ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ – အပိုင်း(၅)

ဆောင်းပါး
မင်းဟန်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 12:35 – မြန်မာစံတော်ချိန်

(၂၄ )

KNU ဥက္ကဋ္ဌတဦးအဖြစ် သူ တာဝန်မယူမီ ကာလများအတွင်း အုပ်စိုးသူအာဏာရှင် အစိုးရအဖွဲ့များနှင့် ၃ ကြိမ်တိုင်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့၏။

၁၉၄၉ …..

၁၉၆ဝ …..

၁၉၆၃ ….. နှစ်များတွင် ဖြစ်၏။

ပထမအကြိမ် ဆွေးနွေးပွဲကား .. ကရင့်အမျိုးသား လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး ၆၄ ရက် အကြာတွင် ဖြစ်သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက အင်းစိန်ကို သိမ်းထား၏။ ဦးနု၏ ဖဆပလအစိုးရကား … ရန်ကုန်အစိုးရဟူ၍ ဝိဂြိုဟ်ပြုခံနေရသည့် အချိန်ဖြစ်သည်။ ၁၉၄၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဦးနုက စောဘဦးကြီးထံသို့ စာပို့၏။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာဖြစ်သည်။ ရန်ကုန်ရှိ ဗြိတိန်သံအမတ် Mr .Broke ၊ အိန္ဒိယသံအမတ် Dr. Rauf ၊ ပါကစ္စတန် သံအမတ် Mr. M.D Ali နှင့် ခရစ်ယာန် ဘုန်းတော်ကြီး ဘီးရှော့ West တို့က အကျိုးဆောင်များကဲ့သို့ ပါကြ၏။
ဧပြီလ ၅ ရက်နေ့တွင် စောဘဦးကြီး၊ မန်းဂျိန်း(စ်) ထွန်းအောင်နှင့် စောဘဲလေတို့ ရန်ကုန်အစိုးရနှင့် တွေ့၏။ ရန်ကုန်အစိုးရအဖွဲ့မှ ဦးနု၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်နေဝင်းနှင့် ဦးချန်ထွန်းတို့ ဆွေးနွေးပွဲ တက်ရောက်သည်။

ဆွေးနွေးပွဲက …..

၁။ ကရင်အမျိုးသားများအရေးနှင့် ပတ်သက်၍ ဆာဘဦး၏ “ကို့မစ်ရှင်“က စီစဉ်ဆောင်ရွက်သွားမည်။

၂။ အပစ်အခတ်ရပ်စဲ၍ လက်နက်အပ်ရန်၊… ဟူ၍ (ဖ.ဆ.ပ.လ) အစိုးရက ဆွေးနွေး၏။

ဦးနု၏ အဆိုပြုချက် ၂ ရပ်ကို စောဘဦးကြီးသည် သဘောတူလက်မှတ် ရေးထိုးခဲ့၏။ ဆွေးနွေးပွဲပြီးနောက် စောဘဦးကြီးက အင်းစိန်တွင် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကရင်ခေါင်းဆောင်များကို ပြန်လည်၍ ရှင်းပြသည်။

ဖဆပလ၏ တောင်းဆိုချက်က “လက်နက်ချရေး“ ဖြစ်၍ အင်းစိန်ရှိ ကရင်ခေါင်းဆောင်များက သဘောမတူကြ။ နောက်တနေ့တွင် မန်းဘဇံကို ဦးနုနှင့် ထပ်မံ၍ တွေ့ဆုံဆွေးနွေးရန် စေလွှတ်၏။ မန်းဘဇံသည် ထိုစဉ်က KNDO ၏ ခေါင်းဆောင်တဦးဖြစ်ပြီး ပဆပလက KNDO ကို မတရားအသင်း ကြေညာထား၏။

ဧပြီလ ၆ ရက်နေ့တွင် မန်းဘဇံ ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးနုတို့ တွေ့ဆုံကြပြန်၏။ “ကရင်အမျိုးသားများ၏ အဓိကလိုအပ်ချက်မှာ ကရင်ပြည်သာ ဖြစ်၏။ အပစ်အခတ်ရပ်စဲစဉ် ကရင်ပြည် ရရှိရေးကိစ္စကိုသာ ဆွေးနွေးသွားရန်“ မန်းဘဇံက ဦးနုထံ တင်ပြသည်။ ဖဆပလ ခေါင်းဆောင်များက မန်းဘဇံ၏ ဆွေးနွေးချက်ကို လက်မခံ….။ အပစ်ရပ်ပြီး လက်နက်ချရေးကိုသာ တောင်းဆို၏။ ကော်သူးလေက လက်မခံနိုင်…..။ ဆွေးနွေးပွဲက ပျက်လေ၏။

