KO KO GYI-LEADER 88 GENERATION STUDENT 13.NOVEMBER 2012: ခွန်အားရှိသော အာဏာမဲ့များ

ခွန်အားရှိသော အာဏာမဲ့များ
ကျနော်ခုလိုပြောကြားခွင့်ရတဲ့အတွက် ဒီအခမ်းအနားစီစဉ်သူတွေကိုကျေးဇူး တင်ကြောင်း ရှေးဦးစွာတင်ပြပါရစေ။ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီ လှုပ်ရှားမှု အနေအထားနဲ့ “ခွန်အားရှိသော အာဏာမဲ့များ” ခေါင်းစဉ် အကြောင်း ဆွေးနွေးဖို့ ဖိတ်ကြားခံရတဲ့အတွက်လဲ အထူးပင်ဂုဏ်ယူမိ ပါတယ်။ ကျွန်တော် တို့တစ်တွေနဲ့ သမ္မတကြီးကြား စိတ်ခွန်အားဆိုင်ရာ ဆက်နွယ်မှုတွေဟာ လေးနက်လွန်းတာကြောင့်မို့လို့

သွားလေသူသမ္မတကြီး မစ္စတာဟာဗဲလ်နဲ့ ချက်ပြည်သူအားလုံးကို ကျွန်တော်တို့ရဲ့ဝမ်းနည်းတသ မှုတွေ ဖော်ကျူးခွင့်ပြုပါ။
တစ်ကယ်တော့ မစ္စတာဟာဗဲလ်ဟာ ကျွှန်တော်တို့ပြည်သူတွေနဲ့ ရင်းနှီးပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းတွေမှာ မစ္စတာဟာဗဲလ် ရဲ့ “အာဏာမဲ့တို့၏ခွန်အား’’ အယူအဆကို မကြာခဏ အမွှန်းတင်ခဲ့တာပါ။ “ငြိမ်းချမ်းရေးတွက်ခြိမ်းခြောက်မှု’’ဆိုတဲ့ အစီရင်ခံစာအတွက်လည်း ကျေးဇူး တင်ရပါတယ်။ မစ္စတာဟာဗဲလ်နဲ့ ဘုန်းတော်ကြီးဒက်စမွန်တူးတူးတို့ ပူးတွဲပြီး ဥရောပသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အစိုးရကို အရေးယူဖို့ တောင်းဆိုတာဟာ ကျွန်တော့်အမြင်ကတော့ ကျင့်ဝတ်ဆိုင်ရာအခြေခံကနေ ဆောင်ရွက်ခဲ့တာပါ။ မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးစားပွဲကိုတင်လိုက် ခြင်းဖြင့် ဒီအစီရင်ခံစာက နိုင်ငံတကာအာရုံစိုက်မှု မြင့်မားလာစေခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ဖို့အတွက် အားကောင်းတဲ့ နိုင်ငံတကာချဉ်းကပ်မှုလမ်းကြောင်း အသစ်တစ်ခုလည်း ဖြစ်ပေါ်စေခဲ့ပါ တယ်။ သမ္မတဟာဗဲလ်ရဲ့ မြန်မာအရေးကြိုးပမ်းမှုတွေဟာ မူဝါဒရေးရာ နယ်ပယ်မှာသာ မကပဲ နိုင်ငံရေးအရ စိတ်ဓာတ်ခွန်အားအရ ပိုပြီး အရေးပါပါတယ်။ ကျွန်တော် ထောင်ထဲမှာတုန်းက မစ္စတာဟာဗဲလ်ရဲ့ နာမည်ကျော် “အာဏာမဲ့တို့၏ ခွန်အား” ကို ကျွန်တော့်ထက်ငယ်ရွယ်တဲ့ နိုင်ငံရေးအကျဉ်းသား အသစ်တွေဆီကတစ်ဆင့် ကြားမိခဲ့ရပါတယ်။ ၂၀၀၅ခုနှစ်၊ မတ်လ ပထမအကြိမ် ထောင်ကပြန်လွတ်လာတဲ့အခါကျမှ မြန်မာဘာသာပြန်ထားတဲ့ စာအုပ်ကို ဖတ်ခွင့်ရခဲ့တာပါ။ မစ္စတာဟာဗဲလ်နှင့် လူချင်း တွေ့ဖူးချင်စိတ်တွေ အရမ်းကို ဖြစ်ခဲ့မိပါတယ်။ ဒီလိုနဲ့ ၂၀၀၇ ခုနှစ်မှာ နောက်တစ်ကြိမ်ထပ်အဖမ်းခံရပြီး ထောင်ဒဏ်၆၅နှစ်၊ ၆လချမှတ်ခံခဲ့ရ ပြန် ပါတယ်။ ကံမကောင်းချင်တော့ ကျွန်တော် ထောင်ကပြန်လွတ်ခါနီးလေးမှာပဲ သမ္မတဟာဗဲလ် တစ်ယောက် ကွယ်လွန်သွားခဲ့ပါပြီ။ အဲဒီနေ့ဟာ အုတ်နံရံ အခန်းကျဉ်းကလေးထဲ ကျွန်တော့်ရဲ့ရွှေရတုမွေးနေ့ကို အထီးကျန် ဆင်နွှဲ နေတဲ့နေ့။ ကြေကွဲစရာ တိုက်ဆိုင်မှုတွေနဲ့ ကျော်ကြားလှတဲ့ ဇာတ်ကောင် “ ကုန်စိမ်းသည် ” တစ်ယောက်ရဲ့ဘဝကို ပြန်ကြည့်ဖို့ ဖြတ်ခနဲ သတိပေး ခဲ့သလိုပါပဲ။
ကျွန်တော်က ဆင်းရဲသားလက်လုပ်လက်စား မိသားစုမှာ မွေးပြီး ကြီးပြင်း ခဲ့ရတာ။ ဖေဖေက လက်နှိပ်စက်စာရေး၊ မေမေက ဇာတိ မြို့ကလေးရဲ့ ကုန်စိမ်းတွေကို ချဉ်ဖတ်ထည့်ရောင်းတယ်။ ကျွန်တော် ကျောင်းမသွားခင် မနက် စောစောထပြီး မေမေ့ကို ဆိုင်ကူဖွင့်ပေးရတယ်။ အဲဒါ ၁၉၈၈ (၈၈၈၈အရေးတော်ပုံကြီး) မတိုင်ခင်ထိပေါ့။ ကျွန်တော်တို့ တစ်တွေ စစ်တပ်တွေ ကျောထောက်နောက်ခံပေးထားတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်၊ ပိတ်လှောင်လူ့အဖွဲ့အစည်းထဲနေရတဲ့ကာလ။
ဆိုရှယ်လစ်အစိုးရလက်ထက် ဖတ်စရာစာပေကလည်း အကန့် အသတ်နဲ့၊ အများစုက ပါတီအာဘော်ဝါဒဖြန့်ချိရေးတွေ၊ ကျွန်တော် ဝင်လုပ်စရာ လွတ်လပ်တဲ့ နိုင်ငံရေး၊ လူမှုရေးအသင်းအဖွဲ့ကလည်းမရှိ၊ ကျွန်တော့် နေ့စဉ် အလုပ်က မိသားစုအလုပ်၊ ကျောင်း၊ ပြီးတော့ အိမ်နားကလက်ဖက်ရည်ဆိုင်မှာပေါ့။ ကျွန်တော် ဒီလောက် ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြီး ဘာကြောင့် ဆင်းရဲရတာလဲဆိုတာ နားမလည် နိုင်တာ အမှန်။ နှစ်စဉ်နှစ်တိုင်း ကုန်ထုတ်လုပ် မှုတွေ တိုးတက်ကြောင်း၊ အစိုးရက ကြေငြာနေတဲ့ကြားက ကျွန်တော်တို့အနီး အနားက စက်ရုံတွေ ဘာကြောင့် ပုံမှန်မလည်ပတ်နိုင်တော့တာလဲဆိုတာ နားမလည်ရိုးအမှန်။ ချုပ်ပြော ရရင်တော့ ဘာကြောင့် ဆင်းရဲနေကြရတယ်၊ ဘာကြောင့် လိမ်ညာ နေတယ်ဆိုတာ ကွဲကွဲပြားပြား မစဉ်းစားတတ်ခဲ့ပါဘူး။
အဲဒီနောက်တော့ အရေးပါတဲ့ အဖြစ်အပျက်တစ်ခုက ကျွန်တော်တို့ကို အပြင်းအထန် ထိုးနှက်လိုက်ပါတော့တယ်။ ၁၉၈၇စက်တင်ဘာလမှာ ဆိုရှယ် လစ်အစိုးရက ငွေစက္ကူတွေကိုတရားမဝင် ဖျက်သိမ်း ပစ်လိုက်ပါတယ်။ ကျွန်တော်တို့မိသားစု ခဲရာခဲဆစ်ရှာဖွေထားတဲ့ ပိုက်ဆံတွေဟာ ချက်ချင်း စက္ကူစုတ်ဖြစ်သွားတော့တာပါပဲ။ လက်လုပ်လက်စားဘဝလေးဟာလဲ လှုပ်ခါ သွားပါတယ်။ ဒါမတရားဘူးဆိုတဲ့အသိဟာလဲ ကျွန်တော့်ခေါင်းထဲမှာ နိုးထ လာပါပြီ။ ကျွန်တော်တို့ ကျောင်းသားတွေ ငွေစက္ကူဖျက်သိမ်းမှုကို ဆန္ဒပြကြတယ်။ ၁၉၈၈ စောစောပိုင်းမှာ ကျွန်တော်တို့ကျောင်းသားတွေ သေတယ်။ ဆန္ဒပြမှုတွေ တောက်လျှောက်ဖြစ်ခဲ့ကြတယ်။ ၁၉၈၈ ၊ မတ်လ ၁၆ရက် လက်နက်မဲ့ကျောင်းသားဆန္ဒပြသူတွေကို စစ်တပ်နဲ့လုံထိန်းရဲတွေ ညှပ်ပြီး ရိုက်နှက်တော့ ကျွန်တော်ကိုတိုင် အသက်လုပြီး ပြေးခဲ့ရတယ်။ ဒီအဖြစ်အပျက်ဟာ ကျွန်တော့်အတွက် တစ်ဆစ်ချိုးလိုက်တာ။ ဒီလို သွေးအေးအေးနဲ့ အကြမ်းဖက်မှုဟာ ကျွန်တော့်ရဲ့မကြေနပ်မှု၊ ခံပြင်းစိတ်ကို ချွန်းဖွင့်လိုက်တာ။ မတရားမှုဆိုတဲ့အသိရယ်၊ ခံပြင်းစိတ်ရယ် ရောပြွန်းပြီး တော်လောက်ပြီ၊ “ ဒီလောက်ဆိုတော်လောက်ပြီ” လို့ ကိုယ့်ဘာကိုယ် ရေရွတ်လိုက်မိတယ်။ သန္ဒိဋ္ဌာန်ချလိုက်တယ်။ ဒီမတရားမှုတွေကို တိုက်မယ်၊ ငါတို့လူ့အဖွဲ့အစည်းရဲ့ ကမောက်ကမမှုတွေ၊ ဆင်းရဲမွဲတေမှုကအစ ဖိနှိပ်မှု တွေအထိ ဒါဟာ ဂုဏ်သိက္ခာတိုက်ပွဲပဲ . . . . . လို့ ။
