ဆောင်းပါးရှင် – မန်းရောဘတ် ဘဇန်
ဖထီးနဲ့အတူ KNLA ရဲဘော်စစ်သည်များ အမှတ်တရပုံ
သူရဲကောင်း ကရင်လက်နက်ကိုင်တပ်ပေါင်းစုံက ရဲဘော်တို့ – (ဆွန်ဇူး) ရဲ့ “စစ်မဟာဗျူဟာ ကျမ်း” အခန်း(၃)၊ အပိုဒ် (၃) “To Subdue the Enemy without Fighting is the Acme of Skill” လို့ မိန့်ကြားထားတယ်။ တချို့စာအုပ်တွေက “The Supreme Act of War is to Subdue the Enemy Without Fighting” လို့ ဖေါ်ပြတယ်။ “လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းမရှိဘဲ ရန်သူကို အောင်မြင်ခြင်းမျိုးသည်သာ စစ်အတတ်ပညာ ကျွမ်းကျင်မှု၏ အမြင့်ဆုံး ဖြစ်သည်”။ “All Warfare is Base on Deception” “အလုံးစုံသော စစ်ရေးစစ်ရာ ဟူသမျှ တို့ကား လှည့်စားခြင်းအပေါ် အခြေခံသည်”
လက်နက်ကိုင် တိုက်ပွဲမဆင်နွှဲရဘဲ ရန်သူကို တိုက်ခိုက်နိုင်ဖို့ “ဆွန်ဇူး”ရဲ့ သွန်သင်ချက်ကို (၁၉၆၅)၊ (၁၉၆၆) ခုနှစ်လောက်မှာ မိမိ (KPLA) (Karen People Liberation Army) တပ်ရင်း(၂)၊ တပ်ရင်း နိုင်ငံရေးမှူးဘဝတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း၊ မြောင်းမြခရိုင်တွင် “ဆွန်ဇူး” ရဲ့ ဒီသင်ကြားချက်ကို လက်တွေ့အကောင်အထည်ဖေါ် ကြည့်ခဲ့ဖူးသည်။
မှတ်ချက်။ ထိုကာလ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ပေါင်းစုံတွင် (KPLA) (KPGF) နှင့် (KNDO) ဟူ၍ တပ်အမျိုးအစား (၃) မျိုး ရှိသည်။ (KPGF) (Karen People Guerrilla Forces) နှင့် (KNDO) (Karen National Defense Organization) ကရင်ပြည်သူ့ပြောက်ကျားတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဟူ၍ တပ်ဖွဲ့ သုံးမျိုးရှိခဲ့သည်။
(KPLA) တပ်ရင်း (၃) ရင်းရှိပြီး မိမိက တပ်ရင်း (၂) တွင် တာဝန်ကျသည်။ ထိုစဉ်က (၁၉၆၃) ခုနှစ်တွင် ရန်သူရဲ့ (ဥပါယ) ဗျူဟာကြောင့် (KRC) နှင့် (KNUP) ကွဲခဲ့သည်။ (KRC) (Karen Revolutionary Council) (KNUP) (Karen National United Party) တို့ဖြစ်သည်။ ထိုအကွဲအပြဲရဲ့ ဂယက်များက ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်းကိုလည်း ရိုက်ခတ်ခဲ့သည်။ မိမိတို့တပ်ရင်း၊ တပ်ခွဲ (၂) မှ တပ်ခွဲမှူး ဗိုလ်ကြီးခိုလမ်းဘတ် (Columbus) နှင့် တပ်အချို့ ကွဲထွက်သွားသည်။
လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ကြလို့ ဘက်နှစ်ဘက်က ကရင်သူရဲကေင်းတွေ ကျဆုံးရသည်။ ထိုခွဲထွက်အဖွဲ့ကို ဗိုလ်ချုပ် စောစိန်မှုန် ဦးစီးသည်။ ကရင်အချင်းချင်း သွေးထွက်သံယိုမှုဖြစ်စေတဲ့ လက်နက်ကိုင်တိုက်ပွဲဖြစ်ရင် မကောင်းမှန်း ကရင်တိုင်းသိကြသည်။ ထို့ကြောင့် ဆရာစောလမွန် ဦးစီးတဲ့အဖွဲ့ မိမိတို့တပ်ရင်းရုံးသို့ လာရောက်တွေ့ဆုံ ဆွေးနွေးကြသည်။
