ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့တွင် လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ဦးခန့်က ၎င်းတို့၏နစ်နာမှုများ အား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန(သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ခွင့်ပြုချိန်ကျော်လွန်သော်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြရာ နိုဝင်ဘာလ ၂ရက်နေ့ညနေ ၄နာရီ ၃၀မိနစ်အချိန်အထိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့်သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လူစုခွဲရန် သုံးကြိမ်တိတိ သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆန္ဒထုတ်ဖော်သူများ၏ ပြောကြားချက်အရ
သိရသည်။ ထို့ပြင် လယ်သမားများက နို ၀င်ဘာလ ၂ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီး၊ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား ၎င်းတို့ကြုံတွေ့နေရ သည့်အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များရေးသား၍ ဆန္ဒထုတ်ဖော်မှုများ ပြလုပ်လျက်ရှိသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ”ခွင့်ပြုချိန်ကိုကျော်လွန်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ချိန်ကတည်းက ပုဒ်မ ၁၈နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုမိုဖြေဆိုခွင့်မရှိပါဘူး”ဟု ပြောပြခဲ့ပါသည်။ လက်ရှိအချိန်တွင်မူ ဆန္ဒထုတ်ဖော်နေသူများအား စေတနာရှင်ပြည်သူအချို့မှ မုန့်၊သစ်သီးနှင့် ရေသန့် စသည်တို့ကို လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။