တနှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲ ထားသော်လည်း သဘော တူညီချက်များ တိတိကျကျ အကောင်အထည် ဖေါ်မှု မရှိ သေးသည့် အတွက် အစိုးရနှင့် ထပ်မံ တွေ့ဆုံဖို့ လိုအပ် နေကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ပြောရေး ဆိုခွင့် ရှိသူ အထွေထွေ အတွင်းရေးမှူး စောကွယ်ထူးဝင်း က ဆိုပါသည်။
“ပြန်တွေ့ဖို့ လိုအပ်တယ်။ အပစ်အခတ် ရပ်စဲရေးလဲ လုပ်ထားပြီးတော့ သဘော တူညီချက်တွေ တိတိ ကျကျ ဘာမှလဲ အကောင် အထည် မဖော်နိုင် သေးဘူး။ အဲဒီတော့ ရေရှည် အတွက် မကောင်း ဘူးလေ။ ဒါကြောင့် ပြန်လည် ဆွေးနွေး နိုင်ဖို့ ဒီပြီး ခဲ့တဲ့ မတ်လ (၂၈) ရက်နေ့ ညနေ ပိုင်းမှာ ဦးအောင်မင်း တို့နဲ့ အလွတ်သဘော တွေ့ဖြစ် ခဲ့တယ်” ဟု ဆိုပါသည်။
ကရင် အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့ တို့၏ အလွတ် သဘော တွေ့ဆုံပွဲကို ကရင်ပြည်နယ် ဖားအံမြို့ပေါ်ရှိ ဇွဲကပင် ခန်းမ၌ ပြုလုပ် သွားကြောင်း ဆိုပါသည်။ ဤဆွေးနွေး မှုသည် မတ်လ ၂၈ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ နှစ်ရက်တာ ကျင်းပသော ပထမ အကြိမ်မြောက် ကရင်ရေးရာ အစည်း အဝေးပွဲသို့ တက်ရောက် လာသော ဦးအောင်မင်း တို့အဖွဲ့နှင့် တွေ့ဆုံ ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
KNU သည် အပစ်အခတ် ရပ်စဲရေး သဘော တူပြီးနောက် KUN ဒေသတွင်း အခြေစိုက် ထားသည့် အစိုးရ တပ်ခန်း (၃၀၀) ခန့် အနက် တရာ ခန့်ကို ဆုတ်ခွာ ပေးရန် တောင်းဆို ထားခဲ့ သည်ဟု ဆိုပါသည်။ ဤတောင်းဆို မှုနှင့် ပါတ်သက်ပြီး၊ သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ် တို့ကိုလည်း တင်ပြ ထားပြီး ဖြစ်သော်လည်း ယနေ့ အထိ အကြောင်း ပြန်ကြားချက် မရခဲ့ သေးဟု သိရ ပါသည်။
“မင်းအောင်လှိုင်နဲ့ တွေ့တုန်း ကဆို အဲဒီ တောင်းဆို ချက်တွေကို တင်ပြတော့ သူက ဒါတွေ မလိုပါ ဘူးဗျာလို့ ပြန်ပြော ခဲ့တယ်လေ။ ကျနော်တို့ ကတော့ ညှပ်ပူး ညှပ်ပိတ်နဲ့ အပစ် အခတ် ရပ်စဲ ရေးကို လက်ခံ လိုက်ရတဲ့ သဘောကို ဖြစ်နေပြီ။ ဒီတော့ ဒီအတိုင်းဆို လိုချင်တဲ့ ငြိမ်းချမ်းရေး ရေရှည် သွားမဲ့ သဘော မဆောင် တော့ဘူးလို့ ထင်ပါတယ်” ဟု KNU တပ်မှူး တဦးက ဆိုပါသည်။
အစိုးရသည် KNU တုန့်ပြန်မှုကို ကြိုတင် ပြင်ထားပြီး ဖြစ်သည်ဟု ယူဆ နိုင်ပါသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ လဆန်း ပိုင်းမှ စတင်ကာ KNU တပ်မဟာ (၂) နယ်မြေရှိ ကရင်ပြည်နယ် သံတောင်မြို့နယ် ဘောဂလိ ဒေသသို့ ရိက္ခာတင် ကား အစီး ၁၅၀ ဖြင့် အင်အား ဖြည့်ခဲ့သည်။
ထို့အတူ ၂၀၁၂ ခုနှစ် ဖေဖော် ဝါရီလ (၅) ရက်နေ့တွင် အစိုးရ တပ်မ ၆၆ မှ စစ်ကား အစီး၇၀ ဖြင့် တောင်ငူမြို့နယ် ဘောဂလိ ဒေသသို့ ရောက်ရှိ ခဲ့ပြီး ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် နောက်ထပ် စစ်ကား အစီး (၈၀) ထပ်မံ အင်အား ဖြည့်ခဲ့သည်။
“ဤနယ်မြေဟာ စစ်ဆင်ရေး နယ်မြေလို့ သူတို့ ပြောတယ် ဒါကြောင့် အရင်က အတိုင်းဘဲ ပေါ်တာတွေ ပေးရမယ် ဆိုပြီး ပြောပါတယ်” ဟု ဘောဂလိဒေသခံ တစ်ဦးက ဆိုခဲ့ ပါသည်။
