မင်းချမ်း(အောက်တိုဘာ-၈)။ ။ မြန်မာယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများတင်ဆောင်လာသော မှန်လုံအမြန်ယာဉ်တစ်စီး ယမန်နေ့နံနက်တွင် တိမ်းမှောက်ခဲ့သဖြင့်(ယမန်နေ့သတင်းဖေါ်ပြပြီး) ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရာတွင် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့သည်ဟု ထပ်မံသိရသည်။
သေဆုံးသူအမည်မှာ အသက်(၂၉)နှစ်ရှိ ကိုအောင်ကိုလင်း၊ ပဲခူးတိုင်း၊ ညောင်လေးပင်ဇာတိဟု နီးစပ်သူတစ်ဦးက ပြောသည်။
![]() |
မြန်မာယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများတင်ဆောင်လာသည့် မှန်လုံယာဉ်တိမ်းမှောက်နေပုံ
|
“အတွင်းဒဏ်ရာနဲ့ ဆေးရုံမှာ မနေ့မွန်းလွဲပိုင်းကဆုံးသွားတာ ဒီမနက်မှသိရတယ်၊ ဒီသတင်းကိုသူ့ဇနီးလည်း ခုထက်ထိမသိရသေးဘူးလို့ထင်တာပဲ၊ သူ့ဇနီးလည်းကား မှောက်တဲ့အထဲပါသွားတာပဲ၊ ခုတော့လူနာတွေက တကွဲတပြားစီဖြစ်သွားပြီ၊ ဆေးရုံမှာလူနာသိပ်မကျန်တော့ဘူး” ဟု အဆိုပါနီးစပ်သူက ပြောပါသည်။
သေဆုံးသူဇနီးအား အဆက်အသွယ်မရသဖြင့် မည်ကဲ့သို့ သဂြိုလ်မည်ကို မသိရသေးပေ။
အဆိုပါအခင်းဖြစ်ပွားမှုတွင် ဒဏ်ရာအပြင်းထန်ဆုံးဟု ဆရာဝန်ကယူဆရသူ ဒေါ်သန်းဝင်းက အဆိုပါလူနာတစ်ဦးသေဆုံးသည့်သတင်း ယနေ့တွင်ကြားသိရကြောင်း ကောင်းဝါသို့ အတည်ပြု ပြောကြားခဲ့သည်။
၎င်း၏ခြေထောက်ဒဏ်ရာများ ခွဲစိတ်ပြီးဖြစ်ကြောင်း၊ အရိုးတစ်နေရာ၌ စတီးဖြင့်ဆက်သွယ်ထားရပြီး ကုန်ကျစရိတ် ဘတ်ငွေတစ်သိန်းကျော်ရှိသည်ဟု ပြောသည်။
အဆိုပါတိမ်းမှောက်ခဲ့သည့် မှန်လုံယာဉ်မှာအာမခံထားရှိသဖြင့် လူနာများအတွက် ကုန်ကျမည့်ဆေးဝါးကုသမှု စရိတ်များကို သက်ဆိုင်ရာအာမခံကုမ္ပဏီမှ ပေးဆောင်ရမည်ဟု (Nitipon) နိတိဖွန်ကုမ္ပဏီတာဝန်ခံတဦးက သတင်းဌာနများကို ပြောခဲ့သည်။
(NITIPON) နိတိဖွန်ကုမ္ပဏီသည် ရနောင်းမြို့တွင် ရုံးခန်းဖွင့်လှစ်ထားကာ ယာယီပတ်စပို့တာဝန်ယူ လုပ်ကိုင်သော ကြားခံပွဲစားကုမ္ပဏီတစ်ခု ဖြစ်သည်။
ယခုလ (၆) ရက်နေ့၌ ရနောင်းမြို့တွင် မြန်မာနိုင်ငံသားတစ်ရာကျော်ခန့်အား မြန်မာယာယီပတ်စပို့ပြုလုပ်အပြီး မဟာချိုင်သို့အပြန်ခရီးတွင် ကားဘီးပေါက်၍ တိမ်းမှောက်ခဲ့သည်ဟု ကာယကံရှင်များ ပြောသည်။
ထိုမှန်လုံတိမ်းမှောက်မှုကြောင့် မှန်လုံယာဉ်ယာဉ်နောက်မှ လိုက်ပါမောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်ငယ်တစ်စီးက ဝင်တိုက်မိပြန်သဖြင့် ယာဉ်ပေါ်ပါနိုင်ငံခြားသား(၃) ဦးလည်း ပွဲချင်းပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့သည်ဟု အဆိုပါလူနာကိစ္စများအတွက်လိုက်ပါဆောင်ရွက်ပေးနေသူ မြန်မာအေးဂျင့်တစ်ဦးက ပြောသည်။
မြန်မာရွေ့ပြောင်းအလုပ်သမားများကားမှောက်မှုသတင်း မကြာခဏဖြစ်ပေါ်ခဲ့သော်လည်း ယာယီပတ်စပို့ပြုလုပ်သူများ ကားမှောက်သည့်သတင်းမှာ ယခုပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
—————————————-
မင်းထက်အောင်(အောက်တိုဘာ-၇)။ ။ မှန်လုံအမြန်ယာဉ်တစ်စီး ယနေ့နံနက်ပိုင်း၌ ထိုင်းနိုင်ငံတစ်နေရာအတွင်း လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရာတွင် သေဆုံးသူမရှိဟု သိရသည်။
