
“အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်”
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် သဘောထားကြေညာချက်
ကြေညာချက်အမှတ် (၈/၂၀၁၃)
ရက်စွဲ။ ၂၀၁၃ခုနှစ်၊ ဇွန်လ(၂၄)ရက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ဤပြည်ထောင်စုမြန်မာနိုင်ငံအတွင်း လူမျိုးပေါင်း စုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးတို့ကို အမျိုးသားအကျိုးစီးပွားနှင့် ယှဉ်၍ အစဉ်တစိုက် ရှေ့ရှု ဦးတည်မည် ဖြစ်သည်။
ထို့ပြင် ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုများ၊ ဘာသာ ရေးလူမျိုးရေးတို့နှင့် ဆက်နွယ်သော အကြမ်းဖက်မှုများနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့် အရေးနှင့် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးများကို အလေးမထားဘဲ ခွဲခြားဆက်ဆံမှုမှန်သမျှကို လုံးဝလက်မခံပါ။
ထို့အပြင် လွတ်လပ်စွာကိုးကွယ်ခွင့်ကို တန်ဖိုးထားသော မြန်မာနိုင်ငံမှ ဆရာတော်ဦးဝီရသူ၏ပုံကို တိုင်း(မ်)မဂ္ဂဇင်းမျက်နှာဖုံးတွင် ဗုဒ္ဓဘာသာအကြမ်းဖက်သမား( THE FACE OF BUDDHIST TERROR) အဖြစ် မှားယွင်းစွာစွပ်စွဲရေးသားဖော်ပြမှုကို ပြင်းထန်စွာ ကန့်ကွက်သည်။ ထို့ကြောင့် ၂၀၀၈-အခြေခံဥပဒေပုဒ်မ ၃၆၅ ပါ “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့ အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုး ထောင်ဆောင်ရွက်ခွင့် ရှိသည်” ဟူသော ပြဋ္ဌာန်းချက်နှင့် အခြေခံဥပဒေပုဒ်မ ၃၆၀(ခ)ပါ “ဘာသာ သာသနာနှင့် စပ်လျဉ်း၍ လွတ်လပ်သောအခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူ အကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းတို့ကို မတားမြစ်ရ” ဟူသည် ပြဋ္ဌာန်းချက်တို့ကို အလေးမူ၍ ယခုအခါ ဆရာတော်၊ သံဃာတော်များ ကြိုးပမ်းနေသည့် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းရပ်များနှင့်ကြိုးပမ်းမှုများကို ကိုလိုနီခေတ်အခါက အမျိုးသားရေး စိတ်ဓာတ်မြင့်မားစေရေး ဆောင်ရွက်ခဲ့ကြသည့် ကောင်းမြတ်သောအစဉ်အလာကို အတုယူ၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ကြိုဆိုပါကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ အမျိုးသားဒီမိုကရေစီအင်အားစု