SOURCE STREETVIEW”၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်သော ဥပဒေများအတွက် လေ့လာသုံးသပ်ရေးကော်မတီ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအဆို ပြည်သူ့လွှတ်တော်၌ အတည် ပြု”
=======================================
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်ပါရှိသော ဥပဒေများမှ ခေတ်အခြေအနေနှင့် အံဝင်ခွင်ကျဖြစ်မှုမရှိတော့သော ဥပဒေများအား ပြင်ဆင် ဖြည့်စွက်နိုင် ရန်အတွက်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်၌ အတည်ပြုလိုက်ပြီး ပြည်ထောင်စု လွှတ်တော် နာယကထံသို့ သဝဏ်လွှာပေးပို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအဆိုအား ပြည်သူ့လွှတ်တော်ဥက္ကဌမှ သူရဦးအေးမြင့်အား အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်သင့်ပြုခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုအပေါ်ပြည်သူ့လွှတ်တော်ဥက္ကဌမှ “ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း တည်ဆဲဥပဒေတစ်ရပ်ဖြစ်ပြီး အဆိုရှင်နှင့် ထောက်ခံ ဆွေးနွေးသူတို့၏ ဆွေးနွေးချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား အစဉ်လေ့လာသုံးသပ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက်နှင့် လက်ရှိဖြစ်ပေါ်တိုးတက်နေသော ပြည်တွင်းပြည်ပ အခြေအနေများအပေါ်တွင် လည်းကောင်း နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားအားအခါအားလျော်စွာပြင်ဆင်မှုပြုနိုင်ရန်အတွက် ကော်မရှင်တစ်ရပ် သို့မဟုတ် အဖွဲ့ကို တိုင်းရင်းသား ကိုယ်စားလှယ်များအပါအဝင် ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ်များပါဝင်၍ သင့်တော်သလို ဖွဲ့စည်းသွားရေးကို လွှတ်တော်မှလည်း စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်မည်ဟု ဥက္ကဋ္ဌအနေဖြင့် ယူဆကြောင်း” ဖြည့်စွက်ဆွေးသွားခဲ့သည်။
အဆိုတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ရေးဆွဲခဲ့စဉ်က အနာဂတ်နိုင်ငံတော် အတွက် စေတနာအပြည့်နှင့် အဖက်ဖက်က ပြည့်စုံအောင် ရေးဆွဲခဲ့သည် မှန်သော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန် မြင့်မားမှုကြောင့် ခေတ်ကာလအခြေအနေအချိန်အခါနှင့် အံဝင်ဂွင်ကျမဖြစ်၊ လိုက်လျော ညီထွေမှုမဖြစ်တော့သော ဥပဒေအချက်အလက်များ ရှိကောင်းရှိနေမှာဖြစ်ပါကြောင်း၊ ၎င်းအချက်များကို အခြေအနေအချိန်အခါနှင့် အံဝင်ဂွင်ကျ၊ လိုက်လျောညီထွေဖြစ်ရန် ပြန်လည်လေ့လာ သုံးသပ်ရန်လိုပြီဟု အခိုင်အမာယူဆမိပါကြောင်း၊ လေ့လာသုံးသပ်ရာမှာတွင် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းလိုရာဆွဲ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသောကြောင့် သင့်တော် သော ဥပဒေပညာရှင်များ၊ အသိဉာဏ်ပညာ ပြည့်ဝသူများ၊ အတွေ့အကြုံရင့်ကျက်သူများနှင့် ကော်မတီ၊ ကော်မရှင်များအဖြစ်ဖွဲ့စည်း ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုး ကာကွယ် စောင့်ရှောက်မည့် အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေမျိုးဖြစ်စေရန် ကော်မတီ၊ ကော်မရှင်များမှ အဖက်ဖက်က လေ့လာသုံးသပ် ဆောင်ရွက်သင့်ပါကြောင်း၊” အဆိုကိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သော အဆိုတင်သွင်းအတည်ပြုလိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဧ။် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအုန်ကြိုင်က “ဒီအဆိုကို တင်သွားတဲ့သူရောထောက်ခံဆွေးနွေးတဲ့သူရောက ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဖြစ်နေတယ် အခုလိုအပ်ရင်ပြင်ဖို့ ပြောလာတာကောင်းပါတယ် ရှေ့ဆက် ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိသေးတော့ သုံသပ်ဖို့ စောပါသေးတယ်။ ကျွန်တော်အနေနဲ့ကလည်း အရင်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေကို ပြင်ဆင်ဖို့ ပြောထားပြီးသားပါ။ ဘယ်နိုင်ငံမှာဆို ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေတွေကို ပြင်ရစမြဲပါ။” ဟုသုံးသပ်ပြောကြားခဲ့သည်။