အပိုင်း (၄) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
အဲဒီလို သွားနေရင်း လွိုင်လင်၊ နမ့်မဆမ်၊ ခိုလမ် အစုံပေါ့၊ ကျော်လာပြီး (၃) ညအိပ် (၄) ရက် မြောက်တဲ့နေ့မှာ ကျိုင်းတုံမြို့ ကို ရောက်တယ်ဗျာ။ ကျိုင်းတုံမြို့ရောက်တော့ တခါ တပ်ရင်းက ကားကို စောင့်ရပြန်ရော။ ကျနော်တို့ တပ်ရင်းက ကျိုင်းတုံမြို့နဲ့ (၂၁) မိုင် ဝေးတဲ့ လွယ်မွေ တောင်စခန်းမြို့မှာ ဆိုတော့ နောက်နေ့မှ ကားလာကြိုတယ်လေ။ အဲဒီလိုနဲ့ ခလရ (၂၂၆) ဆိုတဲ့ တပ်ရင်းကို ရောက်ပါလေရော။ တော်တော်အေးပြီး တော်တော်လည်း နေလို့ကောင်းတဲ့ နေရာဗျာ၊ တပ်ရင်း အ၀င်မှာ လေးနိုင်ငံချစ်ကြည်ရေး ဘုရားရှိတယ်။ ကားလမ်း ဒီဘက်ခြမ်းမှာ “မြကန်သာ”ဆိုတဲ့ ကန်ကြီး အကြီးကြီးရှိတယ်။
တဘက်မှာတော့ ဈေးလေးနဲ့ ရွာရှိတယ်၊ အဲဒီကနေ တပ်ရင်းကို သွားရတယ်။ တပ်ရင်းက တောင်ကုန်းပေါ်မှာ၊ အိမ်ထောင် သည်လိုင်းတွေ ကျော်သွားတော့ တပ်ရင်းရုံးကို ရောက်တယ်။ ကျနော်တို့ကို စာရင်းသွင်းပြီးတော့ တပ်ရေးဗိုလ်ကြီးက ကြည်း – ၂၂၂၅၃ ဖေမျိုးအောင်တဲ့၊ မိန့်ခွန်းတွေ ချွေလိုက်တာလည်း လွန်ပါရောဗျာ။ အပေါက်ကလည်း ဆိုးမှဆိုးပဲဗျို့၊ သြော်… တပ်တည်နေရာအကြောင်း ရေးရအုံးမယ်။ တပ်ရင်းက အဆောက်အဦးတွေ အားလုံးဟာ အင်္ဂလိပ်ခေတ်ထဲက ဆောက်လုပ်ထားတာတွေချည်းဘဲ။ တော်တော်ခိုင်ခန့်တဲ့ အဆောက်အဦးတွေချည်းဘဲ နောက် ရဟတ်ယာဉ်ဆင်းဖို့ ကွင်း တွေကလည်း အများကြီးဘဲ။
အဲဒီကနေ ကျနော်တို့က တပ်ရင်းဌာနချုပ်တပ်ခွဲမှာ တာဝန်ကျတယ်။ တပ်ရင်း ရောက်ပြီဆိုတော့ဗျာ၊ မနက်ဆို တန်းစီ၊ တန်းစီပြီးရင် ဖက်ထိပ်ခွဲ၊ မြက်နုတ်၊ မြောင်းပေါက်၊ ပန်းရံ၊ လက်သမား၊ စိုက်ခင်း ထုံးစံအတိုင်းပဲပေါ့။ အဲဒီလို လုပ်အားပေး ခွဲနေရင်းနဲ့ ကျနော့်ကို တပ်ရင်းရုံး (ရုံးအုပ်) ဒုအရာခံဗိုလ် အေးချိုက RSM (တပ်ရင်းအရာခံဗိုလ်) အား ဟိုချာတိတ်က ငယ်ငယ်လေးဘဲ ရှိသေးတယ်၊ ကျနော် တပ်ရင်းရုံးမှာ ခေါ်ထားမယ်ဆိုပြီး ခေါ်ထားလိုက်တာ။ ကျနော်က အော်တိုမစ်တစ် တပ်ရင်းရုံး ရောက်သွားရောဗျာ။ တပ်ရင်းရုံးရောက်တော့ ရုံးလုပ်ငန်း ပညာတွေကို သင်ရတယ်ဗျာ။ အဲဒီမှာ ကျနော့်ကို ဒုရုံးအုပ်ပေါ့နော်၊ သူက ဦး/ ရေး/ ထောက် သင်ပေးတယ်။
