affect-on-civilian-military-relationship-part-2 by photayokeking

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ယခင်အပိုင်းတွင် ဆွေးနွေးခဲ့သော အချက်များက ဒီမိုကရေစီကို ဖြစ်ပေါ်တိုးတက်အောင် ဆောင်ရွက်နေသည့် အာရှလူ့အဖွဲ့အစည်းများမှ စစ်တပ်များ၏ အခန်းကဏ္ဍကို နည်းလမ်း အမျိုးမျိုးနှင့် ကွဲပြားခြားနားသော ဒီဂရီ အတိုင်းအတာတို့အရ ပြန်လည်၍ ပုံသွင်းပေးခဲ့ပေ သည်။ တင်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း မဟာဗျူဟာ ပတ်ဝန်းကျင် (strategic environment) မှ အခြေခံကျသော အပြောင်းအလဲများသည် တကမ္ဘာလုံးမှ အစိုးရများ အနေဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို ပြန်လည်၍ အဓိပ္ပါယ်ဖွင့်ဆိုရန် တွန်းအားပေးခဲ့ပေသည်။ ပြင်ပဆိုင်ရာ ခြိမ်း ခြောက်မှုများ မရှိတော့ခြင်းက ကြီးမားသောစစ်တပ်များနှင့် အရွယ်အစားကြီးသော ဘတ်ဂျက် လိုအပ်မှုများ မှန်ကန်ကြောင်း သက်သေပြခြင်းများကို လျော့ချ ဖြတ်တောက်ခဲ့သော်ငြားလည်း မဟာဗျူဟာ ပတ်ဝန်းကျင်အသစ်က စစ်ဘက်ဆိုင်ရာ ခေတ်မှီရေး (military modernization) အပါအ၀င်ဖြစ်သော တပ်ဖွဲ့များ ပြန်လည်ဖွဲ့စည်းမှု (force restructuring) လိုအပ်ချက်ကို ဖြစ်ပေါ်စေခဲ့ပေသည်။

စစ်အေးတိုက်ပွဲ ပြီးဆုံးမှုက တရုတ်နိုင်ငံတွင် တရုတ် – ရုရှားနယ်စပ် (Sino-Russian border) ပုံမှန်ဖြစ်စေခြင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အား ပြန်လည် ဖွဲ့စည်းခြင်းအား စေ့ဆော်အားပေးခြင်းနှင့် တရုတ်လက်နက်များ ခေတ်မီအောင်ပြုလုပ်ရေး သဘာဝကို ပြောင်းလဲစေခဲ့ခြင်း စသည်တို့ကို ဖြစ်ပေါ်စေခဲ့ပေသည်။ တချိန်တုန်းက မဟာ အင်အားကြီး နိုင်ငံနှစ်ခုအကြား တည်ရှိခဲ့သော သြဇာအာဏာ (leverage) များ ပျောက်ဆုံး သွားပြီးနောက် တရုတ်သည် ၄င်းကိုယ်တိုင်အတွက် လွတ်လပ်သော အခန်းကဏ္ဍဖြင့် ရပ်တည်မှုကို အခိုင်အမာ ရယူခဲ့ပေသည်။ ယင်းမှာ အပြာရောင် ရေမျက်နှာပြင် ရေတပ်မတော် (Blue-water navy) အား တည်ဆောက်မှုများ ပြုလုပ်ခြင်းနှင့် ခေတ်မီ လေတပ်မတော်အား ဖန်တီး တည်ဆောက်ခြင်းတို့ဖြင့် အထက်ပါ အနေအထား ရယူမှုကို ဖြစ်ပေါ်စေခဲ့ပေသည်။

