8.MAY 2013 ၂၀၁၃- ခုနှစ်၊ မေလ (၆)ရက်- ရက်စွဲပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ သဘောထားကြေညာချက် ၃/၂၀၁၃ နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော်၊ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ (မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာအပ်ပါသည်။
အဆိုပါ ကြေညာချက်၌ စာပိုဒ် (၃)ပိုဒ် ပါရှိရာအမှတ်(၁)အပိုဒ်ပါ အောက်ပါစကားရပ်များသည် မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များကိုတစ်စုံတစ်ခုသော ပြဿနာကို အကြောင်းပြု၍ သွေးခွဲဖို့ကြံစည်နေသော သွေးဆာသူ လူတစ်စု၏ အစွန်းရောက်လုပ်ရပ်ကိုတိကျပြတ်သားစွာ ကန့်ကွက်ရှုတ်ချခြင်းဖြင့် နိုင်ငံသားကောင်း ပီသကြောင်း၊ ဘာသာရေး ခေါင်းဆောင်ကောင်းပီသကြောင်း ပြသလိုက်ခြင်းပင် ဖြစ်၏။
မြန်မာနိုင်ငံသား ……….(ပ)……… ပြည်သူများလည်းရှိနေပါသည်။ (၃/၂၀၁၃- အပိုဒ် (၁) )
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ အဆိုပါ ရပ်တည်ချက်ကြောင့် ပြည်ထောင်စု တစ်ဝှမ်းလုံးရှိ အစ္စလာမ်ဘာသာဝင်များသည်အခြားဘာသာဝင်များနှင့် တစ်သွေးတည်း တစ်သားတည်း၊ တစ်စိတ်တည်း တစ်ဝမ်းတည်း ရပ်တည်ရှင်သန်လာလိမ့်မည်ဟုယုံကြည်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အစ္စလာမ်ဘာသာဝင် အားလုံးအပေါ် သြဇာအာဏာကြီးသော အဖွဲ့အစည်းကြီး တစ်ခုဖြစ်ကြောင်းပြီးခဲ့သည့် ကိုရ်ဘန်နီအစ်နှင့် ၂၀၁၃-သင်္ကြန်တွင်းကာလတို့မှာ ထင်ရှားပေါ်လွင်ခဲ့ပါသည်။
ထိုသို့ သြဇာအာဏာကြီးမားသော အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ရပ်တည်ချက်သည် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးလိုက်ခြင်းပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဘဝလုံခြုံရေးအတွက် အစိုးရမှာသာ တာဝန်ရှိသည်မဟုတ် ကျနုပ်တို့ ဘာသာရေးခေါင်းဆောင်များမှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။
သို့ဖြစ်၍….
(က) မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏သဘောထားကြေညာချက် ၃/၂၀၁၃ကို ဝမ်းမြောက်ဝမ်းသာ ထောက်ခံကြိုဆိုကြောင်း နှင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ကြေညာအပ်ပါသည်။
(ခ) မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အသက်အိုးအိမ် စည်းစိမ်နှင့် ဘဝလုံခြုံမှုအပြည့်အဝ ရရှိကြစေရေးနှင့် မြန်မာပြည် ထာဝရ ငြိမ်းချမ်းရေးအတွက် စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့။