ချည်မျှင်အထည်ချုပ်နှင့် သရေအလုပ်သမား သမဂ္ဂဖွဲ့ စည်းရေး တင်ပြချက်အပေါ် အလုပ်သမား ဥပဒေ သစ်၏ ပုဒ်မ (၁-ခ) အရ အာဏာတည်ခြင်း မရှိသေးပါကြောင်း၊ သမ္မတရုံးမှ အမိန့် ကြော်ငြာစာ ထုတ်ပြန်ရန် ကျန်ရှိနေပါကြောင်းနှင့်၊ မှတ်ပုံတင် အရာရှိချုပ် ခန့်အပ်ခြင်း မရှိသေးပါ၍ တင်ပြမှုအား လက်ခံနိုင်ခြင်း မရှိပါကြောင်းကို အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က လက်မှတ်ထိုးပြီး ပြန်ကြားခဲ့ပါသည်။
ချည်မျှင် အထည်ချုပ်နှင့် သရေ အလုပ်သမား သမဂ္ဂဖွဲ့ စည်းရေး တင်ပြချက်ကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ၊ ရပ်ကွက်(၉)၊ ပဲခူး-ရန်ကုန်ကားလမ်းမကြီး၊ အမှတ်(3/141)မှ ချည်မျှင် အထည်ချုပ်နှင့် သရေ အလုပ်သမား သမဂ္ဂအဖွဲ့  အတွင်းရေးမှူးက ပြီးခဲ့သည့် နိုဝင်ဘာ (၂၄) ရက်နေ့တွင် အလုပ်သမား ၀န်ကြီး၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်ထံ တင်ပြခဲ့ပါသည်။
“ သူတို့ ပြန်ကြားတာလည်း ဟုတ်ပါတယ်။ ကျနော်တို့ကတော့ အလုပ်သမား ဥပဒေတွေ ထွက်လာပြီးဆိုတော့ တင်မှာပေါ့ဗျာ၊ ခံစားနေရတာက နှစ်ပေါင်းမနဲတော့ဘူးလေ၊ အခုလည်း ထပ်မေးစရာဖြစ်နေသေးတယ်။ သမ္မတက ဘယ်တော့အမိန့်ထုတ်မှာလဲ၊ မှတ်ပုံတင်အရှိချုပ်ကရော ဘယ်နေ့ခန့်မှာလည်း သိချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
အချိန်ဆွဲတဲ့ပေါ်လစီက ခဏခဏ ခံနေရလို့ပါ” ဟု သမဂ္ဂဥက္ကဌ ဦးဆန်းကျော်က ပြောပါသည်။
အလုပ်သမားဝန်ကြီးဌာန၏ အကြောင်းပြန်စာ(ဓါတ်ပုံ – ရွှေဟင်္သာသတင်းဌာန)
အစိုးရသစ်သည်၊ အလုပ်သမား ဥပဒေသစ်ကို အချိန်မှီရေးဆွဲရန် အကြောင်းရှိနေပါသည်။ အကြောင်းမှာ ကမ္ဘာ့အလုပ် သ မားအဖွဲ့ ချုပ် ILO ၏ အလုပ်သမားရေးရာ ဆုံးဖြတ်ချက် တရပ်တွင် ယခုနှစ်နိုဝင်ဘာလထဲမှာပင် မြန်မာနိုင်ငံ အစိုးရသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် မပြုခြင်း၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ဆိုသည့် ဥပဒေကို အသိအမှတ်မပြုခြင်း မရှိခဲ့ လျှင် စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး ILO အဖွဲ့ဝင် အတွင်း၌ စုံစမ်းသွားရန်ဆိုသည့် အဆိုပြုချက်ကြောင့် ဦးသိန်းစိန် အစိုးရသစ်၏ လွှတ်တော်သည်၊ ဤအလုပ်သမား ဖွဲ့စည်းခွင့် ဆိုင်ရာ ဥပဒေကို အလျှင်အမြန်ရေးဆွဲပြီး ILO ကို တင်ပြရခြင်း ဖြစ်သည်ဟု အလုပ်သမားများက ယူဆနေပါသည်။
အလားတူ အခြားအလုပ်သမား သမဂ္ဂများလည်း သမဂ္ဂဖွဲ့ စည်းရေးကို စောင့်နေကြသဖြင့် အစမ်းသဘောအနေဖြင့် ယခုလို တင်ပြရခြင်းဖြစ်သည်ဟု ဆိုပါသည်။ အချိန်ဆွဲသည့် သဘော မသက်ရောက်အောင်လည်း ဆက်လက်ဖိအား ပေးသွား မည် ဟု အလုပ်သမားသမဂ္ဂဖွဲ့ စည်းလိုသူများက ပြောနေကြပါသည်။
You must be logged in to post a comment.