၎င်း၏ရည်မှန်းချက် ကြီးမားသော စစ်ဘက်ဆိုင်ရာ စီမံချက်၊ တောင်တရုတ်ပင်လယ်ပြင် (South China Sea) မှ အလားအလာရှိသော အဏ္ဏ၀ါ ဇီဝဗေဒဆိုင်ရာ အရင်းအမြစ်များ အပေါ် ၄င်း၏တောင်အာရှ (၄) နိုင်ငံနှင့် ပြိုင်ဆိုင်မှုအသစ်နှင့် ၄င်း၏ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ နားမလည်နိုင်သော အထွေထွေ လျှို့ဝှက်မှုများက အဓိပ္ပါယ်ဖွင့်ဆိုသည်မှာ တရုတ်သည် ဒေသအတွင်း၌ စွမ်းအားကိန်းအောင်း တည်ရှိသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု (potential security threat) အား ဖြစ်ပေါ်စေသည်ဟု ဆိုလိုပေသည်။ တရုတ်နိုင်ငံ အနေဖြင့် ၄င်း၏ခေတ်မီရေးဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးချိန်၌ အာရှဒေသအတွင်း၌ လွှမ်းမိုးနိုင်သော ဇာတ်ကောင် (domninantactor) ဖြစ်လာရေးအတွက် ၄င်းအနေဖြင့် ကြိုးပမ်းနိုင်ရေး မနိုင်ရေးဆိုသည်မှာ ဒေသတွင်းမှ တခြားသော စွမ်းအားအာဏာရှိသော နိုင်ငံများက မဟာဗျူဟာဆိုင်ရာ ပတ်ဝန်းကျင် အသစ်အား မည်သို့တုန့်ပြန်သလဲ ဆိုသည်နှင့် မြောက်ကိုးရီးယား နျူကလီးယားလက်နက် အစီအစဉ် (North Korean nuclear-weapons program) အား အဆုံးသတ်တွင် မည်ကဲ့သို့ ဖြေရှင်းပြီးစီးမလဲ ဆိုသည်တို့အပေါ်၌ မူတည်နေပေသည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ တိုးတက်လာနေသော နိုင်ငံရေး ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (political autonomy) နှင့် စီးပွားရေး အကျိုးအမြတ်များက တရုတ်နိုင်ငံရေး ခေါင်းဆောင်များက စစ်ဘက်တို့အား ထိန်းချုပ်နိုင်သော စွမ်းရည်များကို လျော့နည်းလာစေပေသည်။ အထူးသဖြင့် နိုင်ငံရေးအရ ဆက်ခံခြင်းများ (political succession) ဖြစ်အံ့ဆဲဆဲ ကာလများ အတောအတွင်း၌ ဖြစ်ပေသည်။

ထိုင်းနိုင်ငံကိစ္စတွင်မူ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ခေတ်မီအောင် ပြုလုပ်ရေး အစီအစဉ်သည် စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်နှင့် တချိန်တည်း ဖြစ်ပွားခဲ့ပေသည်။ ဗီယက်နမ်သို့ ၄င်း၏ထိပ်တိုက် ရင်ဆိုင်ရေး ရပ်တည်မှုကို စွန့်လွှတ်ခဲ့ပြီးသော ထိုင်းနိုင်ငံသည် ကွန်မြူနစ်ဝါဒအား ဆန့်ကျင် သောစစ်ပွဲများ၏ ရှေ့တန်းစစ်မျက်နှာတွင် တည်ရှိသော နိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိ မနေတော့ပေ။ သို့သော်ငြားလည်းဘဲ စစ်ဘက်နှင့် ဗျူရိုကရေစီယန္တရား၏ အပြင်ဘက်တွင် ခိုင်မာအားကောင်းသော အဖွဲ့အစည်းများ မရှိဖြစ်ကာ နိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ ရှိနေစေကာမူ စစ်တပ်၏ နိုင်ငံရေးအာဏာ ဝေစုသည် ကြီးကြီးမားမားပင် ဆက်လက် တည်ရှိနေခဲ့သည်။

စစ်ဘက်တို့သည် တန်ဘိုးရှိသော သစ်လုပ်ငန်းများ၊ တွင်းထွက် ကျောက်မျက်ရတနာများ၊ တခြားသော သဘာဝအရင်းအမြစ်များ သို့မဟုတ် အမြတ်ကြီးကြီးမားမား ရစေသော နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှ ရရှိသော ၄င်းတို့၏ ဝေစုကို စွန့်လွှတ်မည့်ပုံ မပေါ်ပေ။ ထို့အပြင် ထိုင်းအလယ်အလတ်တန်းစားများမှ စတင်ဖြစ်ပေါ်လာခဲ့သော ဒီမိုကရေစီအရေး လှုပ်ရှားမှုများသည်လည်း အနာဂါတ်ကာလတွင် ထောက်ခံမှု ဆက်လက်ရရှိ မရရှိ ဆိုသည်ကလည်း မရှင်းမလင်း ဖြစ်နေပေသည်။ ထိုအကြောင်းအချက်များကြောင့် ထိုင်းစစ်ဘက်တို့သည် ထိုအချိန်က အရပ်သားအာဏာပိုင်များနှင့် ဆက်ဆံအပေးအယူ ပြုလုပ်မှုများတွင် အထက်စီးကျသော အနေအထား (upper hand) ကို ပို၍ ရယူ ထားနိုင်ဖွယ်ရာ ရှိခဲ့ပေသည်။ (ဘာသာပြန်သူမှတ်ချက် – ထိုင်းနိုင်ငံ၏ ၁၉၉၀ ခုလွန်နှစ်များ အတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေး အခြေအနေများ ဖြစ်သည်။)