နောက် ၀င်စာဖိုင် ထားပုံထားနည်း၊ မှတ်ပုံတင်ပုံတင်နည်း၊ ထွက်စာ၊ ဖိုင်၊ မိတ္တူ/ ရုံးလက်ခံ ထားပုံထားနည်း၊ မှတ်ပုံတင် နည်းတွေအပြင် လက်နှိပ်စက် ပညာပါမကျန် သင်ပေးတယ်။ သြော်… ကျန်သေးတယ်။ တံဆိပ်တုံးထုတဲ့ အလုပ်တွေပေါ့၊ တံဆိပ်တုံးတွေဆိုရင် အစုံဘဲ၊ အရာရှိများ ကြည့်ရှုပြီး တံဆိပ်တုံး၊ ရုံးအုပ် တံဆိပ်တုံး၊ အိုင်အို တံဆိပ်တုံး၊ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်ဗိုလ်ကြီး တံဆိပ်တုံး စုံနေတာပါဘဲ။ အဲဒါတွေ တော်တော်များများ သင်ပေးတယ်။ ရုံးဆင်းချိန် ဘားတိုက်ကို ပြန်တော့လည်း အဲဒီအတိုင်းဘဲ၊ ကျနော်တို့ ဘားတိုက်မှာ ကျနော်ရယ်၊ ပအို့လူမျိုး ရဲဘော်တစ်ယောက်ရယ်က လွဲရင် ကျန်တဲ့ (၆) ယောက်လောက်က တပ်ကြပ်ကြီး စာရေးတွေချည်းဘဲ နေကြတယ်။
အဲဒီမှာ ကျနော်တို့ ဘားတိုက်ပြန်ရောက်တော့ ထပ်သင်ပေးတာက သူတို့ အ၀တ်အစားတွေကို ဘယ်လိုလျှော်ရတယ်။ နောက်မီးဖိုချောင်ကိစ္စ ဘယ်လို ဆိုတာတွေရော၊ ချက်ပြုတ်တာတွေရော စုံနေတာဘဲ၊ သင်ကြရတယ်။ မနက်ထမင်းကြော်၊ နေ့လည်၊ ညနေစာ၊ ည အရက်ဝယ်ပေးရတာကအစ ပေါ့နော်။ အဲဒီမှာ ကျနော်နေလာရင်းနဲ့ ၁၉၉၄ ခုနှစ်၊ လတော့ မမှတ်မိ တော့ဘူးဗျ။ အဲဒီအချိန်မှာ တပ်ရင်းတစ်ရင်းလုံး ရှေ့တန်းထွက်ရတော့မယ်။ အရင်ကတော့ တပ်ခွဲ (၁) က ဘယ်မှာ၊ တပ်ခွဲ (၂) က လှုပ်ရှား၊ အဲလို သွားလာနေရတာလေ။ အဲ ၁၉၉၄ ခုနှစ်မှာကျတော့ ဘိန်းဘုရင် ခွန်ဆာ ဆိုတဲ့ လွယ်မော်သောင်း ကျန်းသူတွေကို သွားတိုက်ဖို့ ကျနော်တို့တပ်ရင်း အပါအ၀င် တပ်ရင်းပေါင်း (၁၀) ကျော်မယ်။ နောက် တပ်မ (၂) မ လည်း ပါတယ်၊ ရှေ့တန်းသွားရတော့ ကျနော်က တပ်ကြပ်ကြီးစာရေး တစ်ယောက်နဲ့အတူတူ စစ်ကြောင်း (၁) မှာ ပါသွားရော။ ရှေ့တန်း အတွေ့အကြုံရဲ့ ခါးသီးမှု အရာရှိပေါက်စတွေရဲ့ ရိုင်းပျမှုတွေ အပါအ၀င် တောတောင် ရေမြေသဘာဝရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကိုပါ ကြုံတွေ့ခဲ့ရတယ်။