(၂၅)

၁၉၆ဝ၊ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲများက ဗိုလ်နေဝင်းနှင့် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

၁၉၆ဝ တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် အိမ်စောင့်အစိုးရ အာဏာ ရယူထား၏။ ၁၉၆ဝ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဗိုလ်အောင်ကြီးက အိမ်စောင့်အစိုးရကိုယ်စား KNUP သို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။ KNUP မှ အိမ်စောင့်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဗိုလ်ချုပ်ကော်ထူး၊ (ဗိုလ်ချုပ်ကျော်မြသန်း) စကောလယ်တော၊ ပဒိုဖိုညော၊ ဗိုလ်ကျင်ဖေနှင့် ဗိုလ်မြစိန်တို့ ရန်ကုန်သို့ သွားခဲ့၏။ အိမ်စောင့်အစိုးရမှ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေနှင့် လေ့လာသူများအဖြစ် ဗိုလ်ဘဖြူ၊ ဗိုလ်စံကြည်၊ ဗိုလ်စိန်လွင်တို့ ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) တို့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ကရင်ပြည်နယ်ပေးရန် တောင်းဆို၏။ အိမ်စောင့်အစိုးရက ….. ကရင်ပြည်နယ်အရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ကိစ္စဖြစ်၍ အိမ်စောင့်အစိုးရအနေနှင့် ကျော်လုပ်၍ မရ….။ မိမိတို့ မတတ်နိုင်….။ ကိစ္စက ပြတ်ပြီ။ အိမ်စောင့်အစိုးရနှင့် နိုင်ငံရေးပြဿနာကို ဆွေးနွေး၍ မရ….။ ထားတော့….။ လက်နက်ကိုင်တပ် ကိစ္စ ဆွေးနွေးကြပြန်၏။ အိမ်စောင့်အစိုးရက….

`စတိ` လက်နက်ချရမည်။ ပြီးလျှင် …. အရည်အချင်း ပြည့်မီသူများကို တပ်မတော်ထဲတွင် (S.P.R) ကဲ့သို့၊ (Karen Rifle) ကဲ့သို့ တပ်များ ဖွဲ့ပေးမည်။ နိုင်ငံရေးအရ ဆွေးနွေးမှုမရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အနှစ်သာရ မရှိ။ ၄ ကြိမ်မျှ နှစ်ဖက် တွေ့ဆုံပြီးသည့်တိုင် တိုးတက်မှုက မရှိ…..။ ဆွေးနွေးပွဲက ပျက်သွားခဲ့၏။

(၂၆)

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် ဖဆပလအစိုးရထံမှ အာဏာ သိမ်းပိုက်ယူ၏။ အာဏာသိမ်း တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အင်အားစုများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။

ထိုစဉ်က …. ကရင့်တော်လှန်ရေး အင်အားစုများအတွင်း၌ စောဟန်တာသာမွှေး ဦးဆောင်သည့် ကရင့်တော်လှန်ရေး ကောင်စီ (KRC) နှင့် မန်းဘဇံ ခေါင်းဆောင်သည့် KNUP ဟူ၍ ၂ ဖွဲ့ ကွဲနေ၏။ KNUP သည် ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) အနေဖြင့် ဆွေးနွေးခဲ့၏။ (မဒညတ) ၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ချင်းဦးစီးအဖွဲ့၊ KNUP ၊ NMSP နှင့် KNPP ပါဝင်သည်။

တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးမည့် (မဒညတ) ကိုယ်စားလှယ်အဖွဲ့တွင် မန်းဘဇံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး သခင်တင်ထွန်း (ဗမာပြည်ကွန်မြူနစ်ပါတီ) က အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ တော်လှန်ရေး ကောင်စီဘက်မှ …. ဗိုလ်နေဝင်း၊ ဗိုလ်စောမြင့်၊ ဗိုလ်ကျော်စိုး၊ ဗိုလ်လှဟန်၊ ဗိုလ်သောင်းဒန်၊ ဗိုလ်ချစ်ခင် ပါဝင်သည်။ ရန်ကုန်မြို့တွင်ပင် ဆွေးနွေးပွဲ ပြုလုပ်၏။ ၁၉၆၃ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ အတွင်း နှစ်ဖက်ကိုယ်စားလှယ်များ ၆ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ တော်လှန်ရေး ကောင်စီက….အချက် ၅ ချက် တောင်းဆို၏။

(၁) တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ဝင်အားလုံးသည် စစ်အစိုးရက သတ်မှတ်ထားသော နေရာတွင် လာရောက်စုစည်း နေထိုင်ရန်၊ ၎င်းတို့ကို နေရာထိုင်ခင်း၊ စားရေးသောက်ရေးနှင့် လုံခြုံရေး တာဝန်ယူမည်။

(၂) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် စည်းရုံးရေးလုပ်ငန်းများ မလုပ်ရ။

(၃) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် အုပ်ချုပ်ရေးလုပ်ငန်းများ မလုပ်ရ။

(၄) အပြင်ထွက်လိုပါက ခွင့်တောင်းရမည်။

(၅) လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံး စခန်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

တောင်းဆိုချက်များက တဖက်သတ်နိုင်လွန်းလှ၏။ (မဒညတ) အနေနှင့် လက်ခံ၍ မရ….။ အလျှော့အတင်း၊ အပေးအယူ ရှိမှသာ ဆွေးနွေးပွဲက ရလဒ်ကောင်းရရန် ရှိမည်။ ယခုမူ….။ တော်လှန်ရေး ကောင်စီသည် တဖက်သတ် တောင်းဆိုမှုများကို တောင်းဆိုပြီး ဆွေးနွေးပွဲကိုလည်း တဖက်သတ်ပင် ရပ်စဲပစ်လိုက်၏။

၁၉၆၃ ခု၊ နိုဝင်ဘာလ ၁၄ ရက်၊ ည ၉ နာရီတွင် တော်လှန်ရေးကောင်စီမှ တွေ့ဆုံဆွေးနွေးပွဲ ဖျက်သိမ်းကြောင်း ကြေညာ၏။

(၂၇)

ထိုသို့သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည့် အချိန်၌ သူသည် တပ်မှူးတဦးမျှသာ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင် တယောက်၏ တာဝန်များ သူ့၌ မရှိသေး…။ ယခုမူ …. သူသည် KNU ၌ ဥက္ကဋ္ဌ တာဝန် ယူထားရ၏။ ကရင့်အမျိုးသားများ အရေးကို ဆောင်ရွက်ရာတွင် သူ့တွင် တာဝန်အရှိဆုံး….။ အဖိနှိပ်ခံ ကရင်အမျိုးသားများ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သည့် ကော်သူးလေပြည်သစ်ကို ထူထောင်နိုင်ရေးအတွက် … ၄၅ နှစ်တိုင်တိုင် သူ စစ်တိုက်ခဲ့၏။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများတပွဲပြီးတပွဲ သူ ဆင်နွှဲခဲ့၏။ ပြီးလျှင် …. ထိုထိုသော ငြိမ်းချမ်းရေးအတွက်ပင် သူသည် ရန်သူနှင့် စကားပြောရမည်။ စစ်မြေပြင်တွင် စီးချင်းထိုး၍ ငြိမ်းချမ်းရေး ရှာသကဲ့သို့၊ စားပွဲဝိုင်းတွင် ဆွေးနွေးခြင်းဖြင့်လည်း ငြိမ်းချမ်းရေး ရှာရမည်ကို သူ သဘောပေါက်၏။ သို့သော် …. ဖြစ်သန်းမှုအသိအရ …. ရန်သူစစ်အုပ်စုကို လက္ခဏာပိုင်းဖြတ်ပြီးသား ဖြစ်၏။ သို့သော် …. တွေ့ဆုံဆွေးနွေးရေး တံခါးကိုမူ သူ မပိတ်ထားခဲ့ ….။

၈၈ …. အာဏာသိမ်း စစ်အုပ်စုသည် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ ခေါ်သည့်နည်းနှင့် တွေ့ဆုံမှုများ မပြုလုပ် ……။ တဖွဲ့ချင်းဆီသို့ “အောင်သွယ်တော်“ များ လွှတ်၍ “နားသွင်း“သည့်နည်းနှင့် တိုးတိုးတိတ်တိတ် `စ`၏။