အင်ဒိုနီးရှား တပ်မတော်သည် နိုင်ငံအတွင်းတွင် အစည်းရုံးဆုံးနှင့် အဖွဲ့အစည်း ပုံစံကျ အလုပ်ဆောင်နိုင်ဆုံး နိုင်ငံရေး အဆောက်အအုံ တစ်ခုအဖြစ် ဆက်လက် တည်ရှိနေပေသည်။ နိုင်ငံရေး ယဉ်ကျေးမှုအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖေါက်ဝင်ရောက်၍ စစ်တပ်နှင့် ပြည်သူပြည်သားများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသော အင်ဒိုနီးရှားစစ်တပ်၏ “နှစ်ခုလုပ်ဆောင်ရေး” (dual function) မူဝါဒသည် ကြီးကြီးမားမား စိန်ခေါ်မခံရဘဲလျက် ဆက်လက် တည်ရှိနေပေသည်။ တချိန်တည်းတွင် အင်ဒိုနီးရှားနိုင်ငံရေးတွင် ဘာသာရေးနှင့် လူနည်းစု တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၏ ရှင်သန်ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုက စစ်ဘက်အသိုင်းအ၀ိုင်း အတွင်းတွင် အံ့သြတုန်လှုပ်မှုများစွာကို ဖန်တီး ဖြစ်ပေါ်စေခဲ့ပေသည်။

အထူးသဖြင့် သမ္မတဆူဟာတိုအား အစ္စလာမ်နှင့် လူနည်းစု တိုင်းရင်းသားရေးရာ ဖဲချပ်ဖြင့် စစ်ဘက်အာဏာအား တန်ပြန်အင်အားမျှရေး (counterbalance) ဆိုင်ရာ ကစားခြင်း လုပ်ဆောင်သူအဖြစ် သိမြင် နားလည်ကြပေသည်။ ဆူကာနို (Sukarno) ကျဆုံးမှု နောက်ဆက်တွဲအဖြစ် တိုင်းရင်းသားရေးဆိုင်ရာ အခြေခံသော ဖိနှိပ်မှုများ၏ အကြမ်းဖက်မှု များကို ကြုံတွေ့ခဲ့ကြသောကြောင့် စစ်ဘက်အခွင့်ထူးခံများသည် လောကီရေး သက်သက်ဝါဒ (secularism) ကို အခိုင်အမာ ယုံကြည်သော ထောက်ခံသူများ ဖြစ်လာကြပေသည်။ Secularism ဆိုသည်မှာ ဥပဒေပညာရေးစသော လောကီကိစ္စများကို ဘာသာအယူဝါဒရေးရာ လွှမ်းမိုးမှု မရှိစေရေးဝါဒ၊ လောကီ သီးသန့်ဝါဒလို့ အဓိပ္ပာယ်ရသည်။ အင်ဒိုနီးရှားနိုင်ငံအား စောင့်ရှောက်သူအဖြစ် စစ်ဘက်အရာရှိများသည် တိုင်းပြည်၏ ဘာသာရေးကင်း၍ လောကီရေး သက်သက်ကိုသာ အခြေခံသော အမျိုးသား စည်းလုံး ညီညွတ်မှုကို အန္တရာယ် ကျရောက်စေမည့် နိုင်ငံဗရုတ်ဗရက်ဖြစ်မှု နောက်တစ်ကြိမ် ကျရောက် ကြုံတွေ့မည့်အရေးကို မနှစ်မြို့ဘဲ ဖြစ်နေကြပေသည်။

အလားတူစွာပင် လုံခြုံရေးဆိုင်ရာနှင့် ပတ်သက်၍ ပြောင်းလဲလာသော တွေးခေါ်မှုက စစ်ဘက်ဆိုင်ရာ လုပ်ငန်းမစ်ရှင်အား ပြန်လည်ပုံသွင်း လုပ်ဆောင်နေပေသည်။ လုံခြုံရေးနှင့် ပတ်သက်၍ ပို၍ ကျယ်ပြန့်ပြည့်စုံသော အမြင်များကို အရှည်သဖြင့် ပွေ့ဖက်လုပ်ဆောင် လာခဲ့သည့် ထိုကဲ့သို့သော နိုင်ငံများတွင်တောင်မှ ယင်းသို့ပြန်လည်ပုံသွင်း လုပ်ဆောင်မှုများ ဆောင်ရွက်နေပေသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ပို၍ ငယ်ရွယ်သော အရာရှိများက အသစ်ဖြစ်သော ဖွဲ့စည်းပုံကျ လုပ်ငန်းမစ်ရှင်အား အသေးစိတ် လုပ်ဆောင်မှုများကို စတင်ခဲ့ပြီး ဖြစ်ပေသည်။

