Brief Explanation on the need of Myoe Zaunt Draft(INTERFAITH MARRIAGE LAW)-BURMESE

942070_286750734801775_1217267580_n

အင်းစိန်သံဃာ့ညီလာခံက အမျိုးစောင့်ဥပဒေကြမ်းဆိုင်ရာ အနှစ်ချုပ်သဘောထား
မှတ်စုမှတ်တမ်း၊ ဇွန် ၃၀၊ ၂၀၁၃
ဇွန် ၂၇၊ ရန်ကုန်မြို့၊ အင်းစိန်သံဃာ့ညီလာခံတွင် အမျိုးစောင့်ဥပဒေကြမ်းများ အဆိုတင်သွင်းမှုများကို ဆောင်ရွက်ခဲ့ကြရာ၊ အဆိုပါဥပဒေကြမ်းများအဆိုတင်သွင်းမှုနှင့် ပတ်သက်ပြီး အနှစ်ချုပ်သဘောထားများကို အဆိုတင်သူသံဃာတို့က တက်ရောက်သူသံဃာထုကိုတင်ပြခဲ့ကြသည်ကို တွေ့ရသည်။ အဆိုပါ လျောက်ထားလွှာကို အောက်ပါအတိုင်း အပြည့်အစုံ တင်ဆက်လိုက်ပါသည်။
 
ဥပဒေဆိုင်ရာ အနှစ်ချုပ်လျှောက်ထားလွှာ
            ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် လက်ထပ်ထိမ်းများခြင်းဆိုင်ရာ ဥပဒေများရှိသော်လည်း ထိုဥပဒေအတိုင်း လိုက်နာဆောင်ရွက်မှုများ ပျက်ကွက်နေကြ၍ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် လူအခွင့်အရေးများ များစွာဆုံးရှုံးနေသည်ကို တွေ့မြင်ကြရသည်။ ထို့ကြောင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အာဏာကို ထုတ်ပြန်၍ အမျိုးသမီးအခွင့်ရေးများ အပြည့်အ၀ရရှိနိုင်စေရန်နှင့် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ရန် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းများခြင်းဆိုင်ရာ ဥပဒေအနှစ်ချုပ်ကို တင်ပြပါသည်အရှင်မြတ်တို့ဘုရား။
            ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ယောက်သည် အခြားဘာသာသို့ ကူးပြောင်းပြီး ထိုဘာသာ၏  ထုံးတမ်းအရ ထိမ်းမြားခြင်းမပြုလျှင် ထိမ်းမြားလက်ထပ်မှု တရားမ၀င်ပေ၊ တည်မြဲခိုင်မာခြင်းမရှိ ဟု စီရင်ထုံး ဟောင်းများတွင် တွေ့ရသည်။
            1954-ခုနှစ် အထူးအက်ဥပဒေသည် ဗုဒ္ဓဘာသာဝင်မိန်းမတို့ တရားဝင်ထိန်းမြားပြီး မယားအဖြစ် အသိမှတ်ပြု၍ အခြားဘာသာဝင်မယားများရှိလျှင် မြန်မာဓလေ့ထုံးတမ်းတရားဥပဒေအရ တန်းတူရည်တူ လင့်အမွေကို ဆက်ခံနိုင်ခွင့်ရှိသည်။ တရားဝင် မယားပြိုင်ဖြစ်ပေ၏။ အထူးအက်ဥပဒေကပေးသော အခွင့် အရေးကို တရားရုံးက ပယ်နှုတ်၍ မရ၊ လင်ဖြစ်သူ၏ သေတမ်းစာဖြင့် ဖျက်၍မရ၊ အပြည့်အ၀ ခံစားရမည်သာ ဖြစ်သည်။
 