၁၉၉၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နေ့စွဲနှင့် နဝတဥက္ကဋ္ဌထံသို့ သူ လက်မှတ်ထိုးပြီး စာတစောင်ပေးပို့ခဲ့၏။ စာတွင် အချက် ၄ ချက် ပါ၏။

(၁) တွေ့ဆုံဆွေးနွေးရေးကို တဖွဲ့ချင်း ခွဲခြားမပြုလုပ်ဘဲ တပ်ပေါင်းစုနှင့် ပြုလုပ်ရန် အတိအကျအားဖြင့် တခုလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာမှု ဖြစ်စေရန်အတွက် မဟာမိတ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်နှင့် နဝတအကြား တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်။

(၂) တွေ့ဆုံဆွေးနွေးရေးကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ပြည်ပနိုင်ငံတခုခုတွင် ပြုလုပ်ကြရန်။

(၃) တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂ၏ ကြီးကြပ်မှုတခုခုတွင် ပြုလုပ်ရန်။

(၄) ထိုတွေ့ဆုံဆွေးနွေးပွဲကို သတင်းနှင့် စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ ထိတွေ့နိုင်သည့် အခြေအနေတွင် လွတ်လပ်ပွင့်လင်းစွာ ပြုလုပ်ကြရန် ဟူ၍ ဖြစ်သည်။

နဝတမှ မည်သို့မျှ အကြောင်းမပြန်။ နှာစေး၍ နေ၏။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် ခွန်မြတ်၊ ပါမောက္ခဟောင်း စောထွန်းအောင်ချိန်တို့အဖွဲ့ သူနှင့် လာတွေ့၏။ ထိုသူတို့ကား နဝတမှ လွှတ်လိုက်သည့် အကျိုးဆောင်များဖြစ်၏။

နဝတနှင့် KNU တွေ့ဆုံဆွေးနွေးရေးအတွက် ပြင်ဆင်ရန် ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့ကို KNU မှ စေလွှတ်သည်။ ပဒိုခလိစေး ခေါင်းဆောင်သည့် ပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့တွင် ပဒိုစတိလ၊ စောနေစိုး၊ စောဗစ်တယ်၊ စောတီးထူ၊ စောမင်းထူးနှင့် မန်းချစ်ဝင်း ပါဝင်၏။

KNU ၏ ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာချုပ်၌ နဝတကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးကြ၏။ KNU မှ ပြင်ဆင်မှုဆိုင်ရာ အချက် ၁၁ ချက် တင်ပြ၏။

(၁) ကိုယ်စားလှယ်များ၏ အဆင့်အတန်းနှင့် ဦးရေကို သတ်မှတ်ရန်

(၂) အချိန်နှင့် နေရာ

(၃) အကြိုနေ့တွင် တွေ့ဆုံမည့်အကြောင်း သတင်းထုတ်ပြန်ချက်

(၄) အကျိုးဆောင်များ တက်ရောက်ခွင့် ပြုရန်

(၅) ဗီဒီယို၊ ကင်မရာ၊ အသံဖမ်းခြင်းကို ခွင့်ပြုရန်

(၆) တွေ့ဆုံပြီးစီးသည့် အချိန်တိုင်း သတင်းစာရှင်းလင်းခွင့် ပြုရန်

(၇) KNU ကိုယ်စားလှယ်နှင့် ဗဟို (က/န) ဆက်သွယ်ခွင့် ပြုရန်

(၈) လုံခြုံရေးကို နဝတမှ တာဝန်ယူရန်

(၉) ဆွေးနွေးပွဲ အတွင်း၊ အပြင် ခြိမ်းခြောက်မှု သဘောဆောင်သော လုပ်ရပ်များ မရှိစေရန် စီမံဆောင်ရွက်ရန်

(၁ဝ) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း KNU ကိုယ်စားလှယ်များ တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်

(၁၁) တွေ့ဆုံပြီးသည့်အခါ၊ အစမှ အဆုံးအထိ မှတ်တမ်းများကို တိုင်းပြည်သို့ ရုပ်သံလွှင့်ဌာနမှ အသံလွှင့် ကြေညာရန်

