ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၃ / ၂၀၁၃ )
၁၃၇၄ ခုနှစ် ၊ ပြာသိုလဆန်း ၇ ရက်
( ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက် )
၁။ ကချင်ပြည်နယ်၊ လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များက လဂျားယန် တပ်မတော်စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှစတင်ပြီး ဝန်းရံ ပိတ်ဆို့ထားခြင်း၊ လဂျားယန် စခန်းသို့ ရိက္ခာ ပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခို တိုက်ခိုက်ခြင်း၊ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးကို အများပြည်သူများ အသုံးမပြု နိုင်အောင် ပိတ်ဆို့ ထားခြင်း၊ တံတားများကို မိုင်းခွဲ ဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့သည့် အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/KIA ခြေကုတ် စခန်းများအား တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။
၂။ ၂၀၁၁ ခုနှစ် ဇွန်လ၌ တပ်မတော်နှင့် KIO/KIA ကြား တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားချိန်မှစပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် အတိုင်း မိမိကိုယ်မိမိ ခုခံ ကာကွယ်နိုင်ရန် အတွက်သာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် လဂျားယန်စခန်းရှိ တပ်မတော်သားများထံသို့ ရိက္ခာ ပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို သုံးကြိမ် ချုံခို တိုက်ခိုက်ခဲ့သည့် အတွက် တပ်မတော်သား (၃၅)ဦး ကျဆုံးကာ (၁၉ဝ)ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါလဂျားယန်စခန်းမှာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲရေးမတိုင်မီ (KIO/ KIA တို့၏ လိုင်ဇာစခန်းမရှိမီ) ကပင် တပ်မတော်က အခြေစိုက်၍ နယ်မြေ လုံခြုံရေး ဆောင်ရွက်ခဲ့သည့် စခန်းဖြစ်ပြီး ထိုစခန်းသို့ ရိက္ခာများ ပို့ဆောင်မည် ဖြစ်ကြောင်းကိုလည်း KIO/KIA အဖွဲ့သို့ ကြိုတင် အသိပေးပြီးမှ ဆောင်ရွက်ခဲ့သည့်တိုင် KIO/KIA အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ရိက္ခာ ပို့ဆောင်နိုင်ခြင်း မရှိသည့်အတွက် စခန်းအတွင်းရှိ တပ်မတော်သား စစ်သည်များအနေဖြင့် စားနပ်ရိက္ခာများ ပြတ်လပ်ပြီး အသက်အန္တရာယ် စိုးရိမ် ရသည့်အခြေအနေကို ရောက်ရှိလာသောကြောင့် စစ်သည်များ အသက်ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန် အတွက် အထက်ပါ နယ်မြေ ရှင်းလင်းမှုများကို တပ်မတော်က မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။
၃။ လေကြောင်းပစ်ကူ ရယူခဲ့ရခြင်းမှာလည်း KIO/KIA တပ်စခန်းပစ်မှတ်များကိုသာ တိတိကျကျ ထိမှန် ချေမှုန်းနိုင်ရန်နှင့် စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို ရှောင်လွှဲ လိုသောကြောင့်ဖြစ်သည်။ KIO/KIA တပ်များသည် လဂျားယန်စခန်းအား အပြင်မှ သံဆူးကြိုးခတ်၍ အဆက်အသွယ် ဖြတ်တောက် ထားသောကြောင့် တပ်စခန်းအတွင်းရှိ တပ်မတော်သား စစ်သည်များ အတွက် ရိက္ခာပို့ရန်၊ စစ်ရေးအရ တိုက်ခိုက်ရန်သာရှိသဖြင့် မလုပ်မဖြစ် လုပ်ခဲ့ရခြင်း ဖြစ်သည်။ တပ်မတော်သည် ငြိမ်းချမ်းရေး စကားဝိုင်းမှ တစ်ဆင့် မိမိတပ်စခန်းများကို ရွှေ့ပြောင်းပေးရန် ဆုံးဖြတ် ထားခဲ့သော်လည်း တစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် KIO/KIA မှ လာရောက်ခြင်း မရှိဘဲ နိုင်ငံတော်အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း စသည့်အကြောင်းအချက်များသည် ယခုတိုက်ပွဲများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာစေသည်။
၄။ ယခုအခါ တပ်မတော် အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရှိရသည်။
