၈၈မျိုးဆက်တို့၏ ထိုင်းနိုင်ငံ လေ့လာရေး စတုတ္ထနေ့ ——————————————————— ထိုင်းနိုင်ငံ လေ့လာရေးအတွက် ဘန်ကောက်မြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်တို့သည် ယနေ့ မတ်လ ၂၀ ရက်တွင် စတုတ္ထနေ့ ခရီးစဉ်အဖြစ် ရယွန် (Rayong) မြို့နှင့် မက်တဖွတ် (Map Ta Phut) စက်မှုဇုန်သို့ နံနက် ၇း ၄၀ နာရီတွင် ဘန်ကောက်မြို့မှ ထွက်ခွာခဲ့ကြသည်။ ရယွန် (Rayong) မြို့သို့ နံနက် ၁၀း ၁၅ နာရီတွင် ရောက်ရှိခဲ့ကြပြီး ရယွန်မြို့ရှိ Madina ဟိုတယ်၊ အစည်းအဝေးခန်းမတွင် Chanthip Intavong (Health practitioner) နှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ရယွန်ပြည်နယ်ရှိ မက်တဖွတ် (Map Ta Phut)မြို့လေး၌ ၁၉၈၃ ခုနှစ်က စတင်ခဲ့သည့် စက်မှုဇုန်၏ ဘေးထွက်ဆိုးကျိုးများဖြစ်သော လူထုကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နေမှုများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ မက်တဖွတ် (Map Ta Phut) စက်မှုဇုန်ကြီးတစ်ခုကြောင့် ရယွန် (Rayong) ပြည်နယ်တစ်ခုလုံး ကျန်းမာရေးအခက်တွေ့နေရသည်များကို Chanthip Intavong (Health practitioner) မှ အကျယ်တ၀င့် ရှင်းလင်းတင်ပြသွားခဲ့သည်။ ဆွေးနွေးပွဲကို မွန်းလွဲ ၁း ၁၅ နာရီတွင် ရပ်နားခဲ့ပြီး မက်တဖွတ် (Map Ta Phut) ကမ်းခြေသို့ မွန်းလွဲ ၂း ၀၀ နာရီ၌ ဆက်လက်ထွက်ခွာခဲ့ကြသည်။ မွန်းလွဲ ၂း ၂၀ နာရီတွင် မက်တဖွတ် (Map Ta Phut)ကမ်းခြေရှိ Nong Taeng Mae ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံများနှင့် တွေ့ဆုံရာ၌ Noi Jaitang (အသက် ၇၃ နှစ်) က ၎င်း၏ ခြံမြေအတွင်း မြေအောက်ရေ ညစ်ညမ်းမှုကြောင့် အပင်များ ဆုံးရှုံးရသည့်အပြင် မိသားစုဝင်များလည်း ရောဂါ၊ ဝေဒနာဆိုးများ ဆိုက်ရောက်ခံစားနေကြရကြောင်း ပြောကြားသွားပြီး Thongchai Bonnak (အသက် ၄၉ နှစ်) နှင့် Patcharee Dithyen (အသက် ၅၅ နှစ်) တို့က ဒေသအတွင်း လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး နှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ပျက်စီးနေမှုများကို ရှင်းလင်းပြောကြားသွားခဲ့ကြသည်။ ၈၈မျိုးဆက်များက အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပြီး ညနေ ၄း ၀၀ နာရီတွင် မက်တဖွတ် (Map Ta Phut) ကမ်းခြေတစ်လျောက် သဘာ၀၀န်းကျင် ပျက်စီးနေမှုများနှင့် မက်တဖွတ် (Map Ta Phut) စက်မှုဇုန်ကြီးအတွင်း အနေအထားများကို လေ့လာခဲ့ကြပြီး ညနေ ၆း ၁၅ နာရီတွင် မက်တဖွတ် (Map Ta Phut) စက်မှုဇုန်မှ ပြန်လည်ထွက်ခွာလာခဲ့ကြရာ ဘန်ကောက်မြို့သို့ ည ၉း ၁၀ နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။