KNU ကိုယ်စားလှယ်အဖွဲ့မှ တင်ပြညှိနှိုင်းသည့် အချက် ၁၁ ချက်မှ နဝတ သည် ၂၊ ၃၊ ၆၊ ၁ဝ အချက်များကို ငြင်းပယ်၏။ အထူးသဖြင့် အချက် ၁ဝ တွင် တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အရေး ခါးခါးသီးသီး ငြင်းဆန် ပယ်ချခဲ့၏။

စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှု၏ အစပျိုးမှုက ……`စ` ကတည်းက ယဉ်သကို….ဟူ၍ ဆိုရလေပြီ။ မတတ်နိုင်။

(၂၈)

KNU အနေဖြင့် “လွတ်လပ်စွာ လုပ်ဆောင်နိုင်သည့် သီးခြားသော အခြေအနေများတွင် လုပ်ဆောင်သွားရန်“ ဟူ၍ သဘောထားချပြီး အဆင့်မြင့် တွေ့ဆုံနိုင်ရေးအတွက် ပြင်ဆင်လုပ်ဆောင်ခဲ့၏။ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်တွင်ပင် ပြုလုပ်၏။ KNU ဘက်မှ ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်ပြီး နဝတ ဘက်မှ ဗိုလ်မှူးကြီးကျော်သိန်း ဦးဆောင်၏။ အကျိုးဆောင်များဖြစ်သည့် ခွန်မြတ်၊ အေးစိုးမြင့်၊ ပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်တို့လည်း တက်ရောက်ကြသည်။

KNU မှ အချက် ၁၂ ချက်ကို တင်ပြ၏။

(၁) တပြည်လုံး အပစ်အခတ် ရပ်ဆိုင်းထားရေးကို နဝတ ဘက်မှ တိုင်းသိပြည်သိ ထုတ်ပြန်ကြေညာရန်

(၂) နဝတ ၏ ထိုးစစ်ဆင်တပ်များကို ဖြည့်ပေးနေမှု၊ လက်နက်ကြီးများ ရှေ့တန်းသို့ ပို့ဆောင်မှုများကို ရပ်ဆိုင်းထားရန်

(၃) ထိုးစစ်အတွက် အသုံးပြုသည့် လမ်းများ ဆက်လက်ဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများကို ရပ်ဆိုင်းထားရန်

(၄) တပ်သားသစ်များ ခေါ်ယူခြင်း၊ ပေါ်တာဆွဲခြင်း၊ ကင်းသမား ခေါ်ယူခြင်း၊ လုပ်အားပေး ခေါ်ယူခြင်းများ ရပ်ဆိုင်းထားရန်

(၅) လူထုအပေါ် ပေါ်တာကြေး တောင်းခံမှုမျိုးစုံနှင့် လူထု၏ ရိက္ခာပစ္စည်းများ တောင်းခံမှုမျိုးစုံ ရပ်ဆိုင်းပစ်ရန်

(၆) လူထုကို အဓမ္မရွှေ့ပြောင်းခြင်း မပြုရေးနှင့် ရွှေ့ပြောင်းခံရသည့် လူထုများ ထွက်ပြေးတိမ်းရှောင်နေရသည့် လူထုများ မိမိကျေးရွာသို့ လုံခြုံစွာ ပြန်လည်နေထိုင်စေခြင်းများ ပြုလုပ်ရန်

(၇) လိုအပ်သည့် သွားလာမှုများကို ပြုလုပ်သည့်အခါတွင် တဖက်နှင့် တဖက် သတင်းပို့ကြရန်

(၈) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားသည့် ကာလအတွင်း KNU အနေနှင့် မိမိအမျိုးသားများနှင့် လွတ်လပ်စွာ ဆက်သွယ်နိုင်ရမည်။

(၉) အပစ်အခတ် ရပ်ဆိုင်းထားသည့် ကာလအတွင်း ပေါ်ပေါက်လာသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီများ ဖွဲ့စည်းထားရမည်။

(၁ဝ) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားခြင်းကို စောင့်ကြည့်လေ့လာရန်အတွက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ကုလသမဂ္ဂ အဖွဲ့ချုပ်မှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ထားရှိရမည်။

(၁၁) အပစ်အခတ် ရပ်ဆိုင်းထားပြီး တွေ့ဆုံဆွေးနွေးသည့် ကာလတွင် နဝတတို့ ဖမ်းဆီးထားသည့် မန်းရင်စိန်နှင့် KNU အဖွဲ့ဝင်များ ကရင်အမျိုးသားများ ပြန်လွှတ်ပေးရန် လိုအပ်သည်။