မှတ်ချက်။ ထိုစဉ်က ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံမှာ အရှေ့ကော်သူးလေတိုင်းတွင် ဗိုလ်ချုပ်မြမှ တပ်မ (၁) တပ်မမှူး တာဝန်ယူထားပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ဗိုလ်ချုပ်စောမြရင်က တပ်မ (၂) တပ်မမှူး တာဝန်ယူသည်။
တနေ့ တပ်မနိုင်ငံရေးမှူး ဗိုလ်မှူးချုပ်ကျော်သောင်း (ကွယ်လွန်) မှ မိမိကိုခေါ်ပြီး “ရွာထဲကို ရောက်နေတဲ့ “ကိုလန်းဘတ်” တို့အဖွဲ့ကို လက်နက်သိမ်းဖို့ မိမိကို တာဝန်ပေးတော့ “ကျနော် ကရင်အချင်းချင်း လက်နက်မသိမ်းချင်ဘူး၊ ဆွေးနွေးဖို့ လာတာဖြစ်တယ်မဟုတ်လား လို့ မေးတော့ “ဟုတ်တယ်၊ တပ်မမှူးက သိမ်းခိုင်းတယ်၊ ဒါအမိန့်ဘဲ” တဲ့။ “ကျနော့်ဆန္ဒက ကရင်အချင်းချင်း လက်နက်မသိမ်းချင်ဘူး၊ ရန်သူကို တိုက်နေကြတာဘဲ။ အမိန့်အရ သိမ်းရမယ်ဆိုရင် သိမ်းမယ်။ ဒါပေမဲ့ ကျနော့ဆန္ဒမရှိဘူး” ဆိုတာ မှတ်တမ်းတင်ထားပါလို့ ပြောပြီး လုပ်ငန်းစတော့သည်။
လက်နက်သိမ်းခိုင်းတယ်ဆိုတော့ လက်နက်ရရင်ပြီးရော။ ဒီတော့ တဘက်အင်အားစုရဲ့ (၁) အင်အား၊ (၂) တပ်တည်အနေအထား တို့ကို လေ့လာဖို့လိုတော့ တပ်ရင်းထောက်လှမ်းရေးမှူး ဗိုလ်စောတင်ထွန်းနှင့် တပ်ရင်းဌာနချုပ်မှ စောခိုလမ်းဘတ် တို့ကိုခေါ်ပြီး လှေတစ်စင်းနဲ့သွား ကြည့်သည်။
မှတ်ချက်။ ။ မြောင်းမြခရိုင် လပွတ္တာမြို့နယ်သည် မြစ်ချောင်းများပေါသဖြင့် ဥတုရာသီ သုံးပါးစလုံး လှေဖြင့်သာ သွားကြရသည်။ ဟိုရောက်တော့ တဘက်ရဲဘော်တွေရဲ့ တပ်တည်နေရာကို လေ့လာလိုက်တော့ တဲသုံးလုံးမှာ ခွဲနေကြသည်။ ထိုရဲဘော်များသည် မိမိနှင့်တပ်ရင်းတရင်းတည်းမှ ရဲဘော်များဖြစ်လို့ မိမိကို ယုံကြည်ထားပြီးသူများ ဖြစ်သည်။
သူတို့နှင့်သွားတွေ့ပြီး “ဒီနေ့ (KPGF) တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီးစောလေးမူးရဲ့သား မင်္ဂလာပွဲ ရှိတယ်။ တို့တပ်ရင်းက လဘက်ရည်နဲ့ မုံ့ကျွေးမယ်။ ရဲဘော်တို့လာအားပေးပါ” လို့ ပြောပြီး တပ်ရင်းကိုပြန်လာတယ်။ မိမိအစီအစဉ်ကို တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောသောင်းညွန့် (ကျဆုံး) နှင့် တပ်မနိုင်ငံရေးမှူး ဗိုလ်မှူးချုပ်မန်းကျော်သောင်းသို့ သတင်းပို့သည်။ ကော်ဖီ၊သကြား၊ နို့ဆီနှင့်မုန့်များ ယူသွားပြီး အသေးဆုံး တဲလွတ်တစ်လုံးကို ရွေးလိုက်သည်။ စားပွဲ (၃) လုံး ခင်းထားသည်။ သူတို့အင်အား (၂၅) ယောက် တပ်စုတစ်စုဖြစ်သည်။ တိုက်စွမ်းရည်ပြည့် ရဲဘော်များဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ သူတို့နှင့်တိုက်ဖူးသောရန်သူများ သူတို့ကို လေးစားကြောက်ရွံ့ကြသည်။
တပ်ခွဲ (၁) မှူး ဗိုလ်ကြီးစောသာမင်းနှင့်အဖွဲ့ ညမိုးမချုပ်မှီ မိမိနှင့်လာရောက် ပူးပေါင်းရန် မှာထားသည်။ သူတို့အမြင်မှာ မိမိနှင့်နှစ်ဦးသာဖြစ်သည်။ ညနေ (၆) နာရီထိုးတော့ ကော်ဖီဖျော်ပြီး သူတို့ကိုခေါ်ဖို့ ရဲဘော်တစ်ယောက်ကို လွှတ်လိုက်သည်။ တဲစောင့်တွေထားခဲ့ပြီး ကျန်ရဲဘော်များ ကော်ဖီသောက်ဖို့ သေနတ်ကိုယ်စီထမ်းပြီး ရောက်လာကြသည်။ စာပွဲသုံးလုံးမှာနေရာယူပြီး ကော်ဖီနှင့်မုန့်စား သောက်နေစဉ် ဗိုလ်ကြီးစောသာမင်းတို့ ရောက်လာကြပြီး “တစ်ယောက်မှ မလှုပ်ရန်” ပြောပြီး ၄င်းတို့၏ လက်နက်များကို သိမ်းလိုက်တော့သည်။
မိမိလည်း သေနတ်သိမ်းလိုက်ရခြင်းအပေါ် စိတ်မကောင်းသလို သူတို့လည်း ငိုသူက ငိုနေကြသည်။ ကျနော်၏ စစ်သမိုင်းတွင် သွေးထွက်သံယိုမှု မရှိဘဲ အထက်မှညွန်ကြားသော “လက်နက်သိမ်း” ရန် အမိန့်ကို ပြုလုပ်နိုင်ခဲ့သည်။ မိမိသည် ကရင်ချင်း သွေးမထွက်လိုပါ။ မတိုက်လိုပါ။ ကရင်ချင်း သတ်သည့် လုပ်ရပ်မျိုး မိမိစစ်သမိုင်းတွင် မရှိခဲ့ပါ။ စစ်မြေပြင်မှလွဲ၍ လက်နက်ချရန်သူကို သတ်သည့်လုပ်ရပ်များ မိမိစစ်သမိုင်းတွင် မရှိခဲ့ပါ။
(ဆွန်ဇူး) ရဲ့ “စစ်မဟာဗျူဟာ ကျမ်း” အခန်း(၃)၊ အပိုဒ် (၃)တွင် “To Subdue the Enemy Without Fighting is the Acme of Skill” လို့ မိန့်ကြားထားတယ်။ တချို့စာအုပ်တွေက “The Supreme Act of War is to Subdue the Enemy Without Fighting” လို့ ဖေါ်ပြတယ်။ “လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းမရှိဘဲ ရန်သူကို အောင်မြင်ခြင်းမျိုးသည်သာ စစ်အတတ်ပညာ ကျွမ်းကျင်မှု၏ အမြင့်ဆုံး ဖြစ်သည်”၊ “All Warfare is Base on Deception” “အလုံးစုံသော စစ်ရေးစစ်ရာ ဟူသမျှ တို့ကား လှည့်စားခြင်းအပေါ် အခြေခံသည်”။
မိမိသည် အထက်ပါ “ဆွန်ဇူး”၏ မိန့်မှာချက်များအတိုင်း လက်တွေ့ အကောင်အထည်ဖေါ်နိုင်မှုကြောင့် မိမိတို့ညီအကိုချင်း သွေးထွက်သံယိုမှု မရှိဘဲ အထက်မှ ညွန်ကြားချက်ကို လုပ်ကိုင်လိုက်နိုင်သည်။
ဒီနေ့မျက်မှောက် အခြေအနေအရ (BGF) က ညီအကိုတွေ ရှိတယ်။ စစ်မြေပြင်မှာ ကြံ့ဖွံ့သိန်းစိန် မုဒိန်းတပ်ကို ရွေးပစ်ဖို့ မှာချင်တယ်။ (BGF) က ရဲဘော်တွေကို စည်းရုံးပါ။ ဆက်ပြီး မှာချင်တာက တို့တပ်မတော်ရဲ့ စည်းရုံးရေးလုပ်ငန်းတွေအရ ရန်သူ့တပ်က ရဲဘော်တွေကို စည်းရုံးဖို့ မမေ့နဲ့၊ အများစုဟာ တို့ကိုတိုက်ချင်လို့ မဟုတ်ဘူး။ ဘုရင်ရူး သန်းရွှေက စစ်ထဲ ဖမ်းထည့်လို့ ဝင်ရတဲ့သူက များတယ်။ “ရဲဘော်တို့ကျန်းမာကြပြီး တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရကြပါစေ”။
တော်လှန်ရေးသစ္စာမွန်ဖြင့် –
မန်းရောဘတ် ဘဇန်