ကျနော်တို့တပ်ရင်း တည်ရှိတဲ့ ရှေ့တန်းစခန်းကုန်း၊ အင်း… မှတ်မိသေးတယ်။ (ပွိုင့် – ၃၆၈၆) မှာ၊ ကျနော်တို့ တပ်ရင်းက တပ်ခွဲတစ်ခွဲကို အယောက် (၄၀) ပတ်ဝန်းကျင်လောက်ဘဲ ရှိတယ်။ စစ်ကြောင်း (၁) နဲ့ (၂) မှာဆို စုစုပေါင်းမှ (၆၀) လောက်ရှိတယ်။ အားလုံးပေါင်းမှ အရာရှိ/ စစ်သည် (၂၆၈) ယောက်ဘဲ ရှိတယ်။ ဒီအင်အားတွေ ဘာတွေက ကျနော်ရယ် တပ်ကြပ်ကြီး စာရေးရယ် နှစ်ယောက်ပဲ လုပ်ရတာ ဆိုတော့ သိတာပေါ့နော်။ အဲဒီမှာ ကျနော်တို့ တပ်ကို လွယ်မော် အဖွဲ့တွေ လာချတာဗျာ။ ကျနော်တို့ အပေါ်က စီးပစ်တာ သူတို့တွေက မြင်းဆေးတွေ၊ စိတ်ကြွဆေးတွေသောက်ပြီး တိုက်တာလို့ ပြောတယ်။
ကျနော်တို့ တပ်ရင်းတစ်ရင်းထဲကို တိုက်ပွဲပြီးသွားတော့ အရာရှိ/စစ်သည် (၄၂) ယောက် သေတယ်။ ဒုတိယတပ်ရင်းမှူး (ဗိုလ်မှူး ပုလဲမောင်) အပါအ၀င် (၁၀၈) ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲအနေအထားကို ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက တပ်ရင်းမှူးက ကြည်း- ၁၂၆၂၀ ဒုတိယဗိုလ်မှူးကြီး အောင်မော်မော် (၂၀၀၄ ပတ်ဝန်းကျင်က ကရင်ပြည်နယ် အတွင်းရေးမှူး) အဲလို တိုက်ခိုက်ခဲ့ရတာ၊ ကျနော်တို့တပ်ရင်းအပြင်ကို တခြားတပ်မ (၂) မနဲ့ တပ်ရင်း (၁၀) ရင်း ကျော်ကလည်း အဲလိုဘဲ ခံခဲ့ကြရတာဘဲ။
စဉ်းစားကြည့်နော်။ ဘယ်လောက်စိတ်နာဖို့ ကောင်းတဲ့ ဘိန်းဘုရင်လဲ ဆိုတာ၊ ဒါပေမယ့် ကျနော်တို့ရဲ့ ကာကွယ်ရေးဦးစီးချုပ်က ကျနော်တို့ကို ဘယ်လို သူကောင်းပြုသလဲဆိုတော့ ကျနော် အပါအ၀င် (၅၂) ယောက်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရယ်၊ ဒုတပ်ကြပ်ဆိုတဲ့ ရာထူးရယ်၊ ဂုဏ်ပြုမှတ်တမ်းလွှာရယ်၊ ငွေ (၅၀၀၀) ကျပ်ရယ် ရတယ်။ တစ်ချို့ဆို သေသွားတယ်ပေါ့နော်၊ အဲဒီ သေတဲ့အထဲကမှ တပ်ခွဲ (၂) ခွဲက ဆရာအောင်ကျော်စိုးဆိုရင် ကျနော့်ရှေ့တင် သူ့ကိုယ်လုံးက စကာပေါက် ဖြစ်သွားတယ်။ သူကတော့ သူရဘွဲ့တွေ ဘာတွေရတာပေါ့။ ကျနော်တို့ အလွန်မုန်းတီးတဲ့ ဘိန်းဘုရင်၊ ကျနော်တို့သူငယ်ချင်းတွေ၊ ရဲဘော်တွေ၊ ဆရာတွေ၊ အရာရှိတွေကို ရက်စက်စွာ ပြန်လည်သတ်ဖြတ်ခဲ့တဲ့ ဘိန်းဘုရင်ကို သိပ်မကြာခင်မှာဘဲ ကျနော်တို့ရဲ့ ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် စစ်အာဏာရှင်တစ်စုက ဦးခွန်ဆာလို့ နာမည်တပ်ပြီး သူကောင်းခေါ်ပြုလိုက်တယ်။
ကျနော်တို့ရဲ့ ဆရာတွေ၊ အရာရှိတွေကတော့ ပြတ်သွားလား ဘာမှလုပ်လို့ မရတော့ဘူးလား၊ ထွက်ခွင့်ပေးတယ်။ ကန်းသွားလား ထိုနည်းလည်းကောင်း၊ အဲဒီထက် ဆိုးရွားစွာ လုပ်ပစ်လိုက်တာကိုတော့ အံ့သြလို့ မဆုံးဘူးဗျာ။ ကျနော်တို့ အဲဒီစစ်ဆင်ရေး (၆) လကျော်မှာ ထမင်းငတ်ခဲ့ပေါင်း မနည်းပါဘူး။ ဓညင်းသီးဘဲ စားခဲ့ရတဲ့ ရက်ပေါင်းမနည်းပါဘူး။ ခေါက်ဆွဲခြောက်တစ်ထုပ်ကို ၂ ယောက် စားခဲ့ရပေါင်းလည်း မနည်းပါဘူး။ ကျနော်တို့ကို ခုနလို သက်မဲ့ ဂုဏ်ပြုလွှာတွေ ဘာတွေ ပေးပြီးတော့ ကန်ထုတ်ရက်တဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ တပ်မမှူးကြီးတွေ အားလုံးကို တော်တော် ရွံ့ရှာမိသွားပါတယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ နောက်တန်း ပြန်ဝင်ကြရပါတယ်။
ကျနော်ဟာ သင်တန်းဆင်းပြီး (၈) လအကြာမှာ ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့လို့ လူသစ်တွေထဲမှာ တစ်ယောက်ထဲသီးသန့် ဒုတပ်ကြပ်ဆိုတဲ့ အဆင့်ကို ရရှိခဲ့ပါတယ်။ တချို့ဆို ရှေ့တန်း (၁၀) ခေါက်လောက်ထွက်ပြီးသွားပြီ၊ ဒုတပ်ကြပ် မကပ်ကြသေးဘူး။ တချို့ဆို မဖားတတ်ကြဘူး၊ အဲလိုတွေပေါ့နော်။ ကျနော် နောက်တန်းရောက်တော့လည်း တပ်ရင်းရုံးမှာဘဲ နေရပါတယ်။ အဲဒီလိုနေရင်း ရွက်ဟောင်းတွေလည်းကြွေ ရွက်သစ်တွေလည်း ဝေပေါ့။ ဒါပေမဲ့ ကျနော်တို့ စစ်သားတွေကတော့ အဲလိုမဟုတ်ပါဘူး။ ဖရုံညွှန့်တွေကြွေ ဖရုံသီးတွေဝေပေါ့။ စစ်အာဏာရှင်ကြီးတွေ ဖရုံသီးဖြစ်ဖို့ ကျနော်တို့ စစ်သားတွေက ဖရုံညွန့်တွေလို ကြွေကြရတာပါ။
အပိုင်း (၆) ကို နောက်တစ်ပတ် ဆက်လက် တင်ပြသွားပါမယ်ခင်ဗျား။