(၁၂) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားရေး သဘောတူညီချက်ကို နှစ်ဦးနှစ်ဖက် ထုတ်ပြန်ကြေညာပြီး ပြည်တွင်းငြိမ်ချမ်းရေးဆိုင်ရာ အခြေခံပြဿနာများကို စတင်ရန်

KNU ၏ တင်ပြချက်များမှ အချက် ….. ၁၊ ၃၊ ၈၊ ၁ဝ နှင့် ၁၂ ကို လက်မခံနိုင်ကြောင်း နဝတ က ငြင်း၏။ ပြီးလျှင် …… အချက်အမှတ် ၂၊ ၄၊ ၅၊ ၆၊ ၇၊ ၉၊ ၁၁ နှင့် ပတ်သက်၍မူ KNU အနေနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီးမှသာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး၏။

ဤပုံစံမှာ အပစ်အခတ် ရပ်စဲပြီးဖြစ်သည့် လူမျိုးစုအဖွဲ့များနှင့် လုပ်ဆောင်ခဲ့သည့် MODEL ဖြစ်ကြောင်းလည်း နဝတက ဆိုသည်။

(၂၉)

KNU နှင့် နဝတ အကြား ကွာဟသည့် သဘောထားများကို ထပ်၍ ဆွေးနွေးရန်အတွက် နောက်တပတ်တွေ့ရန် သဘောတူကြ၏။ နဝတ နှင့် KNU တတိယအကြိမ် ထပ်မံ၍ တွေ့ဆုံကြပြန်သည်။ တတိယအကြိမ် တွေ့ဆုံရာ၌ …. KNU ၏ ကိုယ်စားလှယ်အဖွဲ့ဘက်မှ –

ဗိုလ်ချုပ်ကြီး တာမလာဘော အဖွဲ့ခေါင်းဆောင်

ပဒိုဒေးဗစ်ထော ဒု – အဖွဲ့ခေါင်းဆောင်

ပဒိုမန်းရှာ လားဖန်း ။

စောသမိန်ထွန်း အဖွဲ့ဝင်

မန်းအောင်တင်မြင့် ။ ပါဝင်ကြပြီး နဝတ ၏ ကိုယ်စားလှယ်အဖွဲ့မှ …..

ဗိုလ်မှူးကြီး ကျော်ဝင်း

ဗိုလ်မှူးကြီး ကျော်သိန်း

ဗိုလ်မှူးချုပ် အောင်သိန်း

ဒု-ဗိုလ်မှူးကြီး စန်းပွင့်

ဒု-ဗိုလ်မှူးကြီး မျိုးမြင့် တက်ရောက်ကြ၏။

ထုံးစံအတိုင်း အကျိုးဆောင်တို့သည်လည်း ပါဝင်တက်ရောက်ကြသည်။ ၁၉၉၆ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ဆွေးနွေးကြသည်။ KNU မှ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ တင်ပြခဲ့သည့်အချက် ၁၂ ချက်နှင့် ပတ်သက်၍ မရှင်းသည်ကို ထပ်၍ မေးမြန်း၏။

နှစ်ဖက် အပစ်အခတ် ရပ်ပြီးနောက် …. တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဆွေးနွေးကြရာတွင် အချိန်နှင့် နေရာကို KNU မှ တိတိကျကျ သိလို၏။ အမျိုးသားညီလာခံနှင့် ပတ်သက်၍ အမျိုးသားညီလာခံသည် တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းလား ….. ဟူ၍ မေးခွန်းများ ထုတ်၏။

KNU ၏ ဆွေးနွေးချက်များကို နဝတ က …. နိုင်ငံရေးပြဿနာကို နောက်လာမည့် အစိုးရကသာ ဖြေရှင်းသွားမည်ဖြစ်၏။ အမျိုးသား ညီလာခံသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းမဟုတ်၊ အနာဂတ် နိုင်ငံရေး အခြေခံအုတ်မြစ်ကို ချနေခြင်းသာ ဖြစ်၏။ KNU အနေနှင့် “လက်နက်ကိုင်လမ်းစဉ်ကို စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း“ ဟူသည့် ဝေါဟာရအသုံအနှုန်းကို မကြိုက်လျှင် …. စကားလုံး အသုံးအနှုန်း ပြောင်းနိုင်သည်။ အနှစ်သာရကမူ “လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း“ အတိုင်း ရှိစေရမည် ဟူ၍ ပြည်လည်ရှင်းလင်းဖြေကြား၏။ နှစ်ဖက် ဆွေးနွေးပွဲက ရှေ့မတိုး…..။ နောက်တကြိမ် ထပ်တွေ့ရန် သဘောတူကြပြီး တတိယအကြိမ် ဆွေးနွေးပွဲ ရပ်လိုက်၏။

