AGREEMENT KNPP
မတ် ၇၊ ၂၀၁၂ (YPI)
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်များနှင့် KNPP ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့လွိုင်ကော်မြို့ဆွေးနွေးပွဲတွင် သဘောတူညီမှုသုံးချက် လက်မှတ်ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း KNPP ကိုယ်စားလှယ်ခေါင်းဆောင် ခူဦးရယ်က သတင်းထောက်များကိုပြောသည်။
“ ပြည်နယ် အဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် သဘောတူညီချက်” ဟု ခေါင်းစဉ်တပ်ထားသည့် လက်မှတ်ရေးထိုးသည့်စာတွင် တွေ့ဆုံဆွေးနွေးမှ နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရန်၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ (လက်နက်မပါ)ထားရှိရန်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်နေ့ရက်၊ အချိန်နေတို့ကိုညှိနှိုင်းရန် တို့ကို ယနေ့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြသည်။
KNPP အတွင်းရေးမှူး(၁) ခူဦးရယ်က “ ဒါကတော့ စလုံရေစရသေးတာမို့ အတတ်မပြောနိုင်သေးဘူး။ နိုင်ငံရေးဆိုတာက ပြောင်းလဲနိုင်သေးတာကြောင့် စကားကိုအကုန်မပြောနိုင်သေးဘူး” ဟု ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး သတင်းထောက်များ မေးမြန်းချက်ကို မှတ်ချက်ပေးဖြေဆိုသည်။
“သူတို့ကတော့(အစိုးရ) ငြိမ်းချမ်းရေးကို အမြန်ဆုံးလုပ်မယ်၊ သုံးလအတွင်း။ ဦးအောင်မင်းတို့က မတ်လကုန်ပြီး ဧပြီလဆန်းမှာ အပြီးလုပ်ချင်တယ်လို့ပြောတယ်” ဟု ခူဦးရယ်ကဆက်ပြောသည်။
မတ်လ ၇ ရက်နေ့တွင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် နိုင်ငံတော် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ကြသည်။
KNPP ဘက်မှတင်ပြသော အချက် ၂၀ ပါစာတမ်းကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က နိုင်ငံတော်သမ္မတသို့တင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။
ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်များနှင့် ကေအဲန်ပီပီအတွင်းရေးမှူး(၁) ခူဦးရယ်ဦးဆောင်သော ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉း၀၀ တွင်စတင်ခဲ့ပြီး ညနေ ၃း၄၅ တွင်ပြီးဆုံးသည်။
ယခုအကြိမ်တွေ့ဆုံမှုသည် တတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၁ နိုဝင်ဘာ ၁၉ တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ပထမအကြိမ်၊ ၂၀၁၂ ဖေဖော်ဝါရီ ၆ ရက်တွင် ချင်းမိုင်မြို့၌ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။ ။