ပြည်ထောင်စုတပ်မတော်
လူးတား – ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ (U.N.F.C.) က ပြည်ထောင်စုတပ်မတော်တစ်ခုကို ထူထောင်မည်ဟု သိရ၍ စိတ်ဝယ်ပီတိ ဂွမ်းဆီထိပမာ ဝမ်းသာမိသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ဖွဲ့စည်းခဲ့သော မြန်မာ့တပ်မတော်သည် ယခုအခါ၌ ပြည်ထောင်စုတပ် အသွင်မဆောင်တော့ဘဲတပြည်ထောင်တပ်ဖြစ်ကြောင်း လူတိုင်းအသိဖြစ်သည်။ ၂၀၀၈-ဥပဒေတွင် တပ်ပိုင်းဆိုင်ရာကို အရပ်သားအစိုးရက လုံးဝနီးပါး စွက်ဖက်၍ မရသကဲ့သို့ မြန်မာ့နိုင်ငံရေးတွင် တပ်က ဦးဆောင်ကဏ္ဍမှ ပါဝင်ခွင့်ပေးထားရာ တပ်မတော်သည် ဖားတစ်ပိုင်းငါးတစ်ပိုင်းတပ်မတော် ဖြစ်ရချေသည်။ ဤအခြေအနေတွင် U.N.F.C. အဖွဲ့ကြီးက စစ်မှန်သည့် ပြည်ထောင်စုတပ်မတော်တစ်ခုကို ဖွဲ့စည်းထူထောင်ရန်အကြောင်း ဖြစ်ပေါ်ရသည်။
မြန်မာ့တပ်မတော်သည် မြန်မာပြည်၏ လွတ်လပ်ရေးကို မောင်ပိုင်လုပ်ကာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို မထီမဲ့မြင်ပြုရုံမျှမက ညီအကိုတိုင်းရင်းသားလူမျိုးများကို ရန်သူသဖွယ် တိုက်ခိုက်လျှက် ရှိသည်။ မြန်မာလူမျိုး၏ အကျိုးစီးပွားမျှကိုသာ အာရုံထား၍ မြန်မာမှုပြုကာ အရှေ့တောင်အာရှတွင် မြန်မာ့ဦးစွန်းကို ပြန်လည်ရယူမည်ဟု အားခဲသည့် မြန်မာ့တပ်မတော်သည် တိုင်းရင်းသားညီနောင်များကို ကိုယ်စားမပြုတော့ကြောင်း ထင်ရှားသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားပြုနိုင်မည့် စစ်မှန်သည့် ပြည်ထောင်စုတပ်မတော်တစ်ခု ရှိသင့်သည်။
မြန်မာ့တပ်မတော်သည် ပင်လုံစာချုပ်ကို မေ့ပျောက်ပြီး တိုင်းရင်းသားလူမျိုးများကို ရန်သူဟု သဘောထား၍ တိုက်ခိုက်ချေမှုန်းကြောင်း အထက်တွင် ဖော်ပြခဲ့ပြီဖြစ်သည်။ မြန်မာ့ခေါင်းဆောင်များသည် လွတ်လပ်ရေးမရမီ ဗြိတိသျှတို့နှင့် ဆွေးနွေးချိန်တွင် တိုင်းရင်းသားလူမျိုးများ၏အရေးကို အလေးထားသယောင် ဟန်ဆောင်ကောင်းခဲ့ကြသည်။ ပင်လုံစာချုပ်ကို ချုပ်ဆိုသောအခါ လူမျိုးနှင့်နယ်မြေကို အဓိကထား၍ သတ်မှတ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆၀) ကျော်ကြာသောအခါ မြန်မာ့တပ်မတော်ခေါင်းဆောင်များသည် မြန်မာလူဦးရေကို ရှေ့တန်းတင်ကာ လူဦးရေနည်းပါးသော တိုင်းရင်းသားလူမျိုးများကို အသာစီးရယူပြီး အခွင့်ထူးခံလူတန်းစားများဘဝကို ရယူခဲ့ကြသည်။ မြန်မာလူဦးရေ အားကောင်းမှုကို အခွင့်ကောင်း ရယူကာ တိုင်းရင်းသားနယ်မြေများကို မတရားသိမ်းပိုက်ကြသည်၊ တိုင်းရင်းသားဒေသများတွင် ရှိသည့် သယံဇာတများကိုလည်း မြန်မာပိုင်လုပ်ကာ ထင်တိုင်း အလိုရှိတိုင်း တံခါးမရှိဓားမရှိ ထုတ်ယူသုံးစွဲကြသည်၊ မြန်မာစာကိုသာ ရုံးသုံးဘာသာအဖြစ်သတ်မှတ်ပြီး တိုင်းရင်းသားဘာသာစကားများကို အားပေးရမည့်အစား သေးသိမ်ပျောက်ကွယ်သွားအောင် စနစ်တကျ ဆောင်ရွက်လာကြသည်ကို အထင်အရှား တွေ့မြင်လာရသည်။ ဤအခြေအနေဆိုးနှင့် ရင်ဆိုင်နေရသည့် ပြည်ထောင်စုကြီးကို ကယ်တင်ရန် ပြည်ထောင်စုတပ်မတော်တစ်ခု လိုအပ်သည်။ Continue reading “လူးတား – ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ (U.N.F.C.) -Imna”
You must be logged in to post a comment.