ပျောက်ဆုံးမည်ကို UNFC စိုးရိမ်

THURSDAY, 10 NOVEMBER 2011 15:30 သျှမ်းသံတော်ဆင့်
E-mailPrint

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တဖွဲ့ချင်းစီခွဲ ၍ အစိုးရကိုယ်စားလှယ်အား ဆွေးနွေးနေမှုအပေါ် – အနာဂတ်တွင် တိုင်းရင်းသားများ၏ စစ်မှန်သော အခွင့်အရေး ပျောက်ဆုံးပျက်စီးသွားမည်ကိုစိုးရိမ်ရ ကြောင်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (United nationality Federal Council) UNFC ၏ သုတေသနနှင့် ဥပဒေရေးရာ ဌာန ဒုတိယတာဝန်ခံ ကပြောသည်။

 

khun-okkerUNFC ၏ သုတေသနနှင့် ဥပဒေရေးရာဌာန ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ခွန်ဥက္ကာ

“UNFC အဖွဲ့ဝင်တွေ တဖွဲ့ချင်းစီခွဲပြီး အစိုးရကိုယ်စားလှယ်ကိုဆွေးနွေးနေတယ်ဆိုတာ အဖွဲ့ခေါင်းဆောင်တွေ ရဲ့ အတွေး အခေါ် နဲ့ သမိုင်းအတွေ့အကြုံကြောင့်ဖြစ်တယ်ဆိုပေမယ့် မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု ထားတဲ့ အစိုးရသစ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုခွဲခြားချဉ်းကပ်မှုနည်းအသုံးပြုနေတော့  တိုင်းရင်းသားတွေရဲ့ စစ်မှန်တဲ့ အခွင့် အရေး ပျောက်ဆုံးပျက်စီးသွားမှာကို စိုးရိမ်တယ်” UNFC ၏ သုတေသန နှင့် ဥပဒေရေးရာဌာန ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သျှမ်းသံတော် ဆင့်အား ပြောသည်။ 
ထိုအခြေအနေမရောက်အောင်  ယခုနှစ်ဆန်းပိုင်းက ဖွဲ့စည်းလိုက်သည့် UNFC က အစုအဖွဲ့ခိုင်မာအောင် ကြားဝင်ချဉ်း ကပ်ပေးသည်ကို အစိုးရအဖွဲ့၏ နယ်စပ်ရေးရာ ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးက  ငြိမ်းချမ်း ရေးဖော်ဆောင်ရာ၌  UNFC  သည် အဓိက အဟန့်အတား ဖြစ်နေသည်ဟု ပြောခြင်းဖြစ်ကြောင်း ခွန်ဥက္ကာက ဆက်လက်ပြောပြသည်။
ထို့ကြောင့် အစိုးရကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးသော တိုင်းရင်းသားအဖွဲ့များအား အစိုးရနှင့်ဆက်ဆံ ရာ၌ အထူးသတိထားရန်  အချက် ၂ ချက်ဖြင့် သတိပေးပြောဆိုခဲ့သည်။
“ ပထမအချက်ကတော့ နိုင်ငံရေးဆွေးနွေးချက်ကို အချိန်အကန့်အသတ်ပေးဖို့လိုတယ်။ ဥပမာအပစ်ရပ်အဖွဲ့ တိုင်း လိုလို ကြုံတွေ့ခဲ့ဖူးတဲ့အတိုင်း ၁၉၈၉ ကနေ ၂၀၀၉ အထိ စစ်အစိုးရနဲ့ အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့တဲ့နှစ် ၂၀ ကာလမှာ  နိုင်ငံရေး သဘောတူညီမှုဘာမှ မရလိုက်ခင် ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ် အသွင် ပြောင်းခိုင်းတယ်။ နှစ် ၂၀ လုံးလုံး အချိန်တွေ ဆုံးရှုံးခဲ့ရတယ်။ ဘာမှ မရလိုက်ဘူး။ ခုလဲ ဒီလို မဖြစ်အောင် သတိပေးချင်တာဖြစ်တယ်။”
“နောက်တခုက အစိုးရစစ်တပ် နဲ့ အပစ်ရပ်ပြီး တခြား အပစ်မရပ်သေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ပြန်လှည့် မတိုက်ဖို့ အထူးသတိထားရပါမယ်။ ဥပမာ အတိတ်က ပြန်ကြည့်ရင်  UWSA ကို  MTA   နဲ့ SSA S ကိုတိုက် ခိုင်း သလိုမျိုး၊   DKBA နဲ့ KNU ကို မြှားဦးလှည့်ပေးသလိုမျိုးပေါ့ ” ဟု ခွန်ဥက္ကာက သျှမ်းသံတော်ဆင့်အား ရှင်းလင်းပြောပြသည်။
စီးပွါးရေးအခွင့်အရေးကို ရက်ရက်ရောရောပေး၊ နိုင်ငံရေးဆွေးနွေးမှုကို ဟန့်တားပိတ်ပင်ကာတော်လှန်တိုက် ခိုက် မှု ကို ရှင်းလင်း၍ တပြည်ထောင်စနစ်ဆီ ဦးတည်လိုသည့် အာဏာရှင်အဆက်ဆက်တို့သည် တိုင်းပြည်နှင့် တိုင်းရင်းသားအပေါ် စေတနာမရှိသကဲ့သို့ တပ်မတော် အလုပ်မရှိအောင်လည်း ဘယ်တော့မှမလုပ်ခဲ့ကြောင်း ခွန်ဥက္ကာက ဤကဲ့သို့ ထောက်ပြ သည်။
“ ၂၀၀၈ မူထွက်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို သိမ်းသွင်းတဲ့ ပဏာမ အစီအစဉ်အဖြစ် ကိုးကန့်ကို တိုက်လို့အောင်သွားပြီး SSA -N  ကိုတိုက်တယ်။ လနဲ့ချီတိုက်တာ မအောင်လို့ SSA -N  ကိုပစ် ထားပြီး၊ KIO နဲ့ KNU  ဖက်လှည့်တိုက်တယ်။ အဲ့ချိန်မှာ  SSA -N  ကိုပြန်ချော့တယ်။ကာလအတန်ကြာ ပစ် ထားတဲ့ SSA-S  ကို ပြန်အရေးပေး လာတယ်။ အပစ်ရပ်ကတည်းက တခါမှ မတိုက်တော့တဲ့  NMSP  ကို မျက်နှာချိုသွေးတယ် – အဲလိုလုပ်နေတာ မရပ်မနားဘဲ။ တိုင်းပြည်နဲ့ တိုင်းရင်းသားတွေအပေါ် သူတကယ် စေတနာ ထားရင် ကြီးနိုင်ငယ်ညှင်းမရှိတဲ့ အမျိုးသားတန်း တူညီရေး၊ တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး လုပ်ပေးရမယ်။ ဒါကြောင့် တဖွဲ့ချင်းစီခေါ်ပြောနေမယ့်အစား ဒီ အတွက် အဓိကကျတဲ့ စကားလက်ဆုံပြောရေး ကိစ္စ စီစဉ်မှ   ပြည်ထောင်စုစစ်စစ်ရမှာဖြစ်ပြီး တိုက်ပွဲတွေလဲ ငြိမ်သက်မှာ ဖြစ်တယ်”
UNFC ၌ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့်သျှမ်းပြည်တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် (SSPP/SSA) ဟူ၍ အဓိက အဖွဲ့ဝင် ၆ ဖွဲ့ဖြင့် ၂၀၁၁ မေလလယ်၌ပြန်လည်ဖွဲ့ စည်းခဲ့သည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s