လှေကားထစ်ပေါ်က တို့ရဲဘော်တေ-Ktimes

ဟိုး…တောင်ထိပ်ဖျားပေါ်က နေမင်းကြီး ငုပ်လျှိုးသွားသည်နှင့် အမှောင်ထု စတင်ဝင်ရောက်လေတော့သည်။ ညလေညှင်းလေးက အရိုးထိအောင် အေးနေတတ်ပါသည်။ တကယ်တော့ ကျနော်က ညာမို တပ်စခန်းသို့ ရောက်ရှိနေခြင်းပင်။

ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်ရှိ ညာမူတပ်စခန်းမှ ကရင်နီပြည်တွင်းသို့ မြင်တွေ့နေရသော ကရင်နီတပ်မတော် တပ်စခန်းများနှင့် ရှုခင်းများ (ဓါတ်ပုံ-ကေတီ)

ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်ရှိ ညာမူတပ်စခန်းမှ ကရင်နီပြည်တွင်းသို့ မြင်တွေ့နေရသော ကရင်နီတပ်မတော် တပ်စခန်းများနှင့် ရှုခင်းများ (ဓါတ်ပုံ-ကေတီ)

ကျနော် ခြေလက် သန့်စင်ပြီး တဲထဲသို့ ၀င်ရောက်အနားယူလိုက်သည်။ အချိန်က ည ၈ နာရီခန့်၊ မိုးက သည်းလည်း မသည်း၊ ဖွဲလည်း မဖွဲ၊ အလယ်အလတ် နှုန်းဖြင့် အညိုးကြီးကြီး ရွာချနေလေသည်။ တဲက ထရံကာ၊ ၀ါးပျဉ်ခင်း၊ အမိုးကတော့ ဖက်ရွက်မို့ စောင်အောက်ကနေပြီးတော့ မိုးသီးဖက်ရွက်ကို တဖောက်ဖောက် ထိသံတွေ အတိုင်းသားကြားနေရလေသည်။

ညဥ့်လည်း သိပ်မနက်လှသေးသမို့ အိပ်လည်း မပျော်သေး၊ တောင်တွေးမြောက်တွေးဖြင့် မျက်စိကြောင်နေသေး၏။ တွေးရင်းတွေးရင်းဖြင့် အတွေးက ရဲဘော်တွေဆီ ဆွဲခေါ်သွားလေသည်။ သြော်…အခုလိုချိန်မှာ ငါတို့ လုံလုံခြုံခြုံ နေနိုင်သလောက် ရှေ့တန်းက ရဲဘော်တွေဆို ဘယ်လိုနေမှာဘာလိမ့်။

သူတို့ခမျာလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကို ပဓာန မထားပဲ ဒီလိုမိုးဖွဲနေတဲ့အချိန် တောထဲမှာ မြွေပါး၊ ကင်းပါးလည်း မသိ၊ ခြင်ကိုက်တယ် ဆိုတာမှန်းတောင် ဂရုမစိုက်အားဘဲ ဟိုခြုံဝင် ဒီခြုံတိုးနေရတဲ့ ဘ၀ပါလား။ သူတို့မှာလည်း ဟိုလူတွေနဲ့ ထိပ်တိုက်တွေ့တဲ့ အချိန်ဆိုရင် ပျားအုံ တအုံအလား ပခုံးဘေး၊ ပေါင်ဘေး၊ ပေါင်ကြား၊ လက်ကြားတွေများ ပြေးလွှားဆော့ကစားနေတဲ့ သေမင်းတမန် ကျည်ဆံတွေကို ကြောက်သွေး တစက်မှ မပါပဲ၊ ရဲရဲရင့်ရင့် ရန်သူတွေကို ချေမှုန်းနေရလေသည်။

ရဲဘော်တို့မှာက လူအင်အား များများစားစား မရှိပါ။ သူတို့ အင်အားက ပုရွက်ဆိတ်နှင့် ချီပြီး ရှိနေပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် မျိုးချစ်စိတ်၊ အမျိုးဘာသာ သာသနာ မပျောက်ပျက်စေချင်သည့် စိတ်များက ရဲဘော်တွေအတွက် အင်အားတရပ်လို ဖြစ်နေသည်။

ကရင်နီတပ်မတော် (ဓါတ်ပုံ-ကေတီ)

ကရင်နီတပ်မတော် (ဓါတ်ပုံ-ကေတီ)

မိမိအနှောင်အဖွဲ့များ ဖြစ်သည့် မိသားစု၊ သားသမီးတို့ကို ထားခဲ့ကြရသည်။ တာဝန်ကျရာ တတောဝင် တတောင်ထွက် ရန်သူတွေ့လျှင် ရှင်းလင်းပစ်ရန် ၀န်မလေးသည့် သူရဲကောင်းကြီးများ၊ တော်လှန်ရေး လုပ်သည်ဆိုသည်မှာ လွယ်သည့်ကိစ္စ မဟုတ်ပါ။ နှောင်လာနောက်သားတို့၏ အနာဂတ် သာယာလှပရေး အနွံတာခံ ကာကွယ်ပေးနေသည့် အချိန်လေးမှာ တို့ကျောင်းသားလူငယ်တတွေလည်း တဖက်တလမ်းကနေပြီး မကြိုးစားသင့်ပေဘူးလား။

တော်လှန်ရေးနေ့ ရောက်သည့် အချိန်ဆိုရင်လည်း တောင်ပေါ်တွင် သူတို့တတွေကို မျက်နှာသွားပြရုံနှင့် သူတို့ခမျာ “သြော်…ငါတို့မှာ အနာဂတ်အတွက် လူငယ်လေးတွေ ရှိနေပါလား” ဟုလည်း စိတ်ကြည်နူးပြီး ခွန်အားရကြမှာပါပဲ။