ဖိလစ်ပိုင်နိုင်ငံတွင်မူ အပြောင်းအလဲသည် စတင်ခဲ့နှင့်ပြီဖြစ်ပြီး ပုလိပ်အဖွဲ့နှင့် စစ်ဘက်တို့ကို ဖွဲ့စည်းပုံအရနှင့် လုပ်ငန်းမစ်ရှင်အရပါ ခွဲခြားထားနှင့်ခဲ့ပြီး ဖြစ်ပေသည်။ အမေရိကန် ပြည်ထောင်စု၏ စစ်အခြေခံစခန်းများတိုင်းပြည် (ဖိလစ်ပိုင်) တွင်းမှ ရုတ်သိမ်း ထွက်ခွာ သွားမှုက အသစ်ဖြစ်သော ပြင်ပဆိုင်ရာ စူးစိုက်လုပ်ဆောင်မှုများကို တွန်းအားပေး မြှင့်တင်ခဲ့မှုများ ဖြစ်ပေါ်ချိန်နှင့် တချိန်တည်းတွင် ကွန်မြူနစ်နှင့် မူဆလင်သူပုန်များ တဖြည်းဖြည်း အင်အားနည်းလာမှုများက စစ်ဘက်တို့၏ အရွယ်အစားအား လျှော့ချရန် အခွင့်အလမ်း တရပ်ကို ပေါ်ပေါက်စေခဲ့ပေသည်။ သို့သော်ငြားလည်း စူးစိုက် လုပ်ဆောင်မှု အသစ် (new focus) သည် အခြေခံအားဖြင့် ပြင်ပဆိုင်ရာ ကျူးကျော်မှုများကို ခုခံတွန်းလှန်ရန် မဟုတ်ဘဲ ဂျပန်၊ တရုတ်၊ ကိုးရီးယား စသော အိမ်နီးချင်းနိုင်ငံများမှ ပို၍ ကောင်းမွန်စွာ တပ်ဆင်ထားသော သင်္ဘောများ၏ တရားမ၀င် ငါးဖမ်းခြင်းများမှ ဖိလစ်ပိုင်၏ ရေထွက်ဆိုင်ရာ အရင်းအမြစ်များကို ကာကွယ်ရန်အတွက် ပို၍ဖြစ်ပေသည်။

တောင်ကိုးရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့မှ စစ်တပ်အဖွဲ့များ၏ လုပ်ငန်းမစ်ရှင်များမှာမူ မြောက်ကိုးရီးယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အသီးသီးတို့မှ ဖန်တီးဖြစ်ပေါ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ဖြစ်လာသည့် ပြင်ပဆိုင်ရာ ကျူးကျော်မှုများကို ခုခံတွန်းလှန်ရန် အာရုံစူးစိုက် လုပ်ဆောင်နေရဆဲ ဖြစ်ပေသည်။ နျူကလီးယားစွမ်းအင် တောင်ကိုးရီးယားနိုင်ငံ၏ မြောက်ဖက်နယ်စပ်တွင် ထွက်ပေါ်လာနိုင်သော ဖြစ်နိုင်ချေက တောင်ကိုးရီးယား စစ်တပ်ဖွဲ့အား သန်မာအားကောင်းသော စစ်တပ်ဖွဲ့ တစ်ခုအဖြစ် ဆက်လက် ရပ်တည် ထိန်းသိမ်းထားမှုကို ပို၍ သေချာစေခဲ့ပေသည်။

ယင်းကဲ့သို့ သေချာစေခဲ့ခြင်းသည် တောင်ကိုးရီးယား စစ်တပ်သည် ပို၍ တိုးတက် ဖြစ်ပေါ်လာသော အရပ်ဘက် ထိန်းချုပ်မှုများ အောက်တွင်တောင်မှ ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် အဓိကကျသော ပြင်ပခြိမ်းခြောက်မှုများ ခိုင်မာစွာ ဆက်လက် တည်ရှိနေမှုက နိုင်ငံရေး သြဇာနယ်ပယ်အတွင်းသို့ ၄င်းတို့၏ မဟာဗျူဟာအရ အရေးပါမှုကို စစ်တပ်အနေဖြင့် ဆက်လက်တိုးပွား လုပ်ဆောင်နိုင်စေခဲ့ပေသည်။ ယင်းနှင့်ပတ်သက်၍ ၁၉၉၅ တွင် တောင်ကိုးရီးယား ၀န်ကြီးအဖွဲ့အား ပြန်လည် စည်းရုံးဖွဲ့စည်းရခြင်းကို သက်သေ အဖြစ် တွေ့ရပေသည်။

http://www.photayokeking.org/policylaw/research/899-affect-on-civilian-military-relationship-part-2

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s