၅။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ်မိမိ ခုခံ ကာကွယ်ရန်မှအပ ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာ သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားသည်။ သို့သော် လက်နက်ကိုင် ပဋိပက္ခတစ်ခုတွင် တင်းမာမှု အရှိန်လျော့ကျစေရန် အတွက် နှစ်ဘက်လုံးက တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် KIO/KIA အနေဖြင့်လည်း တပ်မတော်တပ်ဖွဲ့များကို စတင်တိုက်ခိုက်မှု မပြုရေး လက်အောက် တပ်ဖွဲ့များကို ညွှန်ကြား ကြပ်မတ်သွားရန် တိုက်တွန်းသည်။ ပြီးခဲ့သောဖြစ်စဉ်များကို ပြန်လည် လေ့လာပါက မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုရန် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတား ဖောက်ခွဲ ဖျက်ဆီးမှု(၁၂၂)ကြိမ်၊ မိမိ တပ်စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်ခြင်း(၆၄)ကြိမ်၊ အရပ်သားများ မိုင်းနင်းမိခြင်း (၃ဝ)ကြိမ်၊ လုယက် ဖျက်ဆီးခြင်း (၆ဝ)ကြိမ်၊ လူသစ် စုဆောင်းခြင်းနှင့် အဓမ္မ ဖမ်းဆီးခြင်း (၂၈)ကြိမ်ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း (၁ဝ၉၅)ကြိမ် ဖြစ်ပွားခဲ့ကာ ၎င်းဖြစ်စဉ်များတွင် အရာရှိစစ်သည် အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများရှိခဲ့သည်။
၆။ ထို့ပြင် ကချင်ပြည်နယ်အတွင်း ပြန်လည် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒုက္ခ ရောက်နေရသည့် ပြည်သူများကို စာနာ ထောက်ထားသောအားဖြင့် အများပြည်သူ အသုံးပြုနေသည့် ကားလမ်း၊ ရထားလမ်းများကို ပိတ်ဆို့ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် KIO/KIA လက်နက်ကိုင် အဖွဲ့များက မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၅၆)ကြိမ်၊ မြစ်ကြီးနား- ဆွမ်ပရာဘွမ် ပူတာအို လမ်းတွင် မိုင်းခွဲ တိုက်ခိုက်မှု(၁၅)ကြိမ်၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းတွင် မိုင်းခွဲ တိုက်ခိုက်မှု (၄၂)ကြိမ် ပြုလုပ်ခဲ့သည့် အတွက် ပြည်သူများ ထိခိုက် ဒဏ်ရာရ အသက် ဆုံးရှုံးမှုများရှိသကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးများလည်း ပြတ်တောက်ခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ပြီး အထူးသဖြင့် ပူတာအိုဒေသရှိ ပြည်သူများ အနေဖြင့် စားနပ် ရိက္ခာရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော် လေယာဉ်များနှင့်ပါ ရိက္ခာများ ကူညီ ပို့ဆောင်ပေးလျက် ရှိသည်။ တပ်မတော်အနေဖြင့် အရပ်ဘက် ပစ်မှတ်များကို လုံးဝတိုက်ခိုက်ခြင်း မပြုရန် ညွှန်ကြားထားပြီး ဖြစ်သဖြင့် KIO/KIA လက်နက်ကိုင် အဖွဲ့အနေဖြင့်လည်း အများ ပြည်သူ သွားလာနေသည့် ရထားလမ်း၊ ကားလမ်းများကို နှောင့်ယှက် တိုက်ခိုက်နေခြင်းများအား ရပ်ဆိုင်းရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ လက်နက်ကိုင် တိုက်ခိုက်မှုများ အရှိန်လျော့ကျ လာသည့်နှင့်အမျှ ဒေသခံ ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး အကူအညီများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ပိုမို ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။
၇။ နိုင်ငံတော် အစိုးရသည် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ KIO/KIA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်မည် ဖြစ်သည်။ နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် KIO/KIA လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်း ဆိုင်ရာများကို အဆုံးအဖြတ် ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော် နှင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည်။
၈။ နိုင်ငံတော် အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်သား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် KIO/KIA အပါအဝင် တိုင်းရင်းသား ပြည်သူ အားလုံးနှင့် လက်တွဲ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
http://www.ministryofinformation.gov.mm/index.php/announcement/2056-2013-01-18-13-32-33.html
UPDATE YE HTUT
၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တိုက်ပွဲများမစတင်မီက တပ်မတော် လဂျားယန်စခန်းကို ကေအိုင်အေ တပ်ဖွဲ့များ ဝိုင်းထားတဲ့အခြေအနေပါ။ ဒီတပ်ဖွဲ့တွေကို ဖယ်ရှားပြီး ရိက္ခာပို့နိုင်အောင်ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။
Blue cross is Burma Army . Red is KIA .
It is before 27 Dec 2012.
