
ကရင်နီပြည်မြို့နယ် အသီးသီးရှိ ပြည်သူလူထုများမှာ ကြံ့ဖွံ့၏ ဖိအားပေးမှုများကို ခံရသကဲ့သို့ ကရင်နီတပ်မတော်တို့၏ စည်းရုံးလှုံ့ဆော်မှုများကြား၌ မည်သည့်ဘက်ကို လိုက်လျောပေးရမည်ကို ဆုံးဖြတ်ချက် မချရဲကြဘဲ ကြောက်ရွံ့နေကြရသည်။
“သူတို့ (ကရင်နီတပ်မတော်) အဲလိုခြိမ်းခြောက်လာတယ်။ မဲမထည့်ရဘူး။ (ကြံ့ဖွံ့အတွက်) မဲလိုက်ဆွယ်တဲ့ လူဆို ပစ်သတ်လိုက်မယ် ဆိုတဲ့ အခါကျတော့ အဲဒီ မဲအကြောင်းကို ကျနော်လည်း မပြောရဲဘူး။ ကြားလည်း မကြားချင်တော့ဘူး” ဟု ဒီးမော့ဆိုမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည်ကို ကရင်နီလူထုများ အနေဖြင့် သိရှိထားပြီး ဖြစ်သော်လည်း ရွေးကောက်ပွဲအတွင်း မိမိဆန္ဒမဲများကို ထုတ်ဖေါ်လိုသူများအတွက် ကရင်နီတပ်မတော် အနေဖြင့် ကန့်ကွက်နေမှုအပေါ် မလိုလားသော ပြည်အချို့လည်း ရှိသည်။
ဆက်လက်ပြီး ၎င်းက“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါတီစုံတော့ ၀င်ပြိုင်မယ်။ ဒါပေမယ့် တစ်ပါတီတည်းပဲ တက်ရမယ်။ ကျန်တဲ့ ပါတီတွေက အကုန်ထွက်တဲ့ သဘောမျိုးလို့ပဲ ယူဆတယ်။ ပါတီစုံ နာမည်ခံပေါ့။ တကယ်တော့ လက်ရှိ တစ်ခုတည်းသော ပါတီက ဘာမှ မလုပ်ရင်လည်း အောင်မြင်ပြီးသားပဲလို့ ထင်တယ်။ ကန့်ကွက်ရင်လည်း ဒီလူတွေပဲရှိတော့ ဒီလူတွေပဲတက်မယ်။ မကန့်ကွက်ရင်လည်း ဒီလူတွေပဲလုပ်မယ်ဆိုတော့ ကန့်ကွက်လိုက်လို့ ဒီပါတီက ဒီလူတွေ မရှိတော့မှာလည်းမဟုတ်ဘူး။ ကန့်ကွက်လို့ ဒီဒေသမှာ မဲဆန္ဒနယ် ဖျက်သိမ်းလိုက်ရင် ကိုယ့်လူတွေပဲနစ်နာမယ်” ဟု ရှားတောမြို့နယ် ကျေးရွာတရွာမှ ရွာသူကြီး တဦးကပြောသည်။
ကြံ့ဖွံ့အား မဲမထည့်ပေးကြရန် ဆိုသည့် အမိန့်စာများကို ကရင်နီတပ်မတော်တို့မှ ပျံ့နှံ့ထားသည့်အတွက် ရွေးကောက်ပွဲ ကျရောက်မည့် နေ့တွင် မမျော်လင့်ထားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်နေကြရသည်ဟု ရွာသားများက ပြောသည်။
“ကျနော်တို့ ဒီရွေးကောက်ပွဲ လုပ်မယ့် ရက်ကို တခုခုများ အန္တရာယ် ဗုံးတွေ ဘာတွေ ကျဲမလား၊ သို့မဟုတ်ရင် စစ်ပွဲတွေ ဖြစ်မလား အဲလိုမျိုး စိုးရိမ်မိတယ်” ဟု ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
အတိုက်အခံ အင်အားစုတို့၏ ထောက်ခံမှုများ မပါသော အခြေခံဥပဒေဖြင့် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နှင့် ကရင်နီတပ်မတော် (ကေအေ)တို့မှ ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် သြဂုတ်လက ကျရောက်သည့် ၆၃ ကြိမ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့တွင် တရားဝင် ပြောကြားခဲ့သည်။