ဤကဲ့သို့ အင်အား ရိက္ခာ လက်နက် ပစ္စည်းများ ပို့ဆောင် နေခဲ့ ရာ ၂၀၁၂ ခုနှစ် မတ်လ (၄) ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန် မြို့နယ် အတွင်းရှိ KNU တပ်မဟာ (၅) ထိန်းချုပ် နယ်မြေ အတွင်းသို့ တင်ပို့ ချိန်၌ ကျော်ဝင် လာသော အစိုးရ တပ်ဖွဲ့ကို KNU က တိုက်ခိုက် ခဲ့ပါသည်။
ဤတိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် ၂၀၁၂ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ၄င်း KNU တပ်ဖွဲ့ တို့ကို အစိုးရ တပ်ဖွဲ့က လာရောက် တိုက်ခိုက် ခဲ့ပါသည်။ ဤနည်းဖြင့် KNU နှင့် အစိုးရ အဖွဲ့တို့ ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်ဆိုင်းရေး သဘော တူညီမှု လက်မှတ် ထိုးပြီး နောက်ပိုင်း KNU တပ်မဟာ (၅) တွင် စုစုပေါင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွား ခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဇန္နာဝါရီ လ ၁၂ ရက်နေ့တွင် KNU နှင့် အစိုးရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့တို့သည် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရအဖွဲ့၏ မူ (၅) ချက်ကို နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။ KNU ဘက်မှ တင်ပြထားသည့် အချက် (၁၁) ချက်ကို ပြည်ထောင်စု အဆင့် တွေ့ဆုံ ပွဲ၌ ဆက်လက် ဆွေးနွေး သွားကြရန် သဘောတူ ထားခဲ့သည်။
အစိုးရ အဖွဲ့၏ မူ (၅) ချက် အတွင်းမှာ တပ်နေရာ ချထားရေး အတွက် ပါရှိ ခဲ့ပြီး ၊ KNU ၏ အချက် (၁၁) ချက် အတွင်းမှာ တပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေးကို အစိုးရ ဘက်က ထုတ်ပြန် ပေးရန်တို့ ပါရှိ ခဲ့သည်။
၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စု အဆင့်အဖြစ် ရန်ကုန် မြို့တွင် ထပ်မံ ဆွေးနွေးပြီး ဆုံးဖြတ်ချက် (၁၃) ချက် သဘော တူညီ ခဲ့ကြ ပါသည်။ ဤအချက် များထဲ၌ တပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲ ရေးကို အစိုးရ ဘက်က ကြေညာ ပေးရန်လည်း ပါရှိ ခဲ့ပါသည်။
ဤကဲ့သို့ သဘော တူထား ခဲ့သော်လည်း အစိုးရ ဘက်မှ လိုက်နာ ခဲ့ခြင်း မရှိ သောကြောင့် KNU မှ တောင်းဆို နေခြင်း ဖြစ်ပါသည်။ ဦးအောင်မင်းနှင့် နောက်ဆုံး တွေ့ဆုံ ခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လ (၂၈) ရက်နေ့ ဖားအံ မြို့ပေါ်ရှိ ဇွဲကပင် ခန်းမ တွေ့ဆုံ ပွဲတွင်လည်း KNU ၏ တောင်းဆိုချက်များ အဆုံးအဖြတ် မပေးနိုင် သေးကြောင်း ဦးအောင်မင်းက ဆိုခဲ့ ပါသည်။
ဤသို့ကြောင့် KNU သည် သဘောတူ ထားသည့်အတိုင်း အစိုးရ ဖက်မှ လိုက်နာခြင်း မရှိပါက ငြိမ်းချမ်းရေး အတွက် အလားအလာ မကောင်းဟု KNU က ပြောဆို နေခြင်း ဖြစ်ပါသည်။
KNU သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး အတွက် ၁၉၄၉ ခုနှစ်မှ စ၍ မြန်မာ အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန် ခဲ့သော အဖွဲ့အစည်း ဖြစ်ပါသည်။
http://phophtawnews.org/burmese/index.php/news/internal-news/item/233-knu.html