လူသားဟာ ရွေးချယ်စရာမရှိတဲ့ အပြုခံသပ်သပ် မဟုတ်ဘူး။ အမိန့် နာခံခြင်းဟာ တစ်လမ်းတည်းသော နည်းလမ်းမဟုတ်ဘူး။ သမ္မတ ဟာဗဲလ်က သူ့ရဲ့စာတမ်းမှာ. . .“အကြွင်းမဲ့အာဏာရှင် စနစ်လွန်ခေတ်တွေရဲ့ အဓိကဒေါက်တိုင်က လိမ်လည် လှည့်ဖြားခြင်း၊ အဓိက ခြိမ်းခြောက်မှုကတော့ အမှန်တရားပဲ’’ . . (စာ ၁၄၈)။ အဲဒီလိမ်လည်လှည့်ဖြားမှုတွေ၊ ကိုယ့်ဘာကိုယ် ရောင့်ရဲနေတာတွေကို ဖောက်ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော်တို့ တက္ကသိုလ် ကျောင်းဝင်းထဲမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့ကြတယ်။ တကယ်တော့ ၁၉၆၂သမဂ္ဂအဆောက်အဦးကြီးကို စစ်အစိုးရ ဖောက်ခွဲဖျက်စီးပြီးကတည်းက တရားမဝင် သမဂ္ဂတွေဖြစ်ခဲ့ကြရတာ။ ကျွန်တော်တို့တစ်တွေ အာဏာရှင်ဆန့်ကျင်ရေးစာရွက်တွေ ဝေကြတယ်။ ၁၉၈၈ သြဂုတ်လ ၈ ရက် (သမိုင်းဝင်၈လေးလုံး)အကြမ်းမဖက်တစ်နိုင်ငံလုံး လူထုအုံကြွမှုကြီးကို လှုံ့ဆော်ခဲ့ကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ ပြည်သူတွေ လမ်းမတွေပေါ် တက် တောင်းဆိုခဲ့ကြပါတော့တယ်။ ရိုးစင်းတဲ့ သိက္ခာရှိတဲ့ နေထိုင်မှု ဘဝကို တောင်းဆိုခဲ့ကြတာပါ။ ဒါဟာ ကျွန်တော်တို့သမိုင်းမှာ အကြီးကျယ်ဆုံး လူထုအုံကြွမှုပါပဲ။ ဒီသမိုင်းဝင် လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့ပြီးတဲ့ နောက်မှာတော့ လူသားဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်ဖန်တီး နိုင်တဲ့သူ ဖြစ်တယ်ဆိုတဲ့ ကျွန်တော့်ယုံကြည်ချက်က ပိုပိုပြီးခိုင်မာလာပါတယ်။
တစ်ခါတစ်လေကြတော့ မြန်မာအတိုက်အခံတွေဟာ ဘာမှမလုပ် နိုင်တော့ပါဘူး။ လူထုရဲ့အသံကိုလည်း ကိုယ်စားမပြုတော့ပါဘူးလို့ ပြောနေ ကြတဲ့ ပညာတတ်တစ်ချို့၊ သံတမန်၊ ဂျာနယ်လစ်တစ်ချို့ရဲ့ ဝါးတားတား အပြစ်တင်သံတွေကြားမိတယ်။ အာဏာမဲ့သူတွေ (People In Need) ထက်စာရင် အာဏာရှိသူတွေ (People In Power) နဲ့ဆက်ဆံရမယ် ဆိုတာမျိုးတွေပေါ့။ ဒီကောက်ချက်တွေ လုံးဝမှားတယ်လို့ပဲ ပြောရလိမ့်မယ်။ သူတို့တတွေ လက်လွတ်စပယ် မှတ်ချက်တွေ မချခင်မှာ မစ္စတာဟာဗဲလ်ရဲ့ စာအုပ်ကိုဖတ်ပြီး ဆောင်ထားဖို့ကောင်းတယ်။

ကိုကိုကြီ

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s