(၃ဝ)

စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စ၏။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင်ပင် ကျင်းပခဲ့၏။ KNU မှ ဗိုလ်ချုပ်ကြီး တာမလာဘောနှင့် ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်၍ ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ယခင်တင်ပြခဲ့သည့် အဆိုပြုချက် ၁၂ ချက်ကို ဆက်လက်၍ မဆွေးနွေးတော့ဘဲ အဆိုပြုချက်အသစ် တင်ပြဆွေးနွေး၏။ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆိုပြုချက် ၃ ချက် ဖြစ်သည်။

(၁) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ – နဝတနှင့် ကရင်အမျိုးသား အစည်းအရုံး – KNU အကြား ပြဿနာများကို လက်နက်ကိုင် တိုက်ခိုက်နည်းဖြင့် ဖြေရှင်းခြင်း မပြုကြရန်နှင့် အပစ်အခတ် ရပ်စဲထားရန်။

(၂) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားပြီးနောက် ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး၊ ရေရှည်ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးအတွက် နဝတနှင့် KNU အကြား ဆက်လက်၍ ဆွေးနွေးသွားကြရန်။

(၃) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားကြရန်အတွက် နှစ်ဖက်တပ်များ၏ လိုက်နာရမည့် အချက်များ ညှိနှိုင်းသတ်မှတ်ကြရန် ……. ဟူ၍ ဖြစ်သည်။ KNU ၏ တင်ပြချက် ၃ ရပ်ကို နဝတ ၏ ကိုယ်စားလှယ်အဖွဲ့သည် သူတို့၏ ခေါင်းဆောင်များထံသို့ ဆက်လက် တင်ပြ၏။ နဝတ ခေါင်းဆောင်များက KNU ၏ တင်ပြချက် ၃ ရပ်နှင့် ပတ်သက်၍ ဤသို့ အကြောင်းပြန်ခဲ့သည်။

KNU အနေဖြင့်…..

(၁) လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းနှင့် တရားဝင် ထုတ်ပြန်ကြေညာခြင်း ပြုရန်

(၂) အပစ်အခတ် ရပ်ဆိုင်းထားရန်

(၃) တပ်နေရာချထားမှု ညှိနှိုင်းသတ်မှတ်ရန်

(၄) နယ်မြေဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်

(၅) နိုင်ငံရေးနှင့် ပတ်သက်ပြီး အမျိုးသားညီလာခံတွင် တတ်ရောက်လေ့လာရန်

(၆) အခြေခံဥပဒေ ပေါ်ပေါက်ပြီးပါက လက်နက် အပြီးအပိုင် စွန့်လွှတ်ပြီး တရားဝင် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ပြုရန် – ဟူသည့် အဆင့် ၆ ဆင့် ချပြ၏။ အဆင့် ၆ ဆင့်၏ အနှစ်သာရက ….“လက်နက်ကိုင်လမ်းစဉ်ကို စွန့် …. ဥပဒေဘောင်အတွင်း အရင်ဝင်“ ဟူ၍ ဖြစ်နေ၏။ KNU နှင့် နဝတ တွေ့ဆုံဆွေးနွေးပွဲက နောက်ဆုံးတွင်မူ နဝတ ၏ ရပ်ခံချက်အပေါ်၌သာ အဆုံးသတ်၍ နေ၏။

ကိုးကား …

– စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်

– ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ် စာစောင် (အမှတ် ၁ မှ ၇ အထိ)

– ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး

– ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်း မှတ်စုများ

– အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)

– ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

– သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ – ၅)

– BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်

– သနူထူး ဂျာနယ်များ

– ကရင့်သတင်းစဉ်

– KNU နှင့် နဝတ အကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU၏ ရှင်းလင်းချက် စာတမ်း

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s