င်းနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာကို သစ္စာရှိမှု အပေါ်တွင်အခြေခံ ထားသည်ဟု ပြောဆိုခဲ့သည်။ နိုင်ငံသားများ၏ အမျိုးသားရေး လက္ခဏာကို ရည်ညွန်းရာတွင် အချုပ်အချာအာဏာ၊ နိုင်ငံရေးစနစ်၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုက်တက်မှုနှင့် ဆက်စပ်ကာ အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ ဗြိတိသျှတို့၏ စွယ်စုံကျမ်းတွင် နိုင်ငံသားများ၏ အမျိုးသား လက္ခဏာကို ဤကဲ့သို့ ဖွင့်ဆိုထားသည်။ (“a relationship between individuals and the nation, whereby the individuals stay loyal to the nation and enjoy the rights protected by the nation”) ပုဂ္ဂလလူသားတဦးချင်းနှင့် နိုင်ငံတို့၏ ဆက်နွှယ်မှုဖြစ်ပြီး ပုဂ္ဂလနိုင်ငံသားအနေဖြင့် နိုင်ငံအပေါ် သစ္စာရှိမှုဖြင့် ထိုပုဂ္ဂလ လူသား၏ရပိုင်ခွင့်များကို နိုင်ငံ၏ကာကွယ် စောင့်ရှောက်မှု အောက်တွင် ခံစားပိုင်ခွင့် ရှိသည်။ ဤစာပိုဒ်အရ နိုင်ငံသား၏ အမျိုးသားလက္ခဏာသည် လွတ်လပ်မှုနှင့်အတူ နိုင်ငံသားတဦး၏ တာဝန်ကိုပါ ဖွင့်ဆိုခြင်းဖြစ်သည်။ အမျိုးသားလက္ခဏာသည် နိုင်ငံ၏ အုပ်ချုပ်မှုပုံစံနှင့် စနစ်ကို လူသား တစ်ဦးချင်းအနေဖြင့် များစွာသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကိုပါ အမွေအဖြစ် လက်ခံရရှိခဲ့သည်။ မြန်မာ့ပညာရေးတွင်လည်း မတူကွဲပြားသော လူ့အဖွဲ့အစည်း ပေါင်းစုံအောက်တွင် ပြည်ထောင်စုစနစ်ကို အခြေခံသည့် ပညာရေးမျိုးကို တည်ဆောက်ထားခြင်း မရှိသည်ကို တွေ့ရသည်။ ကျောင်းများတွင် သီဆိုနေသည့် နိုင်ငံတော် သီချင်းသည်ပင် ပြည်ထောင်စုဘွား တိုင်းရင်းသားများ အားလုံးကို ကိုယ်စားပြုသည့် နိုင်ငံတော် သီချင်းသည် တိုင်းရင်းသားတို့ကို ကိုယ်စားပြုပါသလော ဟူသည် ဆွေးနွေးမှုများ ရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံထက် လူဦးရေး အဆမတန်များပြားသောနိုင်ငံ၊ ဘာသာပေါင်းစုံ၊ လူမျိုးစုပေါင်း ၆၀၀ ကျော်ရှိသည့်နိုင်ငံတွင် အမျိုးသားပညာရေး စနစ်သည် Social Harmony ကိုအခြေခံထားသည့် ပညာရေးမျိုးဖြစ်သည်။ Social Harmony ဖြင့်နိုင်ငံသားတို့း၏ အမျိုးသားလက္ခဏာကို ဖေါ်ဆောင်ထား သည်။ မတူကွဲပြားခြင်းသည် အိန္ဒယနိုင်ငံသားတို့အဖို့ ဂုဏ်ယူစရာအမှတ်သင်္ကေတအဖြစ် တည်ဆောက် ထားသည်။

