Oxyped ဟုခေါ်သော အကိုက်အခဲပျောက်ဆေးတစ်မျိုးကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူသောက်သုံးနေကြခြင်းကြောင့် အစာအိမ်သွေးကြောများထိခိုက်သော အရေးပေါ်လူနာအများအပြားရှိလာကြောင်း အထွေထွေရောဂါကုဆရာဝန်များထံမှ သိရသည်။
ယင်းဆေးကို မြို့နယ်၊ ရပ်ကွက်များရှိ ဆေးဆိုင်ငယ်များ၊ ကွမ်းယာဆိုင်များတွင် လွယ်ကူစွာဝယ်ယူကြပြီး တချို့ရောင်းချသူများသည် အကိုက်အခဲပျောက်ဆေးဆိုပါက ယင်းဆေးကိုပင်ရောင်းချကြသဖြင့် အစာအိမ်ရောဂါရှိသူ လူနာများမှာ အစာအိမ်ထိခိုက်ခြင်းများဖြစ်ခြင်း ဖြစ်သည်ဟုသိရသည်။ Oxyped ဆေးသည် သာမန်အကိုက်အခဲပျောက်ဆေးတွင်ပါဝင်သော ပါရာစီတမောလ်ထက်ပြင်းထန်သည့် Diclofenic ပါဝင်၍ အကိုက်အခဲ ပျောက်သော်လည်း အစာအိမ်ရောဂါအခံရှိသူများနှင့် မတည့်ခြင်းဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။
“အကိုက်အခဲပျောက်ဆေးဆိုတာနဲ့ ဆေးရောင်းတဲ့သူတွေက လွယ်လွယ်ကူကူ Oxyped ပဲပေးတယ်။ နားမလည်တဲ့လူတချို့ကလည်း ဒီဆေးကို ပဲလှော်စားသလိုကိုစားတာ၊ အကိုက်အခဲပျောက်ဆေးတိုင်းက လူကိုအန္တရာယ်ဖြစ်စေတဲ့အတွက် ဆေးအာနိသင်သေသေချာချာမသိဘဲ ရမ်းသောက်လို့မရဘူး။ အကောင်းဆုံးကတော့ ဆေးဆိုင်တွေမှာဆေးစပ်ခိုင်းပြီး မသောက်ဖို့ပါပဲ။တချို့ဆို ဆေးတစ်ခွက်ထဲမှာ အကိုက်အခဲ ပျောက်ဆေးချည်းပဲ သုံးမျိုးပါနေတာတွေ့ရတယ်။ ရောဂါကတော့ ဆေးတစ်ခွက်တည်းနဲ့ပျောက်သွားမှာပဲ။ ဘာမှမဖြစ်ရင်ပေါ့လေ။ ဖြစ်ရင်တော့လည်း မလွယ်ဘူး” ဟု ဒေါပုံမြို့နယ်အတွင်းတွင် ဖွင့်ထားသောဆေးခန်းမှ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကရှင်းပြသည်။ တချို့ဆေးဆိုင်များသည် တားမြစ်ထားသော ROMELLA ကဲ့သို့ ချောင်းဆိုးပျောက်ဆေးရည် အနာကျက်မြန်သည်ဟူသော အယူအဆမှားဖြင့် လိမ်းကြသော တီဘီဆေးတောင့်များ ရောင်းချနေခြင်းရှိကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရသည်။ တချို့ဆေးဆိုင်ကြီးများတွင်မူ Oxyped၊ ချောင်းဆိုးပျောက်ဆေးများ၊ တီဘီဆေးတောင့်များ မရောင်းပါဟူသော စာများရေးသားချိတ်ဆွဲထားကြောင်းသိရသည်။