ဒါတွေကို အထောက်ပြုပြီး တို့လူငယ်တွေ စည်းစည်းလုံးလုံး ကြိုးစားကာ တို့တိုင်းတို့ပြည်ကို ပညာပြည့်စုံ ခေတ်မှီတိုးတက်တဲ့ ကရင်နီတိုင်းပြည် ဆိုပြီး ပြန်လည်သိမ်းသွင်းချင်ပါသတဲ့လေ။

မည်မျှတွေးနေမိသည်မသိ ညဆယ့်နှစ်နာရီပင် ထိုးနေလေပြီ။ မနက်ဖြန်ဆို တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပတော့မည် ဖြစ်သည်။ တအောက်လောက်နေပြီး ကျနော် အိပ်စက်ခြင်းသို့ ကျွှံကျ နစ်မြုပ်သွားလေတော့သည်။

နံနက်အာရုဏ်ဦး ကျရောက်လာသည်နှင့် တပြိုင်နက် တောင်ထိပ်က တရွေ့ရွေ့ ပြူထွက်လာသည့် နေမင်းကြီး၏ မခို့တရို့ အပြုံးတိုင်ထိပ်ကို တဖြည်းဖြည်း ဆွဲတင်နေသည့် နိုင်ငံတော်အလံ၊ ပြီးတော့ ကျဆုံးလေပြီးသော အာဇာနည်တွေကို အလေးပြုသံ၊ နိုင်ငံတော်သီချင်းသီဆိုသံတို့က ယခု ၂၀၁၁ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်သည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ကို စတင်ကြိုဆိုနေလေပြီ။

၆၃ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားတွင် စစ်ရေးပြနေသော ကရင်နီတပ်မတော် (ဓါတ်ပုံ-ကေတီ)

၆၃ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားတွင် စစ်ရေးပြနေသော ကရင်နီတပ်မတော် (ဓါတ်ပုံ-ကေတီ)

ကျနော်လည်း ၁၀၀၀ ခန့် ရှိတဲ့ လူအုပ်ကြီးကြားထဲမှ ပီတိ ဖြစ်နေရလေသည်။ ကျနော့် မျက်လုံးထဲမှာပေါ် လာသည့် ပုံရိပ်က “လမ်းလျှောက်သင်ခါစ ကလေးတယောက် လှေကားထစ်ရှေ့မှာ ရပ်နေတယ်။ လှေကားထစ်က ခုနှစ်ထစ်ကြီး၊ အဲဒါကို ကလေးငယ်က တက်ရမယ်၊ သူ့စိတ်ထဲမှာတော့ အပေါ်ဆုံး အထစ်ကို ကျော်ပြီး ရောက်ချင်သတဲ့လေ။ ပြီးတော့ ငါတက်လို့ ဖြစ်နိုင်ပါ့မလားတဲ့၊ ဒါပေမယ့် ကလေးငယ်က စိတ်ကို ပြန်တင်းထားလိုက်တယ်။ ကဲ…ကလေးငယ်က ပထမဆုံး လှေကားထစ်ကို စတင်လှမ်းလိုက်တယ်။ ဒူးကလည်း တုန်လို့ အောက်ကို ပြန်ပြုတ်ကျတော့ မတတ် ဖြစ်နေတယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပါပဲလေ။ ဘဝမှာလည်း ဒီအတိုင်းပါပဲလေ။ ကိုယ်အောင်မြင်ချင်တယ်။ အောင်မြင်ချင်တဲ့ ပန်းတိုင်ဆီကိုလှမ်းတဲ့ ပထမဆုံး ခြေလှမ်းကလည်း အတွေ့အကြုံ မရှိသေးလို့ အားငယ်သွားမှာပဲ။ ဒါပေမယ့် ကလေးငယ်က အားမငယ်သွားဘူး၊ ဒုတိယ လှေကားထစ်ကို ထပ်လှမ်းလိုက်တယ်။ ဒီအထစ်မှာတော့ ကလေးငယ်က နဲနဲတောင့်လာတယ်။ တတိယ လှေကားထစ်။ ခုနကထက် ပိုလို့ပေါ့၊ ဒါပေမယ့် အပေါ်ဆုံး ခုနှစ်ထပ်ကို လှမ်းကြည့်လိုက်တော့ အောက်က လှေကားထစ်တွေက ကလေးငယ်ကို ကျီစယ်ကဲ့ရဲ့နေတယ်။ ဒါပေမယ့် မလျှော့ဘူး ထပ်တက်တယ်၊ သူ့ကို ကျီစယ်ကဲ့ရဲ့လာတဲ့ အရာမှန်သမျှကို သည်းညဉ်းခံပြီး ပန်းတိုင်ဆီကိုပုံမှန် လှမ်းတက်နေတယ်။ တဖြည်းဖြည်း ပန်းတိုင်နဲ့ နီးစပ်လာလို့ပေါ့။ ကဲ…ရောက်ပြီ ကလေးငယ်စိတ်ထဲမှာ အရမ်းကို ဝမ်းသာနေတယ်။”

ဒီလိုပါပဲ ကျနော်တို့ ရဲဘော်နှင့် ကရင်နီအမျိုးသားအားလုံးအတူ လက်တွဲပြီး ရည်ရွယ်ချက် ပန်းတိုင်ရောက်သည်အထိ လှေကားထစ်တွေကို တဆင့်ပြီးတဆင့် ကျော်ဖြတ်ရင်း ရည်မှန်းချက်ပန်းတိုင်ကို ဆွတ်ခူးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s