ယမန်နေ့ကရနောင်းမြို့တွင် မြန်မာယာယီပတ်စပို့ပြုလုပ်အပြီး မြန်မာနိုင်ငံသားများကို ပြန်လည်တင်ဆောင်လာစဉ် စာမွတ်စာခွန်ခရိုင် မယ့်ဂလောင်မြို့နှင့် မဟာချိုင်မြို့အကြား အဝေးပြေးကားလမ်းမကြီးပေါ်၌ ရောက်ရှိမောင်းနှင်နေစဉ် လမ်းဘေးအရံအတားများနှင့် အရှိန်ပြင်းထန်စွာပွတ်တိုက်မိပြီး လမ်းဘေးထိုးကျခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ သိရသည်။
![]() |
ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ခဲ့သူများ မှန်လုံအမြန်ယာဉ်ပေါ်မတက်မီအမှတ်တရရိုက်ကူးထားပုံ (Photo: Kaowao)
|
“အပြင်းထန်ဆုံး ဒဏ်ရာကဒေါ်သန်းဝင်း တစ်ဦးပဲထိတယ်၊ ခြေထောက်တစ်ဖက်မှာပဲ နှစ်နေရာခွဲစိတ်ခံရမယ်၊ ကျန်တဲ့သူတွေက အခြေအနေကောင်းပါတယ်” ဟု တာဝန်ကျထိုင်းဆရာဝန်တစ်ဦးက ပြောသည်။
အဆိုပါဒဏ်ရာရရှိသူ ဒေါ်သန်းဝင်းမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်း၊ အောက်ဆိပ်ဇာတိဖြစ်ပြီး လက်ရှိမဟာချိုင်၌ မိသားစုများနှင့်အတူ အလုပ်လုပ်ကိုင်နေသည်ဟု ၄င်းအသိအကျွမ်းများထံမှ သိရှိရသည်။
အဆိုပါဒဏ်ရာရရှိသူအားလုံးကို မယ့်ဂလောင်မြို့ အမှတ်(၂) ဆေးရုံ၌ ကုသခံနေဆဲ ဖြစ်သည်ဟု ဆေးရုံဝန်ထမ်းးတစ်ဦးထံမှ သိရသည်။
၎င်းတိမ်းမှောက်ခဲ့သော မှန်လုံအမြန်ယာဉ်တွင် မြန်မာနိုင်ငံသား(၃၉) ဦးတင်ဆောင်ခဲ့သည်ဟုလည်း ယာယီနိုင်ငံကူးလက်မှတ် မြန်မာပတ်စပို့အတူပြုလုပ်ခဲ့သူ သံဖြူဇရပ်မြို့နယ်၊ ပငရွာသား မင်းအဗလိုင်က ပြောသည်။
“အခုမှောက်တဲ့ကားက ကျနော်တို့ရှေ့ကကားပဲ၊ ကားမှောက်နေတာ၊ ဒဏ်ရာရတဲ့လူတွေကိုသယ်ထုတ်တာ မြင်ရပေမယ့် အနီးကိုသွားကြည့်ခွင့်မရှိဘူး၊ ရဲကပိတ်ထားတယ်၊ ကျနော်တို့ ပိတ်စပို့တွေကိုလည်း စစ်တယ်”ဟု မင်းအဗလိုင်က ပြောသည်။
၎င်းအပြောအရ ပြီးခဲ့သည့်အောက်တိုဘာလ(၅) ရက်နေ့ ညနေပိုင်းတွင် မဟာချိုင်မြို့မှ မှန်လုံအမြန်ယာဉ်(၃) စီးဖြင့် ရနောင်းမြို့သို့ ထွက်ခွာခဲ့ပြီး ယာယီပတ်စပို့ကို ယမန်နေ့၌တစ်ရက်နှင့်အပြီး ပြုလုပ်ခဲ့ရာ ယခုအပြန်ခရီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအလုပ်သမားများကို ယာယီပတ်စပို့ပြုလုပ်ပေးနေသည့် Nitipon ကုမ္ပဏီအစီအစဉ်ဖြင့် ရနောင်းမြို့သို့ ပို့ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့်နီးစပ်သူတစ်ဦး ပြောပြချက်အရ သိရသည်။
၎င်းယာဉ်တိမ်းမှောက်ရာတွင် ထိုင်းနိုင်ငံ၌အလုပ်ဝင်ရောက်လုပ်ကိုင်နေသူ ရှမ်းပြည်နယ်တောင်ကြီးမြို့နှင့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်သား အချို့လည်းရှိပြီး မွန်ပြည်နယ်သားများ အများဆုံးပါဝင်သည်ဟု သိရသည်။
: A vehicle carrying Burmese migrant workers crashed on the way from Ranong in southern Thailand to Samut Sakhon, this morning at 8 am. The vehicle’s passengers were returning from registering for temporary passports in Ranong.
About 39 migrant workers were injured in the accident, and were treated in Maekong hospital. The vehicle in question was traveling in a caravan of three buses. No deaths have been reported.
According to a witness from one of the other buses, the vehicle hit a pole in the road and swerved into a ditch.