သတ်မှတ်ထားသည့် လုပ်အားခ ပေးရန် တောင်းဆိုသော မြန်မာအလုပ်သမားများ အလုပ်ထုတ်ခံရ
| Wednesday, 23 February 2011 00:00 |
အလုပ်ထုတ်ပယ် ခံခဲ့ရသည့် အလုပ်သမားများ
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ အဲယားကွန်းနှင့် လေပိုက် ထုတ်လုပ်သည့် စက်ရုံမှ မြန်မာ အလုပ်သမားများက နယ်မြေအလိုက် သတ်မှတ်ထားသည့် နေ့တွက် လုပ်အားခပေးရန် တောင်းဆိုသဖြင့် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။ SPB-ENGINEERING 156M. 4. T. PHAYOM.A.WaNGNOI. Ayutthaya စက်ရုံမှ အလုပ်သမား(၁၀)ဦးသည် စက်ရုံ မန်နေဂျာထံတွင် နယ်မြေအလိုက် သတ်မှတ်ထားသည့် နေတွက် လုပ်အားခ တနေ့လျှင် (၂၁၅)ဘတ်နှုန်း ပေးရန် ပြီးခဲ့သည့် သောကြာနေ့က တောင်းဆိုခဲ့သည်။ စက်ရုံမှ တာဝန်ရှိသူများက မည်သို့မှ အကြောင်း မပြန်သဖြင့် တနင်္လာနှင့် အင်္ဂါနေ့များတွင် အလုပ်မဆင်းပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ယနေ့ နေ့လည် (၁၂)နာရီတွင် အလုပ်ရှင်နှင့် လက်ထောက် မန်နေဂျာက ဆန္ဒပြ အလုပ်သမားများ၏ ယာယီ ပတ်စ်ပို့များကို သိမ်းဆည်းကာ ထိုင်းဘာသာဖြင့် ရေးထားသော စာရွက်များပေါ်တွင် လက်မှတ်ထိုးခိုင်းပြီး အယုဒ္ဓယ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ ရဲစခန်းရှေ့တွင် လက်ထောက် မန်နေဂျာက ဆန္ဒပြ အဖွဲ့ ခေါင်းဆောင် ကိုအောင်ဇာနည်ကို ခေါင်းဆောင် လုပ်သည်ဟု ဆိုကာ အချက်ပေါင်းများစွာ ကန်ကျောက်သဖြင့် မျက်နှာနှင့် လည်ပင်းများတွင် ဖူးရောင် ဒဏ်ရာများ ရရှိခဲ့သည်ဟု ကိုအောင်ဇာနည်က ပြောပြသည်။ “ကျနော်က ကျနော်တို့ တရားသဖြင့် တောင်းဆိုတာကို မင်း ခေါင်းဆောင်တယ်ဆိုပြီး ရဲစခန်းရှေ့မှာ ခြေထောက်နဲ့ ပိတ်ကန်တာဗျ၊ အလုပ်က ထုတ်ပြီး ကားနဲ့ တင်ပြီး လာပစ်တဲ့ သဘောပါ။ ရဲက ကျနော်တို့ကို မဖမ်းပါဘူး။ စခန်းရှေ့က ကွင်းမှာ ထိုင်းခိုင်းထားတယ်။ နေ့လည် (၃)နာရီမှာ လုပ်အားခ လာရှင်းပေးတယ်” ၎င်းတို့ကို ညနေ (၄)နာရီကျော်တွင် ရဲစခန်းမှ လူဝင်မှု ကြီးကြပ်ရေး(လ၀က) ရုံးသို့ ပို့ခဲ့ကြောင်း၊ လ၀ကရုံးတွင် ယာယီ ပတ်စ်ပို့ စာအုပ်များ ပြန်ပေး ပြီးနောက် ဘတ်စ်ကား ဂိတ်သို့ ပို့ခဲ့ကြောင်း၊ ၎င်းတို အနေဖြင့် ယခုဖြစ်ပျက်ခဲ့သည့် အခြေ အနေများကို စိတ်ပျက် အားငယ်သဖြင့် မြန်မာပြည်သို့ ပြန်ကြမည် ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောကြသည်။ ၎င်းတို့သည် အဆိုပါ အလုပ်ရုံတွင် တနှစ်ကျော် လုပ်ကိုင်ခဲ့ပြီး ဖြစ်သည်။ နေ့တွက် လုပ်အားခ (၁၈၂)ဘတ်နှုန်းဖြင့် ရှစ်လ၊ (၁၈၅)ဘတ်နှုန်းဖြင့် နှစ်လ လုပ်ကိုင်ခဲ့ပြီး ယခု (၁၉၄)ဘတ်နှုန်း ရရှိသည်ဟု သိရသည်။ |
http://www.ghre.org/
အလုပ်ထုတ်ပယ် ခံခဲ့ရသည့် အလုပ်သမားများ