မြန်မာနိုင်ငံ၏ ပကတိ အခြေအနေသည် အမျိုးသား သရုပ်သဏ္ဍာန် ကိုဖေါ်ဆောင်ရာတွင် အထူးအလေး ထားရမည့် အချက်ဖြစ်နေပေသည်။ နိုင်ငံရေးစနစ် ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အတူ ပညာရေးစနစ် နိမ့်ကျ ပျက်စီးယိုယွင်းနေမှုကို ခေါင်းဆောင်အသီးသီးတို့မှ အလေးထားပြောဆိုလာသည်ကို တွေ့ရပေသည်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုအောက်တွင် တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်သည့် National Education ပညာရေးစနစ်ကို မည်ကဲ့သို့ အကောင်အထည်ဖေါ် တည်ဆောင်သင့်သည်ကို ညှိနှိုင်း ဆွေးနွေးမှုများလည်း အတန်အသင့်ရှိလာပြီ ဖြစ်သည်။
National Education နှင့်အတူ တိုင်းရင်းသားတို့တွင် ကိုယ်ပိုင် အမျိုးသားရေးလက္ခဏာ ရှိကြသည်ကို သတိထားသင့်သည်။ ဥပမာ ရခိုင်တို့၏ အမျိုးသားရေးလက္ခဏာတွင် ရခိုင်လူမျိုးကို ကာကွယ် စောင့်ရှောက်ခြင်း၊ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်းတို့သည် ရခိုင်တို့၏ အမျိုးသားရေး လက္ခဏာ ဖြစ်သည်ဟု ခံယူထားခဲ့သည်မှာ မြောက်ဦးခေတ် ကတည်းကပင် စတင်ခဲ့သည်။ “ အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည်ဝ မဏ္ဍိုင် စောင့်စွမ်းနိုင်သည်၊ ရက္ခနာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ ခေါ်အပ်ရတည်း” ဟု ရခိုင် ဖြစ်ခြင်း၏ အမျိုးသားရေး လက္ခဏာကို ထင်ဟတ်သည့် စံကိုသတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ထိုင်းတဦး၏ အမျိုးသားရေး လက္ခဏာသည် ထိုင်းဘုရင်အပေါ် ကြည်ညိုလေးစားခြင်း၊ ဘုရင်ကို ချစ်မြတ်နိုးခြင်းသည် ထိုင်းနိုင်ငံကိုချစ်မြတ်နိုးခြင်း၊ ကာကွယ်ခြင်း ဖြစ်ပြီး ထိုင်းလူမျိုး ဖြစ်ရခြင်းကို ဂုဏ်ရှိသည်ဟု ခံယူထားသည်။
ဆိုရှယ်လစ်စနစ်အောက်တွင် ကြီးပြင်းခဲ့ရသော ကျနော်တို့၏ မျိုးဆက်သည် မရေရာသည့် “ပတ်ဝန်းကျင် နှင့် အညမည”သဘောတရားကို အဓိကထား သင်ကြားပေးခဲ့သည်။ ၄င်းသဘောတရား၏ အောက်တွင် လူမျိုးအသီးသီး၏ အမျိုးသား လက္ခဏာကို ရိုက်ချိုးခဲ့သည်ဟုပင် ပြောရပေလိမ့်မည်။ တိုင်းပြည်အတွက် အရာရာကို စွန့်လွှတ်ကြဟူသော၊ တိုင်းပြည်အတွက် အနစ်နာခံကြဟူသော ဆောင်ပုဒ်များဖြင့် မိုးလုံးညံ ကြွေးကြော်သံဖြင့် ချီတက်လာခဲ့ကြသည်။ ပြည်တွင်းပြည်ပရှိ ကျနော်တို့မျိုးဆက်သည် ဆိုရှယ်လစ်စနစ် အောက်က မွေးထုတ်ပေးလိုက်သည့်ထုတ်ကုန် ဖြစ်သည့်အတွက် မရေရာသည့် အတွေးအခေါ်များဖြင့် အမျိုးသားလက္ခဏာကို မေ့ပျောက်ထားခဲ့ကြသည်။ အမျိုးသားရေး လက္ခဏာကိုဘေးချိတ်ကာ လူထုကောင်းစားရေး၊ တိုင်းပြည်ကောင်းစားရေးကို ခေါင်းဆောင်များနှင့် အတူ ရဲဘော်များမှလည်း အသံကောင်း အော်ဟစ်ခဲ့ကြသည်။ သို့ရာတွင် မြန်မာလူမျိုး၏ ပကတိ အခြေအနေသည် ကြွေးကြော်သံများနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်နေပြီး တကိုယ်ကောင်းဆန်မှုနှင့် လူသားဆန်မှု မဲ့ခြင်းတို့ကို ခေါင်းဆောင်မှသည် အောက်ခြေရဲဘော်ထိ တွေ့မြင်နေရသည်။
စစ်အစိုးရအုပ်ချုပ်မှု အောက်မှထွက်ရှိလာသည့် National Education Identity မှာ “ပြည်ထောင်စု စိတ်ဓါတ် ထွန်းကားရေး၊ လွတ်လပ်ရေး တန်ဖိုးကို သိနားလည်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိမ်းသိမ်းကာကွယ် စောင့်ရှောင့်လိုစိတ် ထက်သန်စေရေး၊ အမျိုးသား အမွေအနှစ်ကို ထိမ်းသိမ်းလိုစိတ် ပွားများစေပြီး နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးတတ်စေရေး” စသည့် ရည်မှန်းချက် ဆောင်ပုဒ်များဖြင့် National Education ကိုအကောင်အထည် ဖေါ်ခဲ့သည်။

စစ်အစိုးရ၏ ရည်မှန်းချက်နှင့် ပြောင်းပြန်ဖြစ်သည့် ပြည်ထောင်စု သားချင်းများကို အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း၊ ပင်လုံစာချုပ်၏ ပင်မကြောရိုး မူဖြစ်သည့် ပြည်ထောင်စု စိတ်ဓါတ်ကို ရိုက်ချိုးပြီး လူမျိုးကြီး အာဏာရှင်စနစ်ကို ဖန်တီးခြင်း၊ နိုင်ငံ၏ အမွေအနှစ်အားလုံးကို ကိုယ်ကျိုးစီးပွား အတွက် လက်သိပ်ထိုး ရောင်းစားပြီး National Identity ကို ပညာရေး ကြောရိုးကနေ ဖယ်ထုတ်ခဲ့သည်။
နိုင်ငံအပေါ် ချစ်မြတ်နိုးခြင်း ဟူသောစကားထက် မိမိကိုယ်ကိုချစ်မြတ်နိုးခြင်း၊ မိသားစုအပေါ် ချစ်မြတ်နိုးခြင်း၊ မိမိလူမျိုးအပေါ် ချစ်မြတ်နိုးခြင်း စသောအခြေခံကျသည့် လူသားတို့၏ ပကတိ အရှိတရားကို အခြေခံသောစနစ်မှ တိုင်ရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံရှိသည့် နိုင်ငံကိုချစ်မြတ်နိုးသော၊ မြန်မာနိုင်ငံသား ဖြစ်မှုကို ဂုဏ်ယူသည့် အမျိုးသား လက္ခဏာများ ပေါ်လွင်လာ အောင် တည်ဆောက်ပေးမည့် ပညာရေးစနစ်မျိုးသည်ကို မည်ကဲ့သို့ အကောင်အထည်ဖေါ်ကြမည်ကို အလေးထားရမည့် အချိန်တန်ပြီဟု မြင်မိပါသည်။

လှရွှေ
02 July 2013

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s