ဘာသားခြားနှင့် ထိမ်းမြားရေး
            ဓမ္မသတ်များကသော်လည်းကောင်း၊ မြန်မာဓလေ့ထုံးတမ်းဥပဒေကသော်လည်းကောင်း မြန်မာဗုဒ္ဓ ဘာသာတစ်ယောက်အား အခြားဘာသာဝင်များနှင့် ထိမ်းမြားမှုကို ပိတ်ပင်မထားပေ။ သို့သော် အချို့ ဘာသာဝင်များက အခြားဘာသာဝင်များနှင့် ပေါင်းသင်းနေထိုင်ခဲ့သော မြန်မာအမျိုးသမီးများသည် မိမိ၏ ဘာသာကို စွန့်ပစ်ပြီး ယောကျာ်း၏ ဘာသာသို့ ပြောင်းဝင်ကာ ဘာသာခြား၏ဥပဒေအရ ထိမ်းမြားမှသာ တရားဝင်မယားဖြစ်လေသည်။ ထိုသို့မပြုလျှင် လင်မယားကွာရှင်းလျှင်ဖြစ်စေ၊ လင်သေဆုံးသည့်အခါ ဖြစ်စေ၊ မိမိတို့သည် အမွေခွဲဝေသောအခါဖြစ်စေ အပျော်မယားအဖြစ်ရောက်၍ သားသမီးများမှာလည်း တရားမ၀င် သားသမီးများ ဖြစ်နေကြရလေသည်။
            ပုဒ်မ ၂၁။          ။(၁) ဗုဒ္ဒဘာသာဝင်မိန်းမတစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားတစ်ဦး တို့သည် မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံမတင်ဘဲ ပေါင်းဖက်လျှက်ရှိလျှင်၊ ထိုအကြောင်းကို ထိုမိန်းမနေ ထိုင်ရာ ဒေသတွင် စီရင်ပိုင်ခွင့် အာဏာရှိသည့် မှတ်ပုံတင်အရာရှိထံ၊ ထိုမိန်းမကဖြစ်စေ၊ ထိုမိန်းမ၏အမိက၊ သို့တည်းမဟုတ် အဘက၊ သို့တည်းမဟုတ် အုပ်ထိန်းသူက ဖြစ်စေ၊ အခြားဆွေမျိုးတော်စပ်သူ တစ်ဦးဦးကဖြစ် စေ သတင်းပေးနိုင်သည်။ မှတ်ပုံတင်အရာရှိသည် သတင်းပေးချက်ကို ရေးမှတ်ထားရမည်။ သို့တည်းမဟုတ် ရေးမှတ်ထားစေရမည်။ ထို့ပြင် ထိုသို့ရေးမှတ်ထားသည့် သတင်းပေးချက်အားလုံးကို သတင်းပေးသူက လက်မှတ်ထိုးရမည်။
            (၂) ထိုနောက် မှတ်ပုံတင်အရာရှိသည် ထိုဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတို့ကို မိမိချိန်ဆိုသည့် နေ့ရက်တွင် မိမိထံ လာရောက်ရန်ဆင့်ခေါ်ရမည်။ ထိုသူနှစ်ဦးလုံးက မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံတင်လိုလျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅ အရ လိုအပ်သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြားပေးဘိသကဲ့သို့ ပုဒ်မ ၁၆ နှင့် ၁၇ တွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။ အကယ်၍ တစ်ဦးဦးကဖြစ်စေ၊ နှစ်ဦးလုံးကဖြစ်စေ၊ မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုလျှင်၊ သို့တည်း မဟုတ် မလာရောက်လျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၁ တွင် ရည်ညွှန်းထားသည့် စီရင်ပိုင်ခွင့်အာဏာရ တရားရုံးသို့ ရေးမှတ်ထားသည့် သတင်းပေးချက်နှင့်တကွ အစီရင်ခံစာ ပေးပို့ရမည်။
            (၃) အခြားတည်ဆဲ တရားဥပဒေများတွင် မည်သို့ပင်ပါစေကာမူ ထိုတရားရုံးသည် အစီရင်ခံစာ ရရှိသောအခါ ထိုအမှုသည် နည်းလမ်းတကျစွဲဆိုသည့် တရားမမှု ဖြစ်ဘိသကဲ့သို့ ပုဒ်မ ခွဲ (၄) တွင် ဖေါ်ပြထား သည့် နှစ်ဘက်အမှုသည်များကို၎င်း၊ ထိုသူတို့ တင်ပြသည့် သက်သေခံချက်ကို၎င်း၊ အကျဉ်းချုပ်နည်းအားဖြင့် စစ်ဆေးကြားနာပြီးနောက်၊ ထိုမိန်းမနှင့် ထိုယောကျာ်းတို့သည် ပုဒ်မ ၂၀၊ ပုဒ်မခွဲ (၁)၏ အဓိပ္ပါယ်အရ လင်မယား ဟုတ် မဟုတ် ဆုံးဖြတ်ရမည့်ပြင်၊ ဆုံးဖြတ်သည့်အတိုင်း အမိန့်ချမှတ်ရမည်။ တရားရုံးသည် စရိတ် နှင့်စပ်လျဉ်း၍ မိမိသင့်တော်သည် ထင်မြင်သည့်အမိန့်ကို ချမှတ်နိုင်သည်။
 
1954-ခုနှစ်၊ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ
            အထက်တွင် ပြဆိုသည့်အတိုင်း ထိမ်းမြားလက်ထပ်ရေးနှင့်ပတ်သက်၍ မြန်မာဓလေ့ထုံးတမ်း ဥပဒေများက အချုပ်အချယ်မရှိ လွတ်လတ်စွာပေးထားသော်လည်း ဘာသာခြားများ၏ ဓလေ့ထုံးတမ်းများမှာ တင်းကြပ်သည်ကို တွေ့ရသည်။ ဓမ္မသတ်များကသော်လည်းကောင်း၊ မြန်မာဓလေ့ထုံးတမ်းများက သော်လည်း ကောင်း၊ ဘာသာခြားများနှင့် ထိမ်းမြားမှုကို တားမြစ်မထားပေ။ ထို့ကြောင့် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီး များသည် ဘာသာခြားယောကျာ်းများနှင့် ထိမ်းမြားရသောအခါ တရားဝင်မယားဖြစ်မြောက်ရန် မိမိတို့၏ ကိုးကွယ်ရင်း ဗုဒ္ဓဘာသာကို စွန့်လွှတ်၍ ဘာသာခြား၏ ဘာသာသို့ ကူးပြောင်းရပြီး သားသမီးများမှာလည်း ဖခင်၏ ဘာသာဝင်သူများဖြစ်ကြရသည်။
            ထို့ကြောင့် ဘာသာခြားများနှင့် ထိမ်းမြားကြရသည့် မြန်မာအမျိုးသမီးများနှင့် ၄င်းတို့၏ သားသမီးများ၏ နစ်နာမှုများကို ကာကွယ်ရန်အတွက် 1939-ခုနှစ်တွင် မြန်မာနိုင်ငံ အက်ဥပဒေအမှတ် ၂၄ အရ (ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေ)ကို အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည်။ ထိုအက် ဥပဒေမှာ 1940-ခုနှစ် ဧပြီလ တစ်ရက်နေ့မှ စတင်အတည်ပြုခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ကြီးကြောင့် လူသိနည်းပြီး အကျိုးမရှိခဲ့ပေ။ ထို့ကြောင့် 1954-ခုနှစ်တွင် ယင်းအက်ဥပဒေကို ရုတ်သိမ်းပြီး (1954-ခုနှစ် ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေ) ကို (1954-ခုနှစ်၊ အက်ဥပဒေ ပုဒ်မ ၃၂) ဖြင့် ပြဋ္ဌာန်းအတည် ပြုခဲ့သည်။ ဤဥပဒေပြဋ္ဌာန်းချက်များသည် အခြားတည်ဆဲ ဥပဒေများ၊ ဥပဒေကဲ့သို့ အာဏာ ရှိသော ဓလေ့ထုံးတမ်းများနှင့် မည်သို့ပင် ဆန့်ကျင်စေကာမူ၊ ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်၌  အာဏာသက်ရောက်ရမည်ဟု ပုဒ်မ ၄ တွင် ပြဆိုထားသည်။
            ပုဒ်မ ၃ အရ ရွာသူကြီးအားလုံးသည် ဤအက်ဥပဒေအရ မှတ်ပုံတင်အရာရှိများဖြစ်သည်။ နိုင်ငံတော်သမ္မတသည် မိမိသင့်တော်သည် ထင်မြင်ရသောပုဂ္ဂိုလ်လ်ကို ရွာသူကြီးမရှိသောဒေသတွင် မှတ်ပုံတင် အရာရှိအဖြစ် ခန့်ထားနိုင်သည်။
            ပုဒ်မ ၄ သည် အလွန်အရေးကြီးသော ပုဒ်မတစ်ခုဖြစ်သည်။ ထိုပုဒ်မအရ (အခြားတည်ဆဲ ဥပဒေများတွင်သော်လည်းကောင်း၊ တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများတွင်သော်လည်း ကောင်း၊ မည်သို့ပင် ဆန့်ကျင်လျှက်ရှိစေကာမူ  ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောကျာ်းတိုင်းအပေါ်၌ အာဏာသက်ရောက်သည်။
            ပုဒ်မ ၂၅ တွင် ခြွင်းချက်ပါရှိသည်မှာ – အကယ်၍ ဘာသာခြားယောက်ျားဖြစ်သူသည် မိမိ၏မယားကို ဘာသာရေးကြောင့် ကွာရှင်းလိုလျှင် သို့မဟုတ် ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်လျှင်ဖြစ်စေ၊ ရက်စက် သည့် အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုလုပ်လျှင်ဖြစ်စေ –
            (က) ထိုယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော အစုကို စွန့်ရမည်။ ထို့အပြင် ထိုမိန်းမ                               များအား လျှော်ကြေးပေးရမည်။
            (ခ) မိန်းမသည် သားသမီးအားလုံးကို ထိန်းသိမ်းခွင့်ရှိရမည်။
            (ဂ) ထိုသူသည် အရွယ်မရောက်သေးသည့်ကလေးများအတွက် ကလေးစရိတ်ပေးရမည်။
            အထက်ဖေါ်ပြထားသော ဥပဒေများကို ကိုးကား၍ ခြုံငုံသုံးသပ်ကြည့်မည်ဆိုလျှင် ၁၉၅၄-ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများ ရှိခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များ၊ လူ့အဖွဲ့အစည်းများ၏ ကြည့်ရှု စောင့်ရှောက်ရန် တာဝန်ဝတ္တရားများ ပျက်ကွက်ခဲ့ကြ၍ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် လူ့အခွင့်အရေးများ များစွာဆုံးရှုံးနေသည်ကို လေ့လာသိရှိရပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည်အုပ်ချုပ်ကြသော နိုင်ငံခေါင်းဆောင်များအနေဖြင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အာဏာကို ထုတ်ပြန်၍ အမျိုးသမီးအခွင့်ရေးများ မဆုံးရှုံးစေရန်နှင့် အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် အင်းစိန်သံဃာ့ညီလာခံသို့ တက်ရောက်လာကြသော သံဃာတော်များ၏ သဘောဆန္ဒကို အကြံပြုတင်ပြ အပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။
FIRST DRAFT

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s