သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့ကျေးရွာအုပ်စုအား မြို့အဆင့်တိုးမြင့်ရန်၊ တာချီလိတ် – ပုံပါကျင် – BP 1 လမ်းအား ကွန်ကရစ်လမ်းတိုးချဲ့ဖေါက်လုပ်ရန် တောင်ပိုင်း ဝ တပ်ဖွဲ့စိုင်းပြင်းနေကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။

“တောင်ပိုင်း ဝ တပ်ဖွဲ့ က လူထုအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီးလုပ်တာ၊ ဦးချော်ချင် ဆိုတဲ့သူပေါ့။ ဟွေအော့ ရဲ့ နောက်ဘက် ကုန်းဆာကနေ ဟွေ့အော့ ကိုပတ်ပြီး ဒီဘက် ဟောင်လိတ်အထိ မြေတွေထွန်ယက်နေတယ် လမ်းတွေဖေါက်နေတယ်၊ ဖြူးနေတာဘဲ” – ဟု ထိုင်းနယ်စပ်ရောက်ဟွေ့အော့ဒေသခံတဦးက ပြောပါသည်။
မတ်ခ်ျလ ကစ၍ သံလွင်အရှေ့ခြမ်း သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ် ခွဲ ဟွေ့အော့ကျေးရွာအုပ်စု ဟွေ့အော့ရွာအား မြို့အဆင့်တိုးမြင့်ရန် တောင်ပိုင်းဝတပ်ဖွဲ့ ပြင်ဆင်နေကြောင်း၊ ထို့အတူ တာချီလိတ် – မိုင်း ဆတ် – မိုင်းတုံ – ပုံပါကျင် – ဘီပီဝမ်း (ထိုင်းနယ်စပ်) အထိ ၂၅၀ ကီလိုမီတာခန့်ရှိ ကျောက်ခင်းလမ်းအား နှစ်လမ်းသွားကွန်ကရစ်လမ်းတိုးချဲ့ ရန်အတွက် ဆောက်လုပ်ရေး ကန်ထရိုက်ရယူရန် အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း တောင်ပိုင်းဝ တပ်မှူးများနှင့် ဝင်ဆန့် သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။
“အမှန်ကတော့ ဒီလမ်းက နိုင်ငံတော်ဘတ်ဂျတ်နဲ့ နေပြည်တော်က တိုက်ရိုက်ကိုင်မှာ၊ လမ်းဆောက်လုပ်တာ၊ မြို့တိုးချဲ့တယ်ဆိုတာ အစိုးရက ဒီတိုင်းဆုံးဖြတ်လို့မရဘူး၊ လွှတ်တော်ကနေ ဆုံးဖြတ်ရမယ့်ကိစ္စ၊ အဲဒီကိစ္စ ဝ တွေ လုပ်ချင်တယ်ဆိုတာတော့ကြားရတယ်” – ဟု မိုင်းတုံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် သျှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းဝင်းမြတ်ဦးက ပြောပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ အဆိုပါ တာချီလိတ် – ဘီပီဝမ်းလမ်းအား တောင်ပိုင်း ဝ တပ်ဖွဲ့က တရုတ်ပြည်မှ လမ်းဆောက်လုပ်ရေးအင်္ဂျင်နီယာများ၊ တရုတ်အလုပ်သမားများ လူဦးရေ စုစုပေါင်း ၅ သောင်းခန့် ဖြင့် တပြိုင်နက်ဆောက်လုပ် သွားရန်ပြင်ဆင်နေကြောင်း၊ လမ်းဆောက်လုပ်ရေးဘတ်ဂျတ်အတွက်လည်း တရုတ်ယွမ်ငွေ သန်း ၂၅၀ လျာထားကြောင်း ကြားသိရပါသည်။
“တာချီလိတ် – ဟိုပန်ဟိုယွတ်လမ်းပိုင်း၊ ဝမ့်ဟုန့် – မိုင်းယွန်း လမ်းပိုင်းကို ၀တပ်ဖွဲ့ဖေါက်တုန်းက တရုတ်အင်္ဂျင်နီယာ၊ တရုတ် လုပ်သားတွေဘဲ အသုံးပြုတယ်၊ ကျနော်ကြားထားတာက တာချီလိတ် မိုင်းတုံ ဘီပီဝမ်း အပြင် မိုင်းတုံ – မိုင်းပန် – တောင်ကြီးလမ်း လဲ ဝတပ်ဖွဲ့ကဘဲ ကန်ထရိုက်ဆွဲပြီး လမ်းကြေးဂိတ်ကြေးတွေပြန်ကောက်ယူမယ်လို့ကြားတာဘဲ၊ တာချီလိတ် – ကျိုင်းတုံ လမ်းလို ပေါ့။ အဲဒါ့ကြောင့် ဒီကိစ္စလည်းဖြစ်နိုင်ပါတယ်” – ဟု အမည်မဖေါ်လိုသည့် ပြည်ခိုင်ဖြိုးပါတီဝင်တဦးက ပြောပါသည်။
လမ်းဆောက်လုပ်ရေးအတွက် မတ်ခ်ျ ၂၅ ရက်နေ့ က တောင်ပိုင်းဝ ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးချော်ချင်က ပန်ဆန်း ၀ ဌာနချုပ် သို့ သွားရောက်အစည်းအဝေးထိုင်ခဲ့ကြောင်းကြားသိရပါသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ – ပုံပါကျင် လမ်းအား ၂၀၁၂- ၂၀၁၃ အတွင်း ကျောက်ချောလမ်း အပြီးခင်းရန် အတွက် ပြည်ထောင်စု အစိုးရက ကျပ်သိန်း ပေါင်း ၁၂,၀၀၀ ချပေးခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာက ရေးသားဖူးပါသည်။
http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3088–bp-1-uwsa-.html