Continue reading “Karen National meeting held at pa ann 5–photos KIC news”
ယခုနှစ်အတွက် “The Kachin Civilian Defender” ဆု ကို ကချင်စစ်ဘေးသင့်များအား ကူညီပံ့ပိုးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည့် “RaU” ကချင်အနုပညာရှင် အဖွဲ့အား ဥရောပနိုင်ငံများရှိ ကချင်အမျိုးသားများက ဖေဖော်ဝါရီလ ၅ ရက်၊ (၅၁) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ တွင် ချီးမြှင့်လိုက်သည်။
“တော်လှန်ရေးလုပ်သွားခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ မျိုးချစ်စိတ်ကို အရိုအသေထားတဲ့အနေနဲ့ ပြည်တွင်းက မြန်မာအစိုးရ ဖိနှိပ်ချုပ်ချယ်မှုအောက် ပြည်သူကြားထဲကနေ အချင်းချင်း အကာအကွယ်ပေးဖို့ ရဲဝံ့တဲ့သူ တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်လာကြသူကို ချီးမြှင့်တာဖြစ်တယ်” ဟု ဆုချီးမြှင့်သည့်အဖွဲ့တွင်ပါဝင်သူ ဆလန် ခွန်ထွယ်ပြောသည်။
ပြည်ပနိုင်ငံရောက်ရှိနေသူများက ပြည်တွင်းတွင် ပြည်သူများဘက်မှ ရပ်တည်ကာ ခုခံကာကွယ်ပေးကြသူများကို ထောက်ခံအားပေးသည့် အနေဖြင့်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
“အရမ်းဝမ်းသာတယ်၊ ကျနော်တို့ စိတ်တူကိုယ်တူနဲ့ အခုလိုဆောင်ရွက်တာကို ကြည့်ပြီးခွန်အားရပြီး ကျနော်တို့ကိုအခုလိုချီးမြှင့်တာဆိုရင် ပိုပျော်တာပေါ့၊ ဆက်ပြီးတော့ ပိုလုပ်ရမယ်လို့လည်း စိတ်ထဲရှိလာတယ် ပိုအားရှိလာတယ်” ဟု “RaU” ကချင်အနုပညာရှင်အဖွဲ့ဝင် တဦးပြောသည်။
Rau, yak tim pyaw tim “ဆင်းရဲလည်း/ဝမ်းသာလည်း အတူတူ” ဟု အဓိပ္ပာယ်ရသော အဖွဲ့သည် ယခင်နှစ်သြဂုတ်လတွင် ရန်ကုန်မြို့၌ ဈေးရောင်းပွဲတော်ကို ကျင်းပ၍ ကချင်စစ်ဘေးသင့်သူများအတွက် ရန်ပုံငွေရှာဖွေရာမှ စတင်လာသည့် အနုပညာရှင် အဖွဲ့ဖြစ်သည်။
၎င်းတွင် နာမည်ကျော် အဆိုတော် မင်းသမီး၊ မော်ဒယ်လ်၊ ဒီဇိုင်းနာ၊ ပန်းချီဆရာ စသည့် မြန်မာနိုင်ငံအနှံ့မှ ကချင်အနုပညာရှင်များ ပါဝင်သည်ဟု သိရသည်။
ထို Kachin Artisan Network (ကချင်အနုပညာရှင်) အဖွဲ့မှ အသင်းဝင်အနုပညာရှင်များ၏ ထည့်ဝင်ငွေဖြင့် Yak Tim Pyaw Tim “RaU” ခေါင်းစဉ်ဖြင့် ကချင်ဘာသာ VCD သီချင်းစီးရီး ထုတ်ဝေကာ ရောင်းချရငွေများကို စစ်ဘေးသင့်သူများအား ပေးလှူလျက်ရှိသည်ဟု ဆိုသည်။
ပြည်တွင်းအပြင် ၂၀၁၂ နှစ်ကူးပိုင်းတွင် စင်္ကာပူ၊ မလေးရှားစသည့် ပြည်ပနိုင်ငံများတို့ သွားရောက်ကာ တေးဂီတဖျော်ဖြေပွဲများဖြင့် ရန်ပုံငွေရှာဖွေ၍ ကချင်ဒုက္ခသည်များကို ပံ့ပိုးနိုင်ခဲ့သည်ဟု ဆိုသည်။
ယခုလာမည့် ဖေဖော်ဝါရီလ ၂၅ ရက် ရန်ကုန်မြို့မျှော်စင်ကျွန်း၌ ပြုလုပ်မည့် ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကချင်အဆိုတော်များ၏ ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင်လည်း “RaU” အဖွဲ့မှ ပါဝင်ကူညီသွားရန်ရှိသည်ဟု အဖွဲ့ဝင်တဦး ကချင်သတင်းဌာနသို့ပြောသည်။
“The Kachin Civilian Defender” ဆုကို ၂၀၁၁ ဖေဖော်ဝါရီလမှ စတင်ချီးမြှင့်လာရာ ကချင်ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် လယ်ယာမြေသိမ်းခံရသူ ဒေသခံကချင်ပြည်သူများအတွက် အကာအကွယ်ပေး လုပ်ဆောင်ခဲ့မှုအတွက် ဖားကန့်ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ဒေါ်ဘောက်ဂျာအား ပထမအကြိမ်ပေးအပ်နိုင